တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ လားရှိုးမြို့၊ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၁ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၂ ၊ ၂၀၂၄
တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ လားရှိုးမြို့၊ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ
ဇူလိုင်လဆန်းပိုင်းကတည်းက လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းယူဖို့ရည် ရွယ်ချက်နဲ့ MNDAA နဲ့ အခြားပူးပေါင်းလက်နက်ကိုင် တပ်ဖွဲ့တွေ တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေဆဲလို့ ဇူလိုင်လ ၂၁ ရက်နေ့မှာ ပေါ်ထွက်လာတဲ့ သတင်းတွေမှာ ဖော်ပြထားကြတာ ဖြစ်ပါတယ်။
ဇူလိုင် ၁၄ ရက်နေ့က နေ ၁၈ ရက်နေ့ထိ ကာလတဖြတ်နဲ့ ဇူလိုင် ၁၉ ကနေ ၃၁ ရက်အထိ တဖက်သတ် အပစ်ရပ်စဲဖို့ ညွှန်ကြားတယ်ဆိုတဲ့ MNDAA စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်က မြေပြင်မှာ သက်ရောက်မှု သိသိသာသာ မတွေ့ရပဲ၊ တဖက်သတ် အပစ်ရပ်တယ်ဆိုပေမယ့် ချွင်းချက်မရှိ အပစ်ရပ်တာမဟုတ်ပဲ တဖက်က တိုက်ခိုက်လာရင် ခုခံပစ်ခတ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ သဘော ထုတ်ပြန်ထားတာမို့ အခုလို ဆက်လက်တိုက်ပွဲတွေ ဖြစ်ပွားနေခြင်းဟာ စစ်ကောင်စီတပ်တွေ ဘက်က တိုက်ခိုက်မှုတွေကြောင့်လို့ အကြောင်းပြချက် ရအောင် ချွင်းချက်ထည့်သွင်းထားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီတဖက်သတ် အပစ်ရပ် ထုတ်ပြန်ချက်က တရုတ်နိုင်ငံကို ကျေနပ်စေအောင်၊ သို့မဟုတ် တရုတ်နိုင်ငံရဲ့ ဖိအားလျော့ပါးစေဖို့ ရည်ရွယ်ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်လို့ ကောက်ချက်ချနိုင်ပါတယ်။ တဖက်မှာ လားရှိုးမြို့ကိုသိမ်းယူနိုင်ဖို့ရာ မြို့အနီးတဝိုက်မှာ အခြေစိုက်ထားတဲ့စစ်တိုင်းဌာနချုပ်(ရမခ) နဲ့အခြေစိုက်တပ်ရင်းတွေကို စစ်အင်အားအလုံးအရင်း၊ အမြောက်တွေ၊ ရှော့တိုက်ဒုံးတွေနဲ့ တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေပြီး အပစ်ရပ်ထုတ်ပြန်ချက်က စာပေါ်မှာသာရှိပြီး မြေပြင်မှာ သိသာတဲ့သက်ရောက်မှု မရှိတာလည်း တွေ့ရမှာဖြစ်ပါတယ်။
လူဦးရေ သိန်းဂဏန်းနဲ့ ချီနေထိုင်ကြတဲ့ လားရှိုးမြို့ခံလူထုတွေလည်း ပြီးခဲ့တဲ့ သီတင်းပတ် ၂ ခုကျော် ၃ ခုနီးပါးအတွင်း မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေကြရာမှာ လားရှိုးမြို့လူထုရဲ့ ၃ ပုံ ၂ ပုံလောက်က ထွက်ပြေးတိမ်းရှောင်ပြီး ဖြစ်တယ်လို့ သတင်းတွေ၊ လူမှုကွန်ရက်မီဒီယာတွေမှာ ရေးသားချက်တွေအရ သိရှိနိုင်ပါတယ်။ မြို့ကနေထွက်ခွာဖို့ ဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့ ဆုံး ဖြတ်နိုင်ကြတာတော့မဟုတ်ပါဘူး။ ကုန်ကျစရိတ်၊ မသယ်နိုင်လို့ချန်ထားခဲ့ရမယ့် အိမ်အသုံး အဆောင်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမယ့်အရေး၊ အသက်အရွယ် အိုမင်းသူ မိဘဆွေမျိုးတွေကို ခေါ်ဆောင်ဖို့အခက်အခဲ၊ တခြားမြို့ရွာမှာနေထိုင်ဖို့နေအိမ်ငှားရမ်းခ၊ အလုပ်အကိုင်ဝင်ငွေမရှိတဲ့ အနေ အထားမှာ လနဲ့ချီ နေထိုင်ကုန်ကျမယ့်ကုန်ကျစရိတ် စသဖြင့် ထည့်သွင်းစဥ်းစားစရာ အချက်တွေ အားလုံးကိုထည့်သွင်းတွက်ချက်ကာ ထွက်ခွာမလား နေ့စဥ်ကျရောက်နေတဲ့ လက်နက်တွေ၊ ကျည်တွေ၊ အသက်ဆုံးရှုံးနိုင်ခြေတွေနဲ့ အပြန်အလှန် ချိန်ဆ ဆုံးဖြတ်ကြရတာ ဖြစ်ပါတယ်။ အချို့သော မိသားစုတွေ အနေနဲ့ ကိုယ့်မိသားစုဝင်ဖြစ်သူက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး လားရှိုးအကျဥ်းထောင်ထဲမှာ ရှိနေတဲ့အနေအထားမှာ မိမိတို့က လားရှိုးမြို့ကနေ စစ်ဘေးရှောင်ဖို့ ထွက်ခွာ ရတဲ့အဖြစ်က အပြစ်မကင်းတဲ့ ခံစားချက်၊ ပိုပြီး စိတ်မကောင်းစရာ ခံစားချက်လည်း ဖြစ်စေတာပါ။ လားရှိုးအကျဥ်းထောင်မှာ ရာဇဝတ်မှုတွေ နဲ့ ဖမ်းဆီး အကျဥ်းကျနေသူတွေ ရှိသလို နိုင်ငံရေး ကိစ္စတွေကြောင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က စစ်ဌာနချုပ်နဲ့အခြေစိုက်တပ်ရင်း စခန်းတွေကို အပြင်းအထန် ကာကွယ် တိုက်ခိုက်နေတဲ့ သတင်း၊ လေကြောင်းက ဗုံးကြဲတာ တိုက်ခိုက်တာတွေ လုပ်နေတဲ့ သတင်းတွေလည်း ပေါ်ထွက်နေသလို MNDAA တပ်တွေက သီပေါမြို့ဘက်ကနေ လားရှိုးမြို့အဝင်ဂိတ် ဖြစ်တဲ့ မယ်ဟန်ဂိတ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက သိမ်းယူခဲ့ပြီး မြို့ထဲ တဖြည်းဖြည်း ထိုးဖောက်ရောက်ရှိနေပြီဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်လာနေတာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လားရှိုးမြို့တွင်းမှာပဲ ကျန်ရှိနေပြီး လက်နက်ကြီးဘေးကနေလွတ်မြောက်အောင် ဗုံးခိုကျင်း၊ စတဲ့ အကာ အကွယ်တွေ တတ်နိုင်သမျှလုပ်ဆောင်ပြီး နေထိုင်ကြရတဲ့အခြေအနေလို့လည်း လူမှုကွန်ရက်တွေမှာ ရေးသားပြောဆို နေကြတာ တွေ့ရပါတယ်။
မြို့ထဲမှာလည်း ရိက္ခာပြတ်လပ်နိုင်တဲ့အခြေအနေ၊ လျှပ်စစ်မီး မရတဲ့အနေအထားမှာ သုံးရေ သောက်ရေခက်ခဲလာတဲ့ အနေအထား၊ အုပ်စုဖွဲ့ကာ လူမရှိတဲ့ နေအိမ်တွေကို ချိုးဖျက်ဝင်ရောက်ကာ ပစ္စည်းယူသူတွေ ရှိနေတဲ့ သတင်းတွေ၊ မြို့ထဲ ကျန်ရှိသူတွေ အချင်းချင်း ကူညီယိုင်းပင်းမှု၊ နေ့စဥ်နဲ့အမျှ လက်နက်ကြီးကျည်၊ ရှော့တိုက်ဒုံးကျရောက်ပြီး အသက်ဆုံးရှုံးတာတွေ၊ နေအိမ်တွေ ပျက်စီးတဲ့အကြောင်းတွေ သတင်းနဲ့လူမှုကွန်ရက်တွေမှာ ဖတ်ရှုနေရတာ ဖြစ်ပါတယ်။ လတ်တလော အခြေအနေအကို အကဲခတ်ကြည့်ရင် ရမခ လို စစ်ဌာနချုပ်ကို မသိမ်းယူနိုင်ခဲ့သည့်တိုင် လားရှိုးမြို့က MNDAA လက်နက်ကိုင် အဖွဲ့ရဲ့ လက်ထဲ ကျရောက်နိုင်ခြေက ရာနှုန်းများနေတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒီအနေအထားမှာ တိုက်ပွဲတွေကို ရပ်ဆိုင်းဖို့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှု ရှိလာသည့်တိုင် MNDAA နဲ့ TNLA တို့က လက်တကမ်းရောက်နေတဲ့ စစ်ရေးအောင်မြင်မှုကို ဖြစ်တဲ့ နည်းနဲ့ လှမ်းဆုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။ ရှမ်းမြောက်မှာ ယခင် တကြိမ်တခါကမျှ မထိန်းချုပ်နိုင်ခဲ့ဖူးတဲ့ နယ်မြေ အများအပြားကို တိုက်ယူထိန်းချုပ်နိုင်လာတဲ့ လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့အနေနဲ့ ဒိုင်လူကြီးနေရာ ဝင်ယူလာတဲ့ တရုတ်နိုင်ငံကို အချိန်အတိုင်း အတာတခုထိ ပရိယာယ်နဲ့ ဆက်ဆံပြောဆိုကာ လက်ရှိတိုက်ပွဲကို ဆက်လက်တိုက်ယူဖို့ ကြိုးပမ်းနေကြတဲ့ အနေအထား ဖြစ်တယ်လို့ မှတ်ချက်ချရပါတယ်။
တရုတ်နိုင်ငံအနေနဲ့ နယ်စပ်က ကုန်သွယ်ရေးဂိတ်စခန်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ပိတ်ချလိုက်တာ၊ တရုတ်ဘက်ကရယူသုံးစွဲနေတဲ့ ဆက်သွယ်ရေးဖုန်း အင်တာနက်ဝန်ဆောင်မှုကိုဖြတ်တောက် တာတွေလုပ်ဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ကို ဖိအားပေးနေပေမယ့် လက်ရှိအချိန်ထိတော့ အပစ်ရပ်မယ့် အနေအထားမရောက်သေးပါဘူး။
စစ်ကောင်စီဘက်ကတော့ ဝ လက်နက်ကိုင်အဖွဲ့နဲ့ SSPP လက်နက်ကိုင်အဖွဲ့တို့ကို အချို့နယ်မြေတွေ လုံခြုံရေးအရ ယာယီထိန်းသိမ်းဖို့ ခွင့်ပြုခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်တွေ သဘောတူညီမှုတွေမှာ တရုတ်နိုင်ငံက ဘယ်အခန်းကဏ္ဍကပါဝင်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိကြရသေးတဲ့ သဘောလည်း ဖြစ်ပါတယ်။
ခုဒုတိယအကျော့ စစ်ဆင်ရေးမှာ တရုတ်ကုမ္ပဏီ ရင်းနှီးမြှုပ်နှံထားတဲ့ မန္တလေး မြို့အနီးက အယ်လ်ဖာ ဘိလပ်မြေ စက်ရုံကို PDF တွေက သိမ်းယူခဲ့တဲ့ ဖြစ်ရပ်လည်းရှိခဲ့ကာ ဒီအချက်က တရုတ်နိုင်ငံ အနေနဲ့ လတ်တလော စစ်ရေးတိုက်ခိုက်မှုတွေကို ရပ်တန့်စေဖို့ ပိုမိုကြိုးပမ်းလာမယ့် ပိုမိုဖိအားပေးလာနိုင်တဲ့အကြောင်းတချက်လည်း ဖြစ်နိုင်ပါတယ်။
တရုတ်နိုင်ငံက မြန်မာ့အရေးမှာ ဘယ်လိုလုပ်ပါ ဘယ်လိုကိုင်ပါဆိုတဲ့ အသေးစိတ် ဝင်ရောက်စွက် ဖက်တဲ့အနေအထားထက် ၄င်းရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက်ဆုံးရှုံးမှုမရှိအောင်၊ နယ်နိမိတ်မျဥ်း တလျောက်က နယ်မြေတွေမှာ တိုက်ပွဲတွေ မဖြစ်ပွားအောင် နည်းလမ်းအမျိုးမျိုး၊ ရှိသမျှသြဇာပါဝါကို အသုံးပြုလိမ့်မှာ အသေအချာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar