အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၉ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၉ )
(မိုးမခ) ဇူလိုင် ၁၅ ၊ ၂၀၂၄
14/7/24
Diary in the darkness
ဒဏ်တွေ ဗရပွနဲ့ နိုင်ငံတော်ကြီးဟာ စစ်ကောင်စီ ခံတုတ်ကျင်းတွေ ရှင်းဖို့ အံတကြိတ်ကြိတ်နဲ့ ရှေ့ကို တလှမ်းချင်း တက်နေပါပြီ။
မိုးကုတ်သတင်းတွေကို တနေကုန် စောင့်ကြည့်နေမိတယ်။ ကျနော့်ကလေးတွေ မွေးခဲ့တဲ့ ဈေးဟောင်းရပ်ကို ဗုံးထိမှန်တယ်။ အင်းနှုတ်ခမ်းက အိမ်တချို့ နဲ့ သျှီလာသိန်း ဆိုင် မီးလောင်တယ်နေတဲ့ ရုပ်သံတွေ တက်လာတယ်။
မိုးကုတ်မှ ရန်ကုန်၊ မန္တလေး ရောက်နေသူတွေ တစ်ယောက်နဲ့တစ်ယောက် ဖုန်းဆက်သတင်းမေးကြတယ်။ တနေကုန်ပါပဲ။ ကြက်ဥ တစ်လုံး ၁၄၀၀ ကျပ် ပေးနေရတယ်။ မြို့ထဲမှာ တနေ့က ဆန်ဝေတယ်။ ဒီနေ့ ထမင်း ဟင်းဝေကြတယ်လို့ သိရတယ်။ ရှိသူ မရှိသူ မျှဝေကြတယ်။ တယ်လီဖုန်း ငွေဖြည့်ကဒ်တွေလည်း ဝေကြတယ်။ လူလိမ်တွေလည်း ရှိတယ်။
လာရှိုးမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက် အမြောက်အမြား MNDAA သိမ်းမိတယ်။ လက်နက်ကြီတွေလည်း ပါတယ်လို့ သူငယ်ချင်းတစ်ယောက်က ပြောတယ်။ သူလည်း fb ကြည့်ပြီးပြောတာပါ။
ညီနောင်သုံးဖွဲ့ဟာ လွန်ခဲ့တဲ့ လေး ငါးနှစ်လောက်ကတည်းက ဒီစစ်ပွဲကို ပြင်ထားပုံရတယ်။ အဲဒီကတည်းက အခုတိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ တိုက်ပွဲငယ်ကလေးတွေ ဖြစ်ခဲ့ဖူးတာကို ထောက်ပြီး ပြောတာပါ။ မင်းအောင်လှိုင် အာဏာသိမ်းလိုက်တော့ ညီနောင်သုံးဖွဲ့အတွက် တိုက်ပွဲဆင်ဖို့ ပိုမို အခွင့်သာသွားတာလို့ သူ့အထင်ကို ပြောပါတယ်။
အချိန်ယူ စနစ်တကျ ပြင်ဆင်ခွင့်ရလို့ ၁၀၂၇ စစ်ဆင်ရေးဟာ ကမ္ဘာက အံ့ဩရလောက်အောင် အောင်မြင်ခဲ့တာလို့ ဆိုပါတယ်။
တကယ်တော့ စစ်ဆိုတာ အမြဲလေ့ကျင့် ပြင်ဆင်ထားသူတွေသာ အောင်ပွဲခံရလေ့ ရှိပါတယ်။ အာဏာ ယစ်မူးမယ်၊ စည်းစိမ်ဥစ္စာ ယစ်မူးမယ်၊ ဆိုသူတွေကတော့ မရှုမလှ ဆုံးရှုံးလေ့ရှိတာ သဘာဝပါပဲ။ ဒါကြောင့် ရန်သူကို အာဏာယစ်မူးလာအောင်၊ စည်းစိမ်ယစ်မူးနေအောင် စစ်မတိုက်မီ ကြိုတင်ဖန်တီးထားရမယ်လို့ စစ်ရေးပညာရှင်တွေက ပြောကြတာပါ။
တကယ်တော့ ယစ်မူးနေသူတွေဟာ ဘာပဲလုပ်လုပ် ဆုံးရှုံးရတာပါပဲ။
တရုတ်က ဖိတ်လို့ နိုင်ငံရေးပါတီတချို့ ပြင်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီနဲ့ တရုတ်က ခင်းတဲ့ ရွေးကောက်ပွဲလမ်းကို လျှောက်ရင်၊ သူတို့ရဲ့ တခါသုံး အောင်ပွဲဟာ လူထု ဆန္ဒနဲ့ တသားတည်းမကျတဲ့အတွက် သူတို့ဟာ နိုင်ငံရေးကျူးကျော် ရပ်ကွက်က အချိန်တိုအတွင်း အောင်ဖျာလိပ်ရလိမ့်မယ်လို့ ပြောပါတယ်။
သူတို့ဟာ အာဏာရှင် ကြိုးစင်မတက်ရရေးနဲ့ တိုင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးကို ချောမွေ့ဖို့ လုပ်ငန်းစဉ်မှာ ခုတုံးကလေး တခုအဖြစ်သာ ဖြစ်မှာပါလို့ ဆိုပါတယ်။
ရခိုင်မှာ AA က စခန်းတွေ တခုပြီးတခု သိမ်းနေပြီ။ ညီနောင်သုံးဖွဲ့က လားရှိုးကို ဝိုင်းဝန်းပိတ်ဆို့ထားပြီ။
စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲ ခံစစ်စည်းဟာ တဖြည်းဖြည်း အရပ်ကူပါ၊ လူဝိုင်းပါ အဆင့်ကို ရောက်နေပါပြီ။
ဒဏ်တွေ ဗရပွနဲ့ နိုင်ငံတော်ကြီးဟာ စစ်ကောင်စီ ခံတုတ်ကျင်းတွေ ရှင်းဖို့ အံတကြိတ်ကြိတ်နဲ့ ရှေ့ကို တလှမ်းချင်း တက်နေပါပြီ။
အန်ကယ် တူမီး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar