ကိုသန်းလွင် - သွေးဆုံးခြင်း
ကိုသန်းလွင် - သွေးဆုံးခြင်း
(မိုးမခ) ဇူလိုင် ၂၁ ၊ ၂၀၂၄
( ၁ )
ယေဘုယျအားဖြင့် “သွေးဆုံးခြင်း” ကို နှောင့်နှေးစေလျှင် အသက် ပိုရှည်မည်ဟု လည်းကောင်း၊ “လူတို့၏သားအိမ်ကို တာရှည် အလုပ်လုပ်အောင် လုပ်နိုင်ပါလျှင် မိန်းကလေးတို့၏ ကျန်းမာရေး ပိုကောင်းမည်”ဟု လည်းကောင်း ယုံကြည်ကြပါသည်။
မတ်လတွင် အိမ်ဖြူတော်က မိန်းကလေးများ၏ကျန်းမာရေးကိုမြှင့်တင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် သွေးဆုံးခြင်းကို နောက်ကျအောင်ပြုလုပ်ခြင်းကြောင့် ရလာမည့်အကျိုးကျေးဇူးများကို ဆန်း စစ်ကြရန် တိုက်တွန်းချက်တရပ် ထွက်ပေါ်ခဲ့သည်။ လွန်ခဲ့သောနှစ်များအတွင်း သုတေသနလုပ် ငန်းများမှ သိကြရသည်မှာ သားအိမ်သည် အမျိုးသမီးများ၏ ကျန်းမာရေးကို များစွာစိုးမိုးနေပြီး သူသည် ကလေးမွေးဖွားခြင်း လုပ်ငန်းတခုတည်းကိုသာ ပြုလုပ်ခြင်းမဟုတ်ကြောင်း သိလာကြပါသည်။ မိန်းကလေးများ၏ အသက်ရှင်ခြင်းနှင့် သူတို့၏ ကျန်းမာရေးအပေါ် များစွာလွှမ်းမိုးလျက်ရှိသည်။ လူတို့ သိထားကြသည်ထက်ပို၍ သားအိမ်သည် မိန်းကလေးတို့၏ကျန်းမာရေးအတွက် အရေးကြီးပါသည်။
( ၂ )
မိန်းမများသည် မိမိတို့အသက်တဝက်သို့ရောက်လျှင် ထိုသားအိမ်သည် မိမိတို့၏ လုပ်ငန်းဆောင် တာများကို ရပ်ဆိုင်းပစ်လိုက်ကြပါသည်။ ထိုအခါ မိန်းကလေးတို့၏ သွေးဆုံးခြင်း ဖြစ်ပေါ်လာ၍ သူတို့၏အိုမင်းရင့်ရော်ခြင်းနှင့်အတူ သားအိမ်နှင့် အခြားအင်္ဂါအစိတ်အပိုင်းများ- ဥပမာ နှလုံးနှင့် ဦးနှောက် စသည်များနှင့် အလုပ်လုပ်ကိုင်ပုံများသည် ပြောင်းလဲသွားပါသည်။ ဆက်စပ်အလုပ်လုပ်ပုံ ကျဆင်းသွားရပါသည်။ မိန်းမများသည် ယောက်ျားများထက် အသက်ပိုရှည်သည်ဟု ဆိုနိုင်သော်လည်း သူတို့သည် ရောဂါကို ကာကွယ်ခြင်းနှင့် အခြားအလုပ်လုပ်နိုင်စွမ်းတို့ ကျဆင်းလာ ကြပါသည်။
“သားအိမ်ဟာ တနေ့နေ့မှာတော့ အလုပ်မလုပ်တော့ဘဲ ရပ်ဆိုင်းသွားရမှာပါ” ဟု ဒေါက်တာ ရာနီးဝက်ဇင် (Dr. Renee Wegrzyn) ခေါ် အမေရိကန်အစိုးရ၏ အဆင့်မြင့်ရောဂါကာကွယ်ရေးဆိုင်ရာဌာနမှ ဒါရိုက်တာက ပြောသည်။ အိမ်ဖြူတော်ပရောဂျက်ကို ဦးဆောင်နေသူ ကမူ “အဲဒါကို လက် ခံဖို့က တခုခုတော့ ထူးဆန်းနေသလိုပဲ” ဟု ဆိုသည်။
လူ့အသက်ကို ရပ်တန့်သွားအောင် (Truncate) ပြုလုပ်ခြင်း ဖြစ်သဖြင့် သားအိမ်၏အကြောင်းကို လေ့လာရခြင်းမှာ များစွာအန္တရာယ်များပြီး အသိရခက်သည့်ကိစ္စရပ်တခု ဖြစ်ပေသည်။ သုတေသနလုပ်သူများက သားအိမ်ကို ဆက်လက်အလုပ်လုပ်စေရန် ကြိုးစားခြင်းဖြင့် သို့မဟုတ် ထိုအင်္ဂါကို အခြားအင်္ဂါများနှင့် ဆက်သွယ်ရေးကောင်းအောင် လုပ်ပြီး ကျန်းမာရေးကောင်းနေစေရန် သို့မဟုတ် အသက်ရှည်ရှည် နေနိုင်စေရန် ရည်ရွယ်သည်။
ဒေါက်တာဝက်ဇင်က ဤပရောဂျက်အတွက် လျထားသော ဒေါ်လာသန်း ၁၀၀ ကို ထူထောင်စကုမ္ပဏီများ၊ အခြားသုတေသနလုပ်သူများနှင့် ခွဲဝေသုံးစွဲရန် စီစဉ်ထားခြင်းမှာ သွေးဆုံးခြင်းနှင့် အသက်ရှည်စွာ နေထိုင်ရေးတို့ကို ဆက်စပ်ပေးမည့်အပြင် ဤနယ်ပယ်အတွင်းသို့ ကျွမ်းကျင်သူ အများအပြားကို ဆွဲခေါ်လိမ့်မည်ဟု ယူဆထားသည်။
လူတို့၏အသက်အရွယ် ကြီးရင့်ခြင်းအကြောင်း စဉ်းစားရာတွင် သားအိမ်၏အခန်းကဏ္ဍမှာ အရေးကြီးလှပါ၏။ အကြောင်းမှာ သားအိမ်သည် ခန္ဓာကိုယ်၏ နာဗ်ကွန်ထရိုးစင်တာသဖွယ် ပြု မူ၍နေသည်။ သားအိမ်သည် ဟိုမုန်းများဖြစ်သော အက်စထရိုဂျင် (Estrogen)၊ ပရိုဂျက်စထရုန်း (Progesterone) အပါအဝင် အခြားဓာတုပစ္စည်းများနှင့် ကိုယ်ခန္ဓာမှ အခြားအင်္ဂါအစိတ်အပိုင်းများတို့ ဆက်သွယ် အလုပ်လုပ်ပုံတို့ကိုသေချာစွာ မသိရှိရသေးသော်လည်း သူတို့သိသောအချက်မှာ သားအိမ်သည် ၎င်းတို့နှင့် အဆက်အသွယ်ဖြတ်လိုက်သည်နှင့် ပြဿနာမျိုးစုံအောင် တက်လာသည်။ Polycystic Ovary Syndrome ခေါ် ရောဂါမှာ မိန်းကလေးများ ကလေးမွေးသည့်အရွယ်တွင် ဖြစ်ပေါ် တတ်သော ရောဂါဖြစ်သည်။ ထိုအချိန်တွင် အစာမကြေခြင်း၊ နှလုံးရောဂါနှင့် စိတ်ပိုင်းဆိုင်ရာရောဂါများ စတင်ဖြစ်ပေါ် လေ့ရှိသည်။
အမျိုးသမီးများတွင် မျိုးဥများ ကုန်ဆုံးသွားသည့်အခါ သွေးဆုံးသည်ဟုခေါ်ဆိုပြီး သားအိမ်မှ အခြားကိုယ်အင်္ဂါများနှင့် ဓာတုဗေဒအရ ဆက်သွယ်မှုမှာ ရပ်တန့်သွားသည်။ ထိုအခါ ဒီမင်းရှား၊ နှလုံးလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အရိုးပျော့ရောဂါနှင့် အခြား အသက်ကြီးမှဖြစ်နိုင်သော ရောဂါများ ဖြစ်လာနိုင်ရန် လမ်းများသည်။ ထိုအခြေအနေသို့ ရောက်ရှိလာသောအခါ အခြားရောဂါများဖြစ်ပွားရန် လမ်းစဖြစ်နိုင်ပြီး ၎င်းတို့သက်တမ်းမှာ တိုသို့သာ ရှိသည်။
သားအိမ်ကို ဖြတ်ထုတ်ခြင်းကြောင့် သွေးဆုံးရသူတို့အဖို့ ထိုကဲ့သို့သော ရောဂါများဖြစ်ပွားရန် အကြောင်းရှိ ပါသည်။ ဤနေရာတွင် အချို့သော ဆရာဝန်များကလည်း ဤသို့ သွေးဆုံးသဖြင့် မျိုးဥများ ချမပေးတော့သောအခါ အမျိုးသမီးတို့၏ ကျန်းမာရေးမှာ ပိုကောင်းလာသည်ဟု ယူဆသူလည်း ရှိကြသည်။ ဤအချက်မှာ အငြင်းပွားနေ သောကိစ္စ ဖြစ်ပါသည်။
သားအိမ်နှင့် အခြားအင်္ဂါများ၏ဆက်သွယ်မှုမှာ သုတေသနလုပ်သူများက အကြီးအကျယ် လေ့ လာနေကြဆဲ ဖြစ်ပါသည်။ ထိုသားအိမ်သည် အမျိုးသမီးများ အသက်ကြီးရင့်လာချိန်တွင် ကျန်းမာ ရေးနှင့်ဆက်စပ်နေပါသလား (driver of health) သို့မဟုတ် သားအိမ်ကို တစုံတရာက ထို အခြေ အနေမျိုး ပေါ်ပေါက်အောင် သို့မဟုတ် အလုပ် မလုပ်တော့အောင် တွန်းအားပေးနေသလား ဆိုသည်ကို အသေအချာမသိရသေးပါ။
အချို့ကလည်း ဆေးလိပ်သောက်ခြင်း၊ ကိုယ်ခန္ဓာအလေးချိန်နှင့် အရပ်အချိုးအစား၊ စိတ်ဖိစီးခြင်းနှင့်ဆိုင်သော အကြောင်းအရာများမှာ အမျိုးသမီးတယောက်ကို ငယ်ငယ်ရွယ်ရွယ်နှင့် သွေးဆုံးအောင် တွန်းအားပေးနေသည်။ လူမည်းများသည် လူဖြူမိန်းမများထက် စောစောစီးစီး သွေးဆုံးကြသည်။ ဂျင်း (genetic) ဆိုင်ရာ အချက်အလက်များကိုလည်း သွေးဆုံးသည့်ကိစ္စတွင် ထည့်သွင်းစဉ်းစားကြရန်လိုသည်။
ထို့ကြောင့် သားအိမ်သည် ကျန်းမာရေးအတွက် အရေးကြီးဆုံးအင်္ဂါအစိတ်အပိုင်း (Marker of health) ဖြစ်နေပါသလား။ သို့မဟုတ် အချိန်ရောက်လာသဖြင့် သားအိမ်ကြောင့် ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်များ ဖြစ်ပေါ် ရသလား ဆိုသည်မှာ ကြက်နှင့် ကြက်ဥကဲ့သို့ အစရှာမရသော ပြဿနာဖြစ်ပါသည်။
တိရစ္ဆာန်များတွင် စမ်းသပ်ချက်များအရ သွေးဆုံးခြင်းကို နောက်ကျအောင် ပြုလုပ်ခြင်းသည် ကျန်းမာရေးကို ပိုကောင်းလာစေသည်။ အသက်ကို ပိုရှည်ရှည်နေနိုင်စေရန် ဖန်တီးပေးနေခြင်း ဖြစ်သည်ဆိုသော အချက်ကို ထောက်ခံသော စမ်းသပ်ချက်များရှိပါသည်။
ကြွက်များတွင် ပို၍အသက်ငယ်သော ကြွက်များ၏ သားအိမ်ကို အသက်ကြီးသူများနှင့် သားအိမ်နှင့် လဲလှယ်ပေးခြင်းအားဖြင့် အလဲခံရသောကြွက်များသည် အသက်ပိုရှည်လာကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် သိပ္ပံပညာရှင်များသည် သွေးဆုံးခြင်းကို နှောင့်နှေးစေရန် နည်းအမျိုးမျိုးဖြင့် စမ်းသပ်နေကြသည်။ သူတို့၏ ဦးတည်ချက်မှာ သွေးဆုံးချိန်ကို ပို၍နောက်ပိုင်းကျအောင် ဆောင်ရွက်ပေးရန်ပင် ဖြစ်သည်။
Dviva Therapeutics ဆိုသော ကုမ္ပဏီသည် ကြွက်များ၊ ကြောင်များဖြင့် စမ်းသပ်နေကြပါသည်။ AMH ခေါ် anti Mullerian hormone ဟိုမုန်းသည် ရာသီလာသည့် အပတ်စဉ် (menstrual cycle) တွင်မျိုးဥ ဘယ်နှစ်ဥ ဥသည်၊ ဘယ် နှဥကို အောင်မြင်အောင် ပြုလုပ်ပေးသည်ကို ဆုံးဖြတ်ပေးသည်။ ထိုဟိုမုန်း များပြားနေပါက မျိုးဥဖြစ်နိုင်ခြေ နည်းပါးပြီး ထိုဟိုမုန်း အားနည်းနေပါက မျိုးဥဖြစ်နိုင်ခြေ များပြားပါသည်။
ကိုလံဘီယာတက္ကသိုလ်မှ ပညာရှင်များက မျိုးဥအရေအတွက် များပြားစေရန် နည်းလမ်းရှာဖွေလျက် ရှိသည်။ သူတို့က ဆေးကို အသုံးပြုပြီး မျိုးဥအရေအတွက် များပြားလာစေရန် မိန်းကလေး ၃၅ နှစ်နှင့် ၄၅ နှစ်ကြား အရွယ်များတွင် စမ်းသပ်လျက်ရှိသည်။ ထိုဆေးမှာ ကြွက်များတွင် အကျိုးသက်ရောက်မှုရှိကြောင်း သက်သေပြချက်များ ရှိပါသည်။ ဤသို့ မျိုးဥများပြားအောင် ကြိုးစားနေခြင်းမှာ သွေးဆုံးသောအရွယ်ကို အသက် ၇၀ အထိ တိုးမြှင့်ရန် ကြိုးစားနေခြင်း မဟုတ်ပါ။ မျိုးဥဖြစ်ပွားနှုန်း တိုးပွားခြင်းကိုသာ ရည်ရွယ်ရင်း ဖြစ်ပါသည်။
အသက်အရွယ် ငယ်စဉ်တွင် သားအိမ်ထဲ၌ မျိုးဥများ လျော့နည်းသွားခြင်းကို လေ့လာရင်းဖြင့် အသက်အရွယ် အိုမင်းခြင်းကို အဖြစ်အပျက်ကို နားလည်အောင် ကြိုးစားကြခြင်း ဖြစ်ပါသည်။ မျိုးဥ ကျဆင်းခြင်းမှာ အသက်အရွယ်နှင့် ဆိုင်ပါသည်။ အချိန်တိုကာလတစ်ခုအတွင်း အိုခြင်း၏ နည်းလမ်းများကို သိနားလည်အောင် ကြိုးစားခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ မည်သည့်ဆေးကို စမ်းသပ်သည်ဆိုစေ ၎င်းသည် လူ့သက်တမ်းကို ပို၍ရှည်စေကြောင်းကို စမ်းသပ်ရန် အကြောင်း မရှိပါ၊ ထိုသို့သော စမ်းသပ်မှု၏အဖြေမှာ ကာလအကြာကြီး စောင့်ကြည့်ရန် လိုအပ်သည်။
အရွယ်မရောက်မီ သားအိမ်တွင် မျိုးဥများ ကုန်ဆုံး၍ သွေးဆုံးသွားပါက ထိုသို့ သွေးဆုံးရခြင်းအကြောင်းမှာ သိသင့်သော အကြောင်းအရာတရပ် ဖြစ်ပါသည်။ သားအိမ်များ အသက်နှင့် ကိုယ်ခန္ဓာတခုလုံး အိုမင်းရခြင်းကို တစုံတရာက ပြုလုပ်နေပုံကို သိနိုင်ရန် ကြိုးစားရခြင်း ဖြစ်သည်။ ဤသည်တို့မှာ မိန်းကလေးများသာမက ယောက်ျားများတွင်ပါ အသက်အရွယ် အိုမင်းရခြင်းအကြောင်းကို လေ့လာရာရောက်သည်။
( ၃ )
အမေရိကန်ပြည်တွင် အသက် ၆၅ နှစ်နှင့်အထက် အယ်ဇိုင်းမားရောဂါ ခံစားနေရသူ ၆ သန်းကျော်ရှိသည်၊ ၎င်းတို့အနက် သုံးပုံနှစ်ပုံမှာ မိန်းကလေးများ ဖြစ်သည်။ ၎င်းတို့အနက် ၂၀ ရာခိုင်နှုန်းမှာ သွေးဆုံးပြီး နောက်ပိုင်း ဆယ်နှစ်တွင် ဒီမင်းရှား စတင်ဖြစ်ပွားသည်။ အမျိုးသမီးများတွင် မျိုးဥများ ကုန်ဆုံးသွားသောအခါ ၎င်းတို့၏ဦးနှောက်နှင့် သားအိမ်တို့တွင် ပြောင်းလဲမှုများ ဖြစ်ပေါ် သည်။ ယေဘုယျအားဖြင့် အမျိုးသမီး အများစုမှာ ထိုအပြောင်းအလဲကို ရေရှည်တွင် သူတို့ ကျန်းမာရေးကို ထိခိုက်မှုမရှိဘဲ ခံနိုင်ရည်ရှိကြသော်လည်း အချို့မှာ ရောဂါများကို မရှောင်ကွင်းနိုင်ကြချေ။ သူတို့ဦးနှောက်ထဲတွင် အက်စထရိုဂျင် ဟိုမုန်းများရှိရာ သွေးဆုံးမှုကြောင့် ထိုဟိုမုန်းများ လျော့နည်းသွားပြီး ပြဿနာတက်တော့သည်။
အက်စထရိုဂျင်မှာ ဦးနှောက်၏မှတ်ဉာဏ်၊ စိတ်ခံစားမှုအခြေအနေ (mood)၊ အိပ်ခြင်းနှင့် ကိုယ်အပူချိန်တို့ကို ထိန်းကျောင်းပေးပါသည်။ ဟိုမုန်း လျော့နည်းသွားသည်နှင့်အတူ ဦးနှောက်၏ ထုထည်လည်း ကျဆင်းသွားသည်။
ကိုသန်းလွင်
Ref: Delay menopause improve longevity by Dana Smith, NY Times 5 July 2024.
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar