ဆားပုလင်းသာပိန် - ရေမျောကမ်းမတင် ဟိုပြေးဒီပြေး ကြေးကျားတပ်
ဆားပုလင်းသာပိန် - ရေမျောကမ်းမတင် ဟိုပြေးဒီပြေး ကြေးကျားတပ်
(မိုးမခ) ဇူလိုင် ၂၁ ၊ ၂၀၂၄
ကဲ အခုတော့ ကြေးစားတပ်၊ ကြေးစားတပ်လို့တောင် ခေါ်ဖို့ခက်နေပြီ။ တချိန်တုန်းကတော့ ကြင်စိုးတို့ တပ်ကို ကြေးစားတပ်လို့ ပယ်ပယ်နယ်နယ် ဝိုင်းခေါ်ကြတဲ့အခါ စစ်သားရင့်မာကြီးတွေခမျာ အဆီဘူးတုန် ဆတ်ဆတ်ခုန်ပြီး နာခဲ့ကြတယ်လေ။ အခုပြန်စဉ်းစားကြည့်တော့ ကြေးစားတပ်လို့ အခေါ်ခံရတဲ့ အဲဒီအချိန်ကမှ၊ ကြင်စိုးတို့တတွေအတွက် အခုကာလထက် ပိုတောင်ဂုဏ်ရှိသလိုလို ဖြစ်နေသေးတယ်။
သိကြတဲ့အတိုင်း ကြေးစားတပ်ရဲ့ သဘောက အခကြေးငွေယူပြီး မှန်မှန်မှားမှား ငွေကြေးပေး ငှားရမ်းတဲ့ဘက်က ဝင်တိုက်ခိုက်ပေးကြတဲ့သူတွေ။ ရုရှားမှာ လူပြောများတဲ့ ဗာဂနာ(Wagner) ကြေးစားတပ်ဖွဲ့တွေလိုပေါ့။ တခုတော့ရှိတယ်။ အဲဒီလို လက်မရွံ့ ကြေးစားတပ် ဖြစ်ဖို့ဆိုတာက ခပ်လွယ်လွယ်တော့ ဘယ်ရပါ့မလဲ။ ထိုက်သင့်တဲ့ တိုက်ရည်ခိုက်ရည်နဲ့ ပြည့်ဝတဲ့တပ်ဖွဲ့ ဖြစ်ဖို့လိုတယ်။ ဒါမှလည်း အသိအမှတ်ပြု ငှါးရမ်းတဲ့သူတွေ ရှိတာပေါ့။ လက်နက်အားကိုးနဲ့ ခိုးဆိုးလုနှိုက် ရမ်းကားယုတ်မာ မီးရှို့လူသတ်တတ်ရုံ အဆင့်နဲ့တော့ ဘယ်လိုလုပ်ပြီး တူတူတန်တန် ကြေးစားတပ်တခု ဖြစ်နိုင်မလဲ။
ဒီလိုတော့ မထေ့ငေါ့ပါနဲ့၊ အနည်းဆုံးအင်အားနဲ့ အနိမ့်ဆုံးအဆင့် ဆိုလား၊ အနိမ့်ဆုံး ညှစ်အားနဲ့ အနည်းဆုံး အညစ် ဆိုလား လုပ်နေလို့ပါလို့တော့ စွပုလေသံနဲ့ လာမငြင်းနဲ့။ စွသုံးမကျဆုံး အီးပေါလောတပ်ကြီးမှန်း တကမ္ဘာလုံးက သိကုန်ကြပြီ။
၂၄ နာရီအတွင်း ဘန်ကောက်တက်သိမ်းပစ်လိုက်မယ် ဘာမယ်ဆိုတာလည်း၊ ဂျင်းသက်သက်မှန်း သင်္ဘောသီးထောင်းတွေလည်း အခုတော့ သိကုန်ကြပြီ။ ဒီလို လဗာချာတွေမှန်းသာ အစောကြီးကသိရရင် F-16 တွေ၊ JAS-39 တွေနဲ့ နေပြည်တော်ကို ပွစာကြဲအောင်ပစ်၊ စွပုကို ကုပ်ကဆွဲပြီးဖမ်း၊ ရာဇဝင်ကြွေးဆပ်တဲ့အနေနဲ့ ဝါးရင်းတုတ်နဲ့ အသကုန်လှိမ့်ရိုက်၊ ဝါးရင်းတုတ်နဲ့ပဲ အောက်ပေါက်ကနေ အပေါ်ပေါက်အထိ ဘာဘီကျူး ကင်သလို တံစို့ထိုး အမဲဖျက်ပစ်လိုက်ပါတယ်လို့ တက်တခေါက်ခေါက် ဖြစ်နေရှာမပေါ့။
အဲဒါကြောင့် မြေပြင်၊ ရေပြင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ‘မတိုက်မီက ပြေးနှင့်ပြီ’ဆိုတဲ့ ဒီကနေ့ ကြင်စိုးတပ်လို တိုက်လေတိုင်း ခွက်ခွက်လန်ရှုံးကြသူတွေကို ကြေးစားတပ်အဆင့် သတ်မှတ်ဖို့တောင် ခက်သွားပြီ။ ကြေးစားတပ် ဆိုပြီး ပိုက်ဆံပေး ငှားပါတယ်ဆိုမှ ငှားရမ်းချင်စရာ အရည်အချင်းလေးကတော့ ရှိရပေမပေါ့။
သေနတ်ဖောက်သံလား၊ ဗြောက်အိုးဖေါက်သံလား သဲသဲကွဲကွဲတောင် မသိရသေးဘူး၊ ဖနောင့်နဲ့ တင်ပါး တထပ်တည်းကျအောင်ပြေးကြ၊ အလံဖြူပြကြတဲ့ ကြင်စိုးသတ်ဖွဲ့တွေကို ဘယ်လိုလုပ်ကြေးစားတပ်ရယ်လို့ သမုတ်လို့ ရပေမတုံး။
ပိုပြီးမြင်အောင် ထပ်ပြောချင်သေးတယ်။ ထမင်းစားပျက်ခံပြီး မျက်စိထဲ မြင်ယောင်ကြည့်ကြ၊ ကြင်စိုးကို ဖြတ် ဖောက်ချုပ်ပြီး လမ်းဆုံလမ်းခွ တနေရာမှာ ဖော်ချွတ်ပြီး ရပ်စောင့်ခိုင်းလိုက်၊ ပြီးတော့ အော်ဒါလိုက်ဖို့ မြှူဆွယ် ခိုင်း၊ ကဲ အလုပ်ဖြစ်နိုင်ပါ့မလား။ ဒါပဲပေါ့၊ နည်းနည်းပါးပါးတော့ မျက်စိကျစရာလေးတွေ ရှိမှ ‘ကြေးစားကြင်စိုး၊ ကြင်စိုးကြေးစား’လို့ ခေါ်လို့ရမှာပေါ့။ ဘာအရည်အချင်းမှ မရှိတဲ့ စွပု အောက်ဆွဲတပ်ကို ‘ဗာဂနာ(Wagner)’လို ကြေးစားတပ်နဲ့ တန်းတူရည်တူထားပြီး ဘယ်သူတွေက ကြေးစားတပ်လို့ သတ်မှတ်ခေါ်ဝေါ်ကြမှာလဲ။
ဒီတော့ ခေါ်ခြင်းခေါ် ‘ကြေးကျား’တပ်လို့ပဲ ခေါ်လို့ရမယ်။ အများစုက ငွေကြေးအကျိုးအမြတ် မျှော်ကိုးပြီး ဒေါ်စိန်အေး ကျောင်းတက်ခဲ့ကြသူတွေဆိုတော့လည်း ‘ကြေး’ဆိုတဲ့စကားလုံးတော့ ဆက်သုံးပေးရဦးမှာပေါ့။ ဒါပေမဲ့ ကြေးစား မဟုတ်ဘူး၊ ကြေးကျားတပ်။
လမ်းဘေးအိပ်တဲ့သူရော၊ လမ်းပေါ်ထွက်တဲ့သူရော၊ လမ်းတောင်မထွက်ဘဲ အိမ်ထဲမှာပဲ ရှောင်နေတဲ့သူရော ရရာ လူဆွဲခေါ်၊ အသက်မပြည့်တဲ့သူရော၊ ပင်စင်စားရော တပ်ထဲ ခေါ်ထည့်၊ ပြီးတော့ ဘယ်လိုမှ တပ်ပြင် ပြန်ထွက်လို့ မရအောင် လုပ်ထားပုံက ကျားဖြန့်ဂိုဏ်းလို လှောင်ပိတ်ထားတာနဲ့ ဘာများထူးတာမှတ်လို့။
အခုဆို ရှမ်းမြောက်ဘက်မှာ အထက်အရာရှိကို ရှင်းပြီး ပြေးလာခဲ့ရင်၊ ဆုငွေထုတ်ပေးနေပြီဆိုတော့၊ နောက်ဆိုရင် ထွက်မပြေးနိုင်အောင် သံခြေချင်းများခတ်ပြီး လှောင်ပိတ်ထားလေမလားပဲ။ ကျားဖြန့်ထက်တောင် ပိုအဖြစ်ဆိုးနေတဲ့ကိန်း။
ဒီတော့ ကြေးစားတပ်ဘဝကနေ ‘ကြေးကျားတပ်’လို့သာ နာမည်ပြောင်းလိုက်ပေတော့။ သေနတ်မောင်းခလုတ် ညှစ်တတ်ရင် ပြီးရောဆိုပြီး ဘာစိတ်ဓာတ် ခံယူချက်မှ မရှိဘဲ၊ ရရာဆွဲထည့်ထားတဲ့သူတွေနဲ့ စစ်နိုင်အောင် မတိုက်နိုင်တာ ဘာများ ဆန်းတာမှတ်လို့။
ရှေ့တန်းထွက်ကြတဲ့သူတွေမှပဲ မဟုတ်ပါဘူး။ နောက်တန်းမှာ နေပြီး ဘာမှ မယ်မယ်ရရ မလုပ်၊ တနေ့ တနေ့ ပွဲပဲခံနေကြတဲ့ ကြင်စိုး အပါအဝင် အိုကြီးအိုမတသိုက်ဆို၊ တကယ်က အကျောပေးပြီး လက်ပြိုင်လှဲကြရင်တောင်မှ ဘယ်သူမဆို အေးအေးဆေးဆေး နိုင်ကြမှာ သေချာတယ်။ ဒီလို တဘို့တည်းသမား ကိုယ်ကျိုးရှာ ဗိုလ်ယုတ်တသိုက်အတွက် ရူးရူးမိုက်မိုက် အသက်ပေး ကာကွယ်နေကြတဲ့သူတွေရဲ့ အသိဉာဏ်ကလည်း တကယ့်ကို လက်ဖျားခါလောက်ပါပေတယ်။
အခုဆို ကမ္ဘာ့အဆင့် ၃၅ လား၊ ဘာလား သတ်မှတ်ပေးမိတဲ့အဖွဲ့ဆို ဘယ်လောက်များ အရှက်ရနေကြမလဲ။ တပ်အင်အား အရေအတွက်လည်း ဂျင်းထည့်ခံရ၊ မြေပြင်အစ ဝေဟင်အဆုံး တပတ်ရစ် ပေါချောင်ကောင်း ဝယ်ထားတဲ့ စာရင်းအင်းတွေနဲ့လည်း ဂျင်းထည့်ခံရနဲ့ စွပုတို့ အကျိုးပေးလိုက်ပုံက။
ကမ္ဘာကြီးကလည်း တအံ့တဩကိုဖြစ်လို့၊ စစ်တိုက်နေပါတယ်ဆို၊ ဘာစစ်ဗျူဟာမှ ကောင်းကောင်းကန်းကန်း ဖော်ဆောင်နိုင်တာ မတွေ့ရဘူး၊ လုပ်မိလုပ်ရာ ယတြာပတ်ချေနေတဲ့ ဘုရားစူး စစ်ခေါင်းဆောင်တွေ၊ ဘယ်တိုင်းပြည်မှာမှ ရှိခဲ့ဖူးမှာ မဟုတ်ဘူး။ ကြုံ၊ ကြုံဖူးပေါင်လို့ပဲ ပြောကြလေရော့မယ်။ အင်းလေ၊ ဘာစစ်ဗျူဟာကိုမှ ဟုတ်တိပတ်တိ မလုပ်တတ်လို့လည်း ဖြစ်မှာပေါ့။
အခုလည်း ‘ရှမ်း-မန်း’ စစ်ဆင်ရေးနဲ့အပြိုင်၊ အများနှုတ်ဖျားမှာ ခေါ်လို့ ရွတ်လို့ကောင်းမဲ့ စစ်ဆင်ရေးနာမည်တခု စဥ်းစားနေကြတယ် ဆိုပဲ။ ရာဇဝင်ထဲက စစ်ဘုရင်နာမည်တွေနဲ့ စစ်ဆင်ရေးတွေရဲ့ ရလဒ်တွေကလည်း ရာဇဝင်ထဲက ဖြစ်ရပ်တွေနဲ့ ပြောင်းတိပြောင်းပြန် ဖြစ်ကုန်ကြပြီဆိုတော့။
ကဲ အချိန်ကုန်ခံ၊ ဦးနှောက်ရှုပ်ခံမနေကြပါနဲ့၊ ပြည်သူတွေကိုယ်စား မေတ္တာနဲ့ နာမည်ရွေးပေးလိုက်ပါ့မယ်။ ‘တိုက် တိုင်းရှုံး၊ ပြည်သူတိုင်းမုန်း’ ဆိုတော့ ‘ရှုံး-မုန်း’စစ်ဆင်ရေးဆိုရင် ကွက်တိဖြစ်မသွားပေဘူးလား၊ ခေါ်လို့ ရွတ်လို့ မကောင်းကြပေဘူးလား။
ရှမ်း-မန်းတို့က ပြုံးပြုံးပြုံးပြုံးနဲ့ အောင်ပွဲခံနေချိန်မှာ၊ ကိုယ့်ဘာသာကိုယ် ဘွဲ့တံဆိပ်ပြန်ပေးထားတဲ့ ‘သူခိုးလဗချာ ကလေကချေလဒူ သားရေကြိုးအဝီစိပုလဒ’ မအလရဲ့ ရှုံး-မုန်းတို့ကတော့ တဖြုတ်ဖြုတ်နဲ့ ပြုတ်ပြုတ်ပြုန်းကုန်ကြလေသတည်းပေါ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar