Breaking News

တိုက်ပွဲတွေ လားရှိုးမြို့ ထဲထိရောက်ရှိလာ၊ စစ်ပွဲရဲ့ သရုပ်သကန် ပိုမိုမြင်တွေ့လာရတဲ့ ရှမ်းမြောက်စစ်ပွဲတွေ

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၃ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၄

တိုက်ပွဲတွေ လားရှိုးမြို့ ထဲထိရောက်ရှိလာ၊ စစ်ပွဲရဲ့ သရုပ်သကန် ပိုမိုမြင်တွေ့လာရတဲ့ ရှမ်းမြောက်စစ်ပွဲတွေ

ဇူလိုင်လဆန်းကတည်းက မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့က တဖွဲ့ဖြစ်တဲ့ MNDAA လက်နက် ကိုင်အဖွဲ့က ဦးဆောင်ပြီး လားရှိုးမြို့ကို သိမ်းယူဖို့ မြို့တဝိုက်က တပ်စခန်းတွေ၊ ကျေးရွာအချို့တွေကတဆင့် လားရှိုးမြို့ကို သိမ်းယူဖို့ ရည်မှန်းချက်ကို အကောင်အထည်ဖေါ်လာနေရာမှာ သီတင်း ပတ် ၂ ပတ်ကျော် ၃ ပတ် နီးပါးရောက်ရှိလာချိန် ဇူလိုင် ၂၃ ရက်နေ့မှာတော့ လားရှိုးမြို့ လူနေရပ်ကွက်တွေနဲ့ မြို့လယ်အထိ တိုက်ပွဲက ရောက်ရှိလာနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့ နောက်ဆုံး တိုက်ပွဲသတင်းတွေ အမျိုးမျိုးပေါ်ထွက်လာရာမှာ လားရှိုးအကျဥ်းထောင် ကို MNDAA တပ်တွေက သိမ်းလိုက်ပြီး၊ အကျဥ်းသား ၃၇၀ ဝန်းကျင် လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပေမယ့် သီးခြားအတည်ပြုနိုင်တဲ့ အနေအထားမရှိသေးပဲ၊ အချို့က အကျဥ်းထောင် သိမ်းယူနိုင်တဲ့ သတင်းက မမှန်ကြောင်း ပြောဆိုကြတာလည်း ရှိနေတာ တွေ့ရပါတယ်။ 

တောင်တွေနဲ့ ချိုင့်တွေထဲ မြို့တည်ထားတဲ့ လားရှိုးမြို့ ဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်လည်း တည်ရှိပြီး ရှမ်းမြောက်ဒေသရဲ့ အချက်အချာအကျဆုံးမြို့၊ နယ်စပ်ကုန်သွယ်ရေးမှာ ပမာဏအများဆုံး ကုန်သွယ်မှုဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး နဲ့ တရားမဝင် စီးပွားရေးတွေ ဖြစ်တဲ့ မူးယစ်ဆေးဝါးလိုလုပ်ငန်းတွေ၊ ရှမ်းမြောက်ဒေသမှာလှုပ်ရှားနေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ ရဲ့ စီးပွားရေး၊ အဆက်အသွယ် စတဲ့ အမျိုးမျိုးသော ရည်ရွယ်ချက်နဲ့ အကျိုးစီးပွားတွေ အတွက် ဝင်ထွက်လှုပ်ရှား ကြတဲ့မြို့တမြို့ဖြစ်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းလတွေမှာတော့ ဆက်သွယ်ရေး ကားလမ်းတွေက တဆက်တစပ်ထည်း လွယ်လွယ်ကူကူ သွားလာလို့မရတော့တဲ့နောက်ပိုင်း လားရှိုးမြို့က အရင်လောက် စည်ကားခြင်း မရှိတော့ပေမယ့် အခုလို မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားလာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ကြပါဘူး။ 

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ၈ လခန့်အကြာမှာတော့ လားရှိုးမြို့ထဲကို တိုက်ပွဲတွေ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ 

လားရှိုးမြို့ ဟာ ရှမ်းမြောက်မှာ လူမျိုးစုတမျိုးထည်း နေထိုင်ကြတဲ့ မြို့မဟုတ်ပဲ ရှမ်း၊ ပလောင်၊ ကချင်၊ ဗမာနဲ့ အခြားသောလူမျိုးစုတွေလည်းနေထိုင်ကြတဲ့မြို့ဖြစ်ကာ ဘာသာရေးအရ ဗုဒ္ဓ ဘာ သာဘုန်းတော်ကြီးကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်း၊ အစ္စလာမ်ဗလီ၊ ခရစ်ယာန် ဘုရားကျောင်း၊ တရုတ်ဘုံကျောင်း နဲ့ အခြား ဘာသာရေးအဆောက်အဦတွေလည်းရှိပြီး လူမျိုးစုအစုံ ယဥ်ကျေးမှုအစုံ ရှိကြတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။ 

အခုရက်ပိုင်းသတင်းတွေထဲ လားရှိုးမြို့ခံတွေ စစ်ဘေးရှောင်ဖို့ထွက်ခွာကြတဲ့ မြင်ကွင်းတွေ၊ သတင်းတွေက ခုချိန်ထိ ဖြစ်ပွားခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေ အနက် အကြီးဆုံးမြို့တမြို့၊ စီးပွားရေးအရ အချက်အချာကြတဲ့ မြို့တမြို့ ကနေ လူတန်းစားအလွှာလွှာ ထွက်ခွာနေကြတဲ့ မြင်ကွင်းတွေက မြင်တွေ့ရသူအဖို့ စိတ်မချမ်းမြေ့စရာ မြင်ကွင်းတွေ ဖြစ်ပါတယ်။ ကားတွေနဲ့ တိမ်းရှောင်ကြသူ အများစုဖြစ်ပေမယ့် ဆိုင်ကယ်လိုမျိုးနဲ့ မိသားစုကို တင်ပြီးတိမ်းရှောင်ကြသူ တွေလည်း အများအပြားရှိကြတာ သတင်းတွေ၊ ဆိုရှယ်မီဒီယာတွေမှာ တွေ့ကြရတာပါ။ 

ဆိုင်ကယ်တစီးပေါ် သားသမီး ၂ ဦးကိုတင်ပြီး  အဝတ်အစားနဲ့ အသုံးအဆောင် ပါနိုင်သမျှတင်ထားပြီး အမေဖြစ်သူက ဆိုင်ကယ်မောင်းပြီး တမြို့တရွာကို တိမ်းရှောင်ရတဲ့မြင်ကွင်းက မြင်ရသူကို စိတ်ထိခိုက်စေတဲ့မြင်ကွင်းတခုဖြစ်ပါတယ်။ အခြားအဖြစ်အပျက်တရပ်မှာတော့ ဆိုင်ကယ်နဲ့ လား ရှိုးက စစ်ရှောင်တဲ့ မိသားစုဝင် ၃ ဦး ကားနဲ့တိုက်ခိုက်မှုဖြစ်ပွားပြီး အဖေဖြစ်သူ ဖြစ်တဲ့နေရာတင် သေဆုံးကာ၊ အမေဖြစ်သူက စိုးရိမ်ရတဲ့ဒဏ်ရာရပြီး ငယ်ရွယ်သေးတဲ့သမီးဖြစ်သူက အနည်းငယ်ဒဏ်ရာရတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ စစ်ဘေးကနေတိမ်းရှောင်နိုင်ခဲ့ပေမယ့်လည်း လမ်းခရီးမှာ ယာဥ်မတော်တဆမှုဖြစ်ပွားပြီး အဖေအသက်ဆုံးရှုံးရ၊ အမေက စိုးရိမ်ရတဲ့အနေအထားမှာ အရွယ်မရောက်သေးတဲ့ သမီးဖြစ်သူရဲ့ အဖြစ်က ကြားသိရသူတွေအဖို့ စိတ်ထိခိုက်စရာ ကောင်းလွန်းတဲ့ ဖြစ်ရပ်တခု ဖြစ်ပါတယ်။

 နောက်အဖြစ်အပျက်တခုက လားရှိုးမြို့နယ်အထွက်က ကျေးရွာတရွာက ရပ်ရွာလူမှုအသိုင်း အဝိုင်းကို ဦးဆောင်တဲ့သူ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်လည်း ခုရက်အတွင်းဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဖြစ်နေတဲ့နေရာတွေနီးကပ်နေတဲ့ ကျေးရွာမို့လို့ ကျေးရွာသူကျေး ရွာသားတွေနဲ့ အတူတိမ်းရှောင်ရာက ကျေးရွာက ကျေးရွာသားတွေရဲ့ ကျွဲနွားတွေနဲ့ နေအိမ်တွေကို ကြည့်ရှုပေးဖို့ ပြန်လာပြီး ကြည့်ရှုရာက လက်နက်ကြီးကျည်ထိမှန်သေဆုံးရတယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ အခုလိုအဖြစ်အပျက်တချို့ ကဆိုရှယ်မီဒီယာနဲ့ သတင်းတွေပေါ် ရောက်လာတဲ့ အဖြစ်အပျက်တွေဖြစ်ပြီး ဒိထက် စိတ်ထိခိုက်စရာအဖြစ်အပျက်တွေ အများအပြား အခုလက်နက်ကိုင်တိုက်ပွဲတွေ အကြားမှာ ဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။ 

မြို့တွေကိုသိမ်းယူတော့မယ့် အလားအလာမျိုးစတင်ပေါ်ထွက်လာချိန်မှာ တိမ်းရှောင်မလား၊ ဆက် လက်နေထိုင်မလားဆိုတဲ့ ဆုံးဖြတ်ချက်က ခက်ခဲလှတဲ့ဆုံးဖြတ်ချက်တခုဖြစ်တာ အမှန်ပဲ ဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ နေအိမ်တွေ ဖောက်ထွင်း ဖျက်ဆီးခံရခြင်း၊ မီးလောင်ပျက်စီးခြင်းတွေကတွဲလျက်ပါလာတာကြောင့် အချို့သော မိသားစုတွေအနေနဲ့ ဆယ်စုနှစ်များစွာ လုပ်ကိုင် စုဆောင်းတည်ဆောက်ထားရတဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကိုသံယောဇဥ်မဖြတ်နိုင်လို့ မိသားစုတချို့ကို တိမ်းရှောင်စေပြီး နောက်ဆုံးအချိန်ထိ မိမိတို့ မြို့၊ မိမိတို့ နေအိမ်မှာ ထိန်းသိမ်းစောင့်ရှောက်ဖို့ နေထိုင်ကြသူတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ စစ်ရေးအရအနိုင်ရဖို့၊ နယ်မြေသိမ်းပိုက်နိုင်ဖို့ တိုက်ခိုက်ကြတဲ့ လက်နက်ကိုင်တပ်တွေ အနေနဲ့ အရပ်သားတွေအသက်ဆုံးရှုံး မှုတတ်နိုင်သမျှ နည်းပါးအောင်၊ အရပ်သားတွေရဲ့ နေအိမ် ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးမှု နည်းပါးအောင် ထည့်သွင်းစဥ်းစားကြသလား ဆိုတဲ့ မေးခွန်းလည်း ရှိနေတာ ဖြစ်ပါတယ်။ ကြားသိ မြင်တွေ့နေရတဲ့ အနေအထားမှာတော့ မြို့နဲ့ ကျေးရွာလူထု ထိခိုက်သေဆုံးမှုတွေကို ထည့်သွင်းစဥ်းစားခြင်း မရှိတဲ့ အခြေအနေမျိုးသာ တွေ့ရှိနေရတာ ဖြစ်ပါတယ်။ မြို့ရွာတွေကို အမြှောက်တွေ၊ ရော့ကက်ဒုံး၊ ရော့ကက်လောင်ချာတွေ၊ ဒရော့ဗုံးတွေချတာ၊ လေ ကြောင်းကနေ တိုက်ခိုက်တာတွေ၊ ဗုံးကြဲချတာတွေက နှစ်ဖက်သော လက်နက်ကိုင်တွေက လုပ် ဆောင်နေကြတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ 

စစ်ပွဲဖြစ်မှတော့ ရှောင်လွှဲမနေနိုင်ဘူးဆိုတဲ့ ဆင်ခြေလည်း ပေးကောင်းပေးပါလိမ့်မယ်။ အခု ဖြစ် ပွားနေတဲ့ ရှမ်းမြောက်က မြို့ရွာနဲ့ စစ်အခြေစိုက်စခန်းတွေ သိမ်းယူဆို့ တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေဟာ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး၊ ဖြုတ်ချရေး၊ ဒီမိုကရေစီအရေး ဖက်ဒရယ်အရေးလို့ နိုင်ငံရေး အကဲခတ်သူနဲ့ အချို့သောနိုင်ငံရေးအင်အားစုတွေက ကောက်ချက်ချ ယူဆကြသော် လည်း အားလုံးနဲ့ သက်ဆိုင်တဲ့အောင်ပွဲလား သို့မဟုတ် လက်နက်ကိုင် အဖွဲ့တဖွဲ့ရဲ့ အကျိုးစီးပွားလားဆိုတာ ယတိပြတ်ပြောဆိုဖို့ ခက်ခဲတဲ့ အနေအထားလည်း ဖြစ်တယ်လို့ဆိုရင် မှားမယ် မထင်ပါဘူး။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar