ကိုအောင်မှိုင်း - အိမ်ပြန်လမ်း
အိမ်ပြန်လမ်း
ကိုအောင်မှိုင်း
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၄
ညအမှောင်မှာ
ကောင်းကင်က ကြွေနေတဲ့
ကြယ်ပွင့်လေးတွေကို
ရေတွက်တတ်လာတယ်။
ချစ်ချစ်တောက်
နွေအပူ လေအပူမှာ
ပြာပူပူတွေအတွက်
မျက်ရည်ကျတတ်လာတယ်။
နွေဦးရဲ့တေးကို
သွေးတွေနဲ့ ရေးခဲ့
မျက်ရည်တွေနဲ့ ရေးခဲ့
ငိုညည်းသံတွေနဲ့ ရေးခဲ့ကြတာ
ဓမ္မတေးသံ စစ်စစ်တွေ မဟုတ်လား။
ကိုညိုမြက
အိုးဝေမှာရေး
ငရဲခွေးကြီးလွတ်နေပြီ
ကိုအောင်ဆန်းက အယ်ဒီတာ
သတ္တိတွေ ရှိလိုက်ကြတာ
နေမဝင်အင်ပါယာကို အန်တုရဲကြ။
ဗမာပြည်က
စစ်အင်ပါယာမှာ
ငရဲခွေးတွေ လူသတ်လိုင်စင်ရ
ဘုန်းတော်ကြီးကို သတ်ခဲ့ကြ
စစ်ခွေးတစုလုံး ဗုဒ္ဓအတုတွေ
မိုက်ရိုင်း ဆိုးသွမ်း သောင်းကျန်းနေကြတယ်။
တနိုင်ငံလုံးလည်း
တချက်မှအနားမရ
ခွေးရိုက်တုတ်ကိုယ်စီကိုင်လို့
ခွေးမောင်းပွဲတွေ ကျင်းပနေကြရတယ်။
လူသတ်လိုက် ဘုရားရှိခိုးပြလိုက်
ဓားပြတိုက်လိုက် ဘုရားရှိခိုးပြလိုက်
မုဒိမ်းကျင့်လိုက် ဘုရားရှိခိုးပြလိုက်
ရွာမီးရှို့လိုက် ဘုရားရှိခိုးပြလိုက်
ခွေးတို့သခင် စစ်ဘုရင်ရဲ့
ကြောင်သူတော်ရုပ်ကို
ဗုဒ္ဓမြတ်စွာ မျက်နှာတော်ပူလှရော့။
အမေရိကန်ကလည်း ဂွင်
ဥရောပကလည်း ဂွင်
တရုတ်ကလည်း ဂွင်
ဂျပန်ကလည်း ဂွင်
အာစီယံကလည်း ဂွင်
သူသူငါငါ ဂွင်ရှာနေတဲ့ပွဲ
ငိုသံတွေကလည်း မစဲ
ကျွဲပြဲစီးသူက စီး
မြည်းမဲစီးသူက စီး
မာစီးဒီးစီးသူက စီး
အရေးကြီးတာက
ကိုအောင်ဆန်းရေ ဂွင်မှဂွင်ဗျ။
သေနတ်တွေ
ထင်းဖြစ်တဲ့အခါ
ငါတို့နိုင်ငံ ငြိမ်းချမ်းမယ်။
သေနတ်တွေက
ကျည်ဆန်တွေ ထွက်မလာဘဲ
မေတ္တာတရားတွေ ထွက်လာတဲ့အခါ
ငါတို့နိုင်ငံ ငြိမ်းချမ်းမယ်။
မျောက်တွေလက်မှာ
တုတ်ရောက်နေတော့
အဖေလည်း မရှာကြနဲ့
ပထွေးလည်း မရှာကြနဲ့
တွေ့ကရာရိုက် တွေ့ကရာကိုက်
ကမ်းကုန်အောင် မိုက်နေတဲ့
မျောက်ရိုင်းတုတ်တွေကို
ကိုယ့်အားကိုယ်ကိုး ရိုက်ချိုးနိုင်မှ
ငါတို့နိုင်ငံ ငြိမ်းချမ်းမယ်
အိမ်ပြန်လမ်း ဖြောင့်တန်းမယ်။
-