ရတနာပုံဆရာမှတ်ကြီး - ဗြဟ္မဒဏ်မင်းဆက်
ရတနာပုံဆရာမှတ်ကြီး - ဗြဟ္မဒဏ်မင်းဆက်
(မိုးမခ) ဇွန် ၄ ၊ ၂၀၂၄
ရှေးသရောအခါ ချာရာဏသီပြည်ဝယ် ဗြဟ္မဒဏ်မင်းဆက် အဓမ္မမင်းပြု၏။ တဆက်ပြုတိုင်း ပြည်သူ သောင်းချီသေကြေပျက်စီးရမြဲ။ ယင်းကား ပြုပြုချင်း ပျက်စီးရသည်ကို ဆိုသည်။ အရှည်သဖြင့်ကား မရေမတွက်နိုင်ပေ။ တခါပြုတိုင်း တိုင်းပြည်မှ ထွက်ခွာသွားကြသည့် သူဌေးသူကြွယ် ပညာတတ်လူငယ်များလည်း မရေမတွက်နိုင်ပေ။
ဗြဟ္မဒဏ်မင်းဆက်သည် လူသတ်ဝါသနာထုံကြရာ ၎င်းတို့၏ ရဲမက်စစ်သည်များကို လူအမဲလိုက်ပညာသင်ပေးကာ လူအမဲလိုက်ဝိညာဉ်သွင်းပေးထားလေသည်။ သူ့ဝန်ထမ်းများကိုလည်း လိုအပ်လျှင် ကိုယ့်မိကိုယ့်ဖပါ ပြန်ညှဉ်းဆဲသတ်ဖြတ်နိုင်သည်အထိ အမိန့်နာခံမှုကောင်းအောင် အပီအပြင် တက္ကသိုလ်ကြီးများဖွင့်၍ပင် သင်ပေးထားသည်။ အနို့သို့မို့ကြောင့် မင်းရော သူ၏ စစ်သည်ရဲမက်များ ဝန်ထမ်းများပါ တိုင်းသူပြည်သားလူအများကို မညှဉ်းဆဲ မနှိပ်စက် မသတ်ဖြတ်ရလျှင် စားမဝင် အိပ်မပျော် စက်တော်ခေါ်မရ ခေါင်းကိုက် ဝမ်းချုပ် ဖြစ်တတ်ကြရာ ထောင်အများအပြားဆောက်လုပ်၍ နိုင်ငံရေးအကျဉ်းသားအဖြစ် ထားပြီး ပုံမှန်လုပ်ငန်းတခုအနေဖြင့် နှိပ်စက်သတ်ဖြတ်ကြလေသည်။
သားတော်လေးမို့ ခေါင်းကိုက်ပြီဆိုလျှင် ကုမ္ပဏီတွေပါ ခေါင်းကိုက်ရသည်။ ဒဏ်ငွေရိုက်ခံရ ကိုယ့်ဝန်ထမ်းကို လစာတိုးပေးမိလည်း အဖမ်းခံရ၊ သိပ်ဂျေဝင်လာရင် အဖျက်သိမ်းပါခံရသည့်အပြင် ပိုင်ဆိုင်မှုပါ ချိပ်ပိတ် အသိမ်းခံရတတ်သည်။
သမီးတော်လေး ဝမ်းချုပ်လျှင်လည်း အနုပညာရှင်များပါ ဝမ်းနုတ်ဆေးစားကြရသည်။ သူရေးဆို ရေး၊ သူဆိုဆို ဆို၊ သူငိုဆို ငို၊ သူကဆိုက၊ သူရိုက်ဆိုရိုက်၊ သူအကယ်ဒမီဆို မီကြရသည်။ အနုပညာလုပ်ငန်းမှန်သမျှ သူ့ထဘီနှင့် အုပ်ထားတော့ရာ သူခွင့်မပြုလျှင် နုမရ။ တိုင်းပြည်အပြင်ထွက်ချင်ထွက် မဟုတ်ရင် ထောင်ထဲတွင် အသက်ထွက် အနုပညာများပါ စမုံတုံးသွားနိုင်သည်။
ခုဆို မိဖုရားခေါင်ကြီး ဒူးနာသည်ဆို၍ ဘဏ်တွေ ခါးနာနေကြပြီ။ ငွေဒဏ်ဆိုလို့သာ ဟင်းချနိုင်တော့သည်။ တကယ်တော့ ဘဏ်ပိုင်ရှင် ခရိုနီများလည်း အကျယ်ချုပ်သဘောနေနေကြရရာ ယင်းတို့ စိတ်ရူးပေါက်ရင်ပေါက်သလို ဘဏ်ဖောက်ခံနေရသည်မှာလည်း ခဏခဏ။ ဆင့်ဗိုက်အောက်ရောက်နေသည့် ခွေးနာကဲ့သို့တည်း။
ဗြဟ္မဒဏ်မင်းကြီး ခါးနာပြီဆိုလျှင်တော့ တပြည်လုံးပတ် မီးတိုက် လုယက် ခိုးဆိုး မုဒိမ်းကျင့် သတ်ဖြတ် ခွေးဘီလူးဇာတ်ခင်းကြတော့သည်။ သူ စိတ်ဖောက်လေ ပိုဆိုးလေ သက်ကြီးရွယ်အိုတွေပါ ဒုက္ခမျိုးစုံပေးတော့သည်။ ဆေးရုံ ဆေးခန်းတွေ ဗုံးကြဲသည်။ ဆရာဝန်တွေ ဖမ်းဆီးသတ်ဖြတ် ထောင်ချပြီး ဆေးဝါးလည်း တင်သွင်းမခံတော့ပေ။
မြေးတော်လေးတွေ စိတ်ကောက်ငိုယိုပြီဆိုလျှင်တော့ တပြည်လုံးက စာသင်ကျောင်းများကို ဗုံးကြဲပြီး ကလေးငယ်များသက်သက် အပိုင်းပိုင်းထစ် သတ်ဖြတ် ရဟတ်ယာဉ်ပေါ်မှလည်း စက်သေနတ်နှင့်ပင် လိုက်လံပစ်ခတ်ကြတော့သည်။
မင်းကြီးရဲ့အောက် ဒုတိယကောင်ကြီး စိတ်ကောက်ပြီဆိုလျှင်တော့ ဘုရင့်နောင်အောင်ဇေယျစသဖြင့် ရှေးစစ်သူရဲကောင်းများ၏ နာမည်များဖြင့် စစ်ကြောင်းအမျိုးမျိုး လှည့်ပတ်ထိုးခိုင်းတော့သည်။ တကြောင်းမှလည်း အကောင်းမကျန် အတိုအပြတ်ဖြင့် ပြန်လာကြရသည်။
နယ်ပယ်အလိုက် နယ်စားပယ်စား မြို့စား ရွာစားများ ဖင်နာခေါင်းနာဖြစ်လျှင်လည်း ထို့အတူပင်။ ကိုယ်လက်လှမ်းမီရာ ဖမ်းဆီးနှိပ်စက် ဆက်ကြေးတောင်း ခိုးဆိုး အနုကြမ်းစီး ဓားပြတိုက် ပြန်ပေးဆွဲ လူသတ် မပြတ်လှချေ။
သို့ဂလို ပါဏာတိပါတ် သူ့သက်သတ်သီလကို ခါးဝတ်ဘောင်းဘီကဲ့သို့ မြဲကြရာ သတ်ရင်း သတ်ရင်း လူတွင်မဝ ဘုန်းကြီးရဟန်းပါ သတ်ဖြတ်ကြတော့သည်။ သူတို့ ဟောစေချင်သည့် တရားမျိုး ဟောမပေးက ထောင်သွင်း အကျဉ်းချတော့သည်။
ဥပမာ လူတသိန်း သတ်လျှင်လည်း မိစ္ဆာဒိဋ္ဌိမို့ သတ်ပြစ်မရှိ သတ်ထိုက်၏ တရားမျိုး။ ဗုဒ္ဓဘာသာဖြစ်လျှင်လည်း လိုအပ်၍ သတ်ခြင်းသာ၊ သည်းခံ ခွင့်လွတ် မေ့ဖျောက်ရာဟု ဆိုသည့် တရားမျိုးဖြစ်သည်။
အလွန်တရာရက်စက်စွာဖြင့် ဘုန်းကြီးရဟန်းများကို ညှဉ်းဆဲသတ်ဖြတ်နေသော်ငြား ဘုရားဒကာ သာသနာ့ဒကာအဖြစ်က တပြားသားမှ မလျှော့ချေ။ လုပ်ချင်ရာလုပ်ပြီးလျှင် လက်အုပ်ကလေးတချီချီဖြင့် ပလီတတ်သေးသည်။ ယင်းသို့ သာသနာ့ဒါယကာ ဘုရားဒကာခံယူထားသည့် ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့်အတွက် ဘုန်းတော်ကြီးများခမျာ ဝိနည်းတော်နဲ့အညီ ဆုံးမသွန်သင် ဗြဟ္မဒဏ်ဆင်ရပေတော့သည်။
ပထမစစ်ခေါင်းဆောင် ဦးနေဝင်းတုန်းကလည်း သာသနာရေးဝန်ကြီးကတဆင့် သံဃာတွေကိုချုပ်ကိုင်မည့် သံဃနာယကအဖွဲ့ကြီးထူထောင်သည်ကို ကန့်ကွက်သည့် သံဃာတော်များကို ဖမ်းဆီး ထောင်သွင်း နှိပ်စက်သတ်ဖြတ်ခဲ့သည်။ ၈၈ အာဏာသိမ်းပြီးနောက် ဘုန်းကြီးရဟန်းတင်မက ရှင်သာမဏေလေးများကိုပါ ရက်ရက်စက်စက်ပစ်ခတ်၊ ဆွမ်းခံသပိတ်များကိုပါ ခြေထောက်နှင့် ကန်ကျောက်စော်ကားခဲ့သည့်အတွက် ဂျိုကုတ်မှူးကြီးကျောပြောင်နှင့် စစ်အစိုးရတသိုက်လုံးကို ဗြဟ္မဒဏ်ခတ် ပတ္တနိက္ကုစ္စန=သပိတ်မှောက်ကံဆောင်လာခဲ့ရာ ခု ဝင်းနိမ္မိတာရုံဆရာတော်ကြီးကိုပါ အမဲလိုက်သလိုလိုက်ပြီး ခေါင်းပစ် သတ်ဖြတ်သည်အထိ မှောက်နေရတုန်းပင်။
စာဖတ်သူ ဂျိုကုတ်မှူးကြီးတုန်းကလည်း ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းပေါင်းမြောက်မြားစွာကို လမ်းပေါ် အများမြင်ကွင်းတွင် ရိုက်နှက်ညှဉ်းပန်းဖမ်းဆီး ထောင်သွင်း၊ ကျောင်းတိုက်တွေ စီးနင်း ဖမ်းဆီး နှိပ်စက် အကြီးအကျယ် သတ်ဖြတ်ခဲ့သည်။ တပြည်လုံး စိတ်ဆင်းရဲခဲ့ကြရ စိတ်နှလုံး ပင်ပန်းနာကျင်ခဲ့ကြရသည်။ တချို့ ယင်းအခြင်းအရာများကို စလောင်းမှ ဖမ်းယူကြည့်ရှုရင်း နှလုံးကြေကွဲ သေပွဲဝင်ခဲ့ကြသည်။ နောက်ဘောင်းဘီကျွတ် သိန်းစိန်လက်ထက်တွင်လည်း ခုဝင်းနိမ္မိတာရုံဆရာတော်ကို လုပ်ကြံသတ်ဖြတ်သည့် သရေကြိုးတင်းအောင်ကိုင် အမိန့်နှင့် ဝမ်ဘောင်ကြေးနီစီမံကိန်း၏ လက်ဝါးကြီးအုပ်မှု၊ မြေ ရေ ပျက်စီးမှု ဒေသခံများအပေါ် ညစ်ယုတ်မှုများကို ကန့်ကွက်သည့် သံဃာအပါး တရာကျော်ကို မီးလောင်တိုက်သွင်းခဲ့သေးသည်။ ဤတွင်လည်း တပြည်လုံး စိတ်နှလုံးညှိုးချုံးကြရသည်။
ဤသို့လျှင် ဂျိုကုတ်မှူးကြီးတိုင်း သံဃာသတ် အလုပ်ကို သူ့ထက်ငါ သာအောင်လုပ်ခဲ့ကြရာ ဘုန်းတော်ကြီးများလည်း ဘုရားပေးသည့် ဗြဟ္မဒဏ်နည်းလမ်းဖြင့် သံဝေဂရ အမှားများဝန်ချ မိဘပြည်သူသတ်မင်းဆက် အဆုံးသတ်ကြဖို့ ဆုံးမမြဲဆုံးမနေရရာ စစ်မင်းဆက်များသည် ဗြဟ္မဒဏ်မင်းဆက်ဟု နာမည်တွင်ကြသည်အထိပင်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar