Breaking News

ကျော်ဟုန်း - ဘုံခန်းဝါမှာ


ဘုံခန်းဝါမှာ
ကျော်ဟုန်း
(မိုးမခ) ဇူလိုင် ၄၊ ၂၀၂၄

မချစ်သင့်သူကို
မချစ်တတ်ခြင်းဟာ
လောကနီတိသစ်တခုပဲ။

အဆိုးတွေထဲက
ကောင်းကွက်နှိုက်ရှာတတ်တဲ့မေတ္တာ
ကရုဏာရှင်မှ ပိုင်ဆိုင်ရတာပါ။

သူ့ရေကို သူပြန်မသောက်ဘဲ
သူများသောက်ဖို့ စီးဆင်းပေးနေတဲ့မြစ်ထဲ
ငါတို့ လှေအတူတူစီးရင်း
ငါးမျှားကြရအောင်။

ကန္တာရအတွက်
အိုအေစစ်လို နေထိုင်တတ်ဖို့လည်း
ကျင့်ထားကြရင် အကောင်းဆုံးပေါ့။

လက်ဝါးကပ်တိုင်၊ ကြိုးစင်မှာ
တရားဟောပေးရတဲ့ ဘာသာရေးဆရာစိတ်ကို
ကရုဏာလား၊ ဥပေက္ခာလား ဓာတ်ခွဲဖို့
ဘယ်တရားရုံးမှ ခွင့်မပြုထားသေးတော့
မြွေဆိပ်ဖြေဆေးအတွက်
မြွေအဆိပ်ဟာ လိုအပ်နေဆဲပေါ့။

ကဲပါလေ ...
သူရေ သူပြန်မသောက်ဘဲ
စီးဆင်းပေးတဲ့ မြစ်တကြောမှာ
လှေအတူတူစီးရင်း
ငါးမျှားနေကြပါစို့။

၂၄၇၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar