လင်းလက်နွေဦး - အဘနဲ့အတူပါလာတဲ့ သူခိုးတွေ
အဘနဲ့အတူပါလာတဲ့ သူခိုးတွေ
လင်းလက်နွေဦး
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၂၄
ရွာမှာ စိတ်မနှံ့တဲ့ အဒေါ်ကြီးတစ်ယောက် ရောက်နေတယ်။ ဆိုးဆိုးရွားရွားကြီး မဟုတ်ပေမယ့် ပုံမှန် ထိတော့ ပြန်မရောက်နိုင်တဲ့သူ။ ငယ်ငယ်က ပြောသလို ပြောရမယ်ရင် ‘ဂေါက်ကြောင်’နေတယ်ပေါ့။ သူ စိတ်ကြည်တုန်းက ပြောဖူးတယ်၊ သူက ဘယ်ရွာက ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတယ်ဆိုတဲ့ အတိတ်ဇာတ်လမ်း။ ဟုတ် ကြောင်း မဟုတ်ကြောင်း သူ့ကို စစ်သားတွေက ဖမ်းခေါ်လာပြီး ဒီရွာမှာ ချပစ်ခဲ့တယ် ဆိုတာပါပဲ။ အသက်က ငါးဆယ်ဝန်းကျင်၊ အသန့်အပြန့် ကြိုက်တတ်တဲ့ပုံစံမျိုးနဲ့ဆိုတော့၊ သူ ပြောတာ ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ အဲ အဒေါ်ကြီး ခုဘယ်ရောက်သွားလဲမသိတော့ပါဘူး။ တညနေက ရွာထဲ အုန်း အုန်း ဒိုင်း ဒိုင်းနဲ့ တောင်ဘက်လူတွေ အုပ်လိုက်ကြီး ပြေးလာကြတဲ့နေ့က ထင်တာပါပဲ၊ သူလည်း ရောပါသွားတယ်။ ရွာ့တောင်ဘက် ယာယီစခန်းချနေတဲ့ စစ်သားတွေကို တော်လှန်ရေးသမားတွေက ဒရုန်းနဲ့ ဗုံးမိုးအရွာ၊ အောက်က စစ်သားတွေက ရမ်းသမ်းပစ်ချ၊ ဥသျှစ်သီး ကြွေကျတာကို မြေပြိုပါပြီ ထင်တဲ့ ယုန်ငယ်လေးတွေ ဇောင်းကလွှတ်အချမှာ အဒေါ်ကြီးတစ်ယောက် ဘယ်ပျောက်သွားပါလိမ့်။
အရင့်အရင် အုန်းသံ ဗုံးသံတွေကြားထဲမှာ ဒီအဒေါ်ကြီး ဘာမှမသိသလို အေးတိအေးစက်ပါပဲ။ ခုတော့ အကြောက်လွန်နေတဲ့လူအုပ်ကြီးကြောင့်လား အတိတ်က အရိပ်တချို့ကြောင့်လား မသိပါဘူး၊ အဒေါ်ကြီး ဖျားသွားပြီ ထင်တယ်။ ကိုယ်ရောင်ဖျောက်သွားပြီ။
ဇနီးဖြစ်သူက တွေးတွေးဆဆ ပြောလာတယ်၊ ဒါမှမဟုတ် ဒီအဒေါ်ကြီးကို သူခိုးတွေကများ ငေါက်လွှတ် လိုက်တာများလားတဲ့။ ဒီတစ်ချက်လည်း ထည့်တွက်စရာ ရှိနေပါလား။
တခြားရွာတွေမြို့တွေလို ကျနော်တို့ရွာကလေးလည်း အေးချမ်းသာယာခဲ့တဲ့ ရွာလေးဖြစ်ပါတယ်။ ‘လယ်သမားတွေက စပါးစိုက်ပျိုး အလုပ်သမားတွေက ဆတက်ထမ်းပိုး’ တိုးတက်နေတဲ့ရွာလေး။ အရောင်းအဝယ်ဖောက်ကားရာ နေရာ။ ရောက်လာသူမှန်သမျှအတွက် ဧည့်ဝတ်ကျေတဲ့ ရွာ။ ခုထိ ရပ်နီးရပ်ဝေး အလှူခံတွေဝင်ထွက်နေတာပဲ ကြည့်။ သဒ္ဓါအားကောင်းပြီး ပညာအားနည်းတော့ အလှူခံတွေပျော်တာပေါ့။ ရိုးသားအေးဆေး တော့ လူလည်တွေ ပျော်တာပေါ့။ သူစိမ်းတစ်ရံတွေကချည်း လာဗိုလ်ကျတဲ့ ရွာ။ ဆရာကြီး ဦးအောင်သင်း စကား ငှားသုံးရရင် ‘ကိုယ့်ရွာမို့သာ ပျော်နေရတာ၊ အတော်စိတ်ပျက်စရာကောင်းတဲ့ ရွာ’။ ကျနော့်ရွာပါပဲ။
အစက ဟိုအိမ်ဒီအိမ်က ဆန်လေးပျောက်သလိုလို ဆီလေးပျောက်သလိုလိုလောက်ပါပေါ့။ မရှိလို့ ငတ်လို့ယူတာပဲ ယူပေါ့။ အဲလိုသဘောထားတဲ့ အိမ်တွေက ရှိသေး။ အောင်မယ်... ‘စိတ်ထားတတ် မြတ်’ဆိုတဲ့ တရားနှလုံး သွင်းခိုင်းတဲ့သူက ရှိသေး။ ရွာထဲ လက်စလက်နရှိတဲ့သူတွေသိနေကြတာပါပဲ၊ ဒါပေမယ့် ဆိုရှယ်ကောင်းတဲ့ ဗမာ့ထုံးစံအတိုင်း ဘွိုင်ကော့တွေ ဘာတွေ မလုပ်ကြပါဘူး။ သူခိုးနဲ့ ရင်းနှီးရင် အခိုးမခံရလောက်ဘူးဆိုတဲ့ မျှော်လင့်ချက် ကြီးကလည်း ရှိနေတာကို။ ကြောက်တာလား အားနာတာလား အမှတ်သည်းခြေမရှိတာလား မသိပါဘူး၊ တခါက အိမ်တစ်အိမ်မှာ မအလခေတ် လွတ်ငြိမ်းနဲ့ ပြန်လာတဲ့ သူခိုးကြီးတစ်ယောက်ကို ခေါ်ပြီး မြက်ရှင်းခိုင်းသတဲ့။ နောက် ရက်များမကြာပါဘူး၊ အိမ်ထဲ စောင်ခြုံသိမ်းထားတဲ့ ဆိုင်ကယ်ကလစ်ဘီးလေး အခိုးခံရ ပါလေရော။ သူ့အမျိုးတွေ က ပြောကြတယ်၊ ‘ဟယ်... နင့်အိမ်မှာ ဆိုင်ကယ်ရှိမှန်းတောင်မသိဘူး၊ သူခိုးက ဘယ်လိုသိသွားလဲ’ဆိုတော့ ‘သူခိုးလက်ထောက်ချမိပါတယ်’တဲ့လေ။
နယ်ချဲ့ကိုလိုနီတွေက မြန်မာနိုင်ငံထဲကို ငွေတိုးပေးနိုင်တဲ့ ချစ်တီးကြီးတွေ ခေါ်သွင်းလာတယ်။ ချစ်တီးကြီးတွေက သူတို့ပိုင်ဆိုင်တဲ့ ငွေကြေးလက်နက်တွေနဲ့ မြန်မာ့လယ်သမားတွေ စီးပွားရေး သမားတွေကို ဖိနှိပ်တော့တာပဲ။ အလုပ်သမားကဏ္ဌမှာတော့ ငွေကြေးသက်သာတဲ့ အိန္ဒိယအလုပ် သမားတွေခေါ်သွင်းပြီး ပေါက်ဈေး ဖျက်တာပဲမဟုတ်လား။ ရာသီဥတုမမှန်လို့ သီးနှံအထွက်နည်းပါတယ်ဆိုမှ မြေခွန် ယာခွန် အိမ်ခွန် အပြင် လူခွန်တောင် ဆက်သရသတဲ့။ လခွမ်း။ ဒီတော့ မွဲ၊ မွဲတော့ ချစ်တီးဆီသွား၊ အတိုးကြီးကြီးပေးပါ့မယ် မပေးနိုင်ရင် လယ် ယာမြေ အပ်ပါမယ်ဆိုတဲ့ စာ ချုပ်တွေမှာ စာမတတ်တဲ့တောင်သူလယ်သမားတွေ လက်မှတ်ထိုးရမယ့်နေရာမှာ ကြက်ခြေခတ်ပေးလိုက်ကြတယ်။ ချစ်တီးတွေက ငွေကို ယူသည်၊ မြေကို ယူသည် နောက်ဆုံး လူကိုပါ ယူသည် ဆိုတဲ့အတိုင်းပါပဲ၊ ချစ်တီးမှာ မယားငယ်တွေ အများကြီး ဖြစ်လာပါတယ်။ ဒါကို မကျေနပ်ရမှန်း သိလာတော့ ဆရာစံ ခေါင်းဆောင်တဲ့ ‘တောင်သူလယ်သမားတော်လှန်ရေးကြီး’ ပေါ်ပေါက်လာတယ်နော်။
အလုပ်သမားတွေ ခေါင်းပုံဖြတ်ခံရတာ ကြာလာတော့ သခင်ဖိုးလှကြီး ဦးဆောင်တဲ့ ‘ရေနံမြေသပိတ်’ တဲ့။ သပိတ်တပ်ကြီးက အလုံးအရင်းနဲ့ ချီတပ်ဆန္ဒပြကြတာ၊ ဟိုး... အင်္ဂလန်က နေမဝင်ပုလ္လင်တော်ကြီးတောင် တုန်လှုပ်သွားတယ် ဆိုပဲ။ ပန်းပဲမောင်တင့်တယ် တူသံပေးလိုက်တဲ့အခါ နန်းတော်ထဲက ဘုရင် ပုလ္လင်ပေါ်က ပြုတ်ကျသွားသလိုပေါ့။ သိပ်ကို အားရကျေနပ်စေတဲ့ တော် လှန်ရေးတွေပါပဲ။ မြန်မာလူမျိုးတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်ထားမယ် ဆိုတဲ့ ကိုလိုနီတွေရဲ့ အကြံဆိုးတွေကို ခြေဖျက်ပစ်လိုက်တာပါပဲ။
ခုလည်း ကြည့်၊ မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ဒီလမ်းစဉ်မျိုး လိုက်တာပါပဲ။ လူကောင်း တွေ ဖမ်း၊ ထောင်ချ၊ ထောင်ထဲက လူဆိုး သူခိုးတွေကို လွှတ်ပေးလိုက်တယ်။ ဒီတိုင်း ပြည်ထဲက ဒီမြို့ထဲ ဒီရွာထဲက ပြည်သူပြည်သားတွေ သူခိုးကြမ်းပိုးတွေနဲ့ပဲ ဒုက္ခရောက်နေပါစေ။ တော်လှန်ရေးဘက် စိတ်မရောက်စေနဲ့။ ကုန်ဈေးနှုန်းတွေ ကြီးမြင့်အောင် လုပ်၊ လူတွေကို ငတ်အောင် လုပ်၊ ငြိမ်ဝပ်ပိပြားစေပေါ့။ ဟိုရွာ မီးနဲ့ တိုက်၊ ဒီရွာ မီးရှို့၊ နေစရာအိမ်မရှိအောင်လည်း ညစ်ပတ်ထားသေးတယ်။ တောထဲ တောင်ထဲ ရောက်နေတဲ့ ရွာသူရွာသားတွေ ကို ထပ်ပြီး ဒုက္ခပေးချင်တော့ ပီဒီအက်ဖ်နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲ လိုက်ဖမ်း၊ အိမ်ထောင်စုဇယား လိုက်စစ်၊ တောထဲ ပတ်ပြေးခိုင်းနေသလိုပါပဲ။ မီးရှို့ခံရလို့ ထွက်ပြေးနေရာကနေ၊ အခြေအနေကောင်းတယ် ထင်ပြီး ရွာထဲ ပြန်ဝင်မိတဲ့ ရွာသူရွာသားတွေကို မုဒိမ်းကျင့်၊ သတ်ဖြတ်ပစ်တာမျိုးတွေ လုပ်သေးတယ်။ ဒါက ပီဒီအက်ဖ် အားကောင်းတယ်ဆိုတဲ့ ဒေသတွေ။
ကျနော်တို့ရွာလို ဟိုလိုလို ဒီလိုလို မမဆောင်းရွာတွေမှာတော့ စစ်သား၊ ရဲ၊ ပျူတွေက ဂိတ်ဖွင့် ဆက်ကြေး တောင်း။ ည ရောက်တော့ ဒင်းတို့ပဲ ကင်းလှည့်လေသလို ခွေးဟောင်သံ တညံညံနဲ့ သေနတ်တွေ ဖောက်ကြ အော် ကြ ဟစ်ကြ။ သန်းခေါင်ယံလုလုရောက်ပြီဆိုရင် ထွက်လာပြီ ဆိုင်ကယ်တွေမှာ ဈေးတောင်းကြီးတွေ တစ်ဖက် တစ်ချက် တပ်လို့၊ ထော်လာဂျီကြီး မောင်းလို့၊ သူခိုးတပ်ကြီး။ အစက ရွာခံသူခိုးကြမ်းပိုး တစ်ယောက် နှစ်ယောက် လောက်ပဲ လက်ဆော့တာ၊ မီးကြိုးလေး ဘာလေးခိုးတာပေါ့။ မအလကောင်းမှုနဲ့ လွတ်ငြိမ်းလာတဲ့ သူခိုးတွေလည်း ရောက်လာရော အကြီးစားတွေပဲ ရွေးခိုးလာတယ်၊ ဆန်အိတ်၊ ဆီပုံး၊ ရေခဲသေတ္တာ၊ ရေစက်၊ ဆိုင်ကယ်...။ လစ်ရင် လစ်သလိုပဲ။ အခြေအနေပေးရင် အိမ်တိုင်တောင် ချွတ်ခိုးမယ် ထင်တယ်။ တစ်ညတလေ မထင်နဲ့ ညတိုင်းနီးပါးပါ ပဲ။
တစ်နေ့က သူဋ္ဌေးတယောက်အိမ် ဝင်ခိုးတာ၊ ဆိုလာတွေ ဘက္ထရီတွေ ပါသွားတယ်။ မီးမလာ ဘာအရေးလဲ ဆိုတဲ့ သူဋ္ဌေး၊ ခု သူ့ဆိုလာ ပါသွားပြီ။ ‘ခွေးတွေတော့ ဟောင်နေတာပဲ၊ ထွက်မကြည့်ရဲလို့’တဲ့။ သူဋ္ဌေးတစ်ယောက် ကတော့ သတ္တိကောင်းတယ်၊ ခြံဝန်းတံခါးသော့ ဖျက်သံကြားလို့ ထကြည့်တာ၊ သူခိုးတွေ အယောက်နှစ်ဆယ် လောက်ရှိနေလို့ ချောင်းသံလေး လူသံလေးပေးလိုက်ရတယ်လို့ပြောတယ်။ အကြည်တော်ရဲ့ သူခိုးထဲက ‘ငပိန်’ လောက်ဆိုရင်တော့ ထ ရိုက်အုံးမယ်ပေါ့။ အဲသူဋ္ဌေးက ပြောတယ်၊ သူ့ခြံသော့ ဆိုးလက်ခ်ဆိုလား အတော်ခိုင်လို့ ပါမသွားတာတဲ့။ ကျနော်လည်း အားကျပြီး ဈေးမေးကြည့်တယ်၊ သော့တစ်လုံး တစ်သိန်းကျော် ဆိုပါလား။ အား.. လား.. လား။
သော့မကောင်း ခြံစည်းမလုံ အုတ်တံတိုင်း မမြင့်တဲ့ အိမ်တွေ ကုန်သွားပြီ ထင်ပါရဲ့။ တစ်ညက တော်တော် စိမ်းတဲ့ လူကြီးတစ်ယောက်အိမ် ဝင်ခိုးသွားတယ်။ စိတ်ချလက်ချ အပြင်မှာ ထားတဲ့ ပစ္စည်းတွေထဲက အဖိုးတန်တာ တွေ အကုန်မသွားတယ်။ မီးလာတိုင်း သူ ထ ထဖွင့်နေတဲ့ ဆောင်းဘောက်ကြီးတွေပါ ပါသွားတယ်။ သူ့အိမ်နီးချင်း တစ်ယောက်က ဖောက်သည်ချတယ်၊ အဲလူက ဒီလို ညည်းသတဲ့ ‘အဘခေါ်လာတဲ့ သူခိုးတွေကလည်း ဘာစည်းမှ မစောင့်ပါလား’တဲ့နော်။
ကျနော်မှာ ငိုအားထက် ရီအားသန်ခဲ့ရသေး။
လင်းလက်နွေဦး
၁၄.၇.၂၀၂၄ နေ့လည် ၁နာရီ ၁၃မိနစ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar