နွေဦးတော်လှန်ရေး နဲ့ ၈၈ လည်ပြန်အတွေးများ (၃)
နွေဦးတော်လှန်ရေး နဲ့ ၈၈ လည်ပြန်အတွေးများ (၃)
မောင်ရစ်၊ (မိုးမခ) ဩဂုတ် ၁၊ ၂၀၂၄
ပြည်ထောင်စု လမ်းတဆစ်ချိုး၊(၈၈-၃၆ နှစ်)
သည်ဆောင်းပါးကို အခန်းဆက်ရေးမယ်၊ တလ တခါ တပုဒ်လောက်တော့ ရေးဖြစ်မယ် စဉ်းစားတယ်။ ဒါပေမယ့် တခြားအကြောင်းအရာတွေ ရေးနေရတော့ အခုမှ ပြန်လည်လာတာ ၁ နှစ်ကြာသွားတယ်။ အစက ဘာအတွက် ရေးမယ် စဉ်းစားထားတာတွေလဲ ပေါ်လိုက် ပျောက်လိုက် ဖြစ်ကုန်ပါတယ်။ ကဲ သည်တခါတော့ သိုင်းသိုင်းဝိုင်းဝိုင်း မရေးနိုင်သည့်တိုင်အောင် မှတ်စုအဖြစ် ထုတ်တာဖြစ်ဖြစ် အတွေးပေါ်သလောက် ဖြစ်ဖြစ် ချရေးလိုက်ပါမယ်။
အခုတော့ ရေးချင်တာက ပြည်ထောင်စု တဆစ်ချိုးကို ရေးချင်ပါတယ်။
၈၈ မတိုင်ခင်တုန်းက မြန်မာ့သမိုင်းမှာ မြန်မာပြည်ထောင်စုဆိုရင် တိုင်းနဲ့ ပြည်နယ် ၁၄ ခု။ တိုင်းရင်းသားပြည်နယ်က ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင် နဲ့ ရှမ်း။ ပင်လုံစာချုပ်။ ဒါတွေက အဓိက ကျတယ် ထင်ကြမယ်။ ပြီးတော့ မြန်မာ့သမိုင်းက အနော်ရထာ၊ ကျန်စစ်သား၊ အလောင်းဘုရား၊ ဘုရင့်နောင်၊ ရာဇာဓိရာဇ် စတဲ့ မင်းဆက်တွေအကြောင်း ပြောကြမယ်။ ကိုလိုနီခေတ် ကနေ လွတ်မြောက်ရေး ကြိုးပမ်းမှုတွေဆိုရင်ဖြင့် ကျောင်းသားသပိတ်များ၊ GCBA, YMBA, ဝံသာနု၊ အမျိုးသားကျောင်း၊ ဒို့ဗမာအစည်းအရုံး၊ ဖဆပလ၊ ဖတပလ ဒါတွေ ပါတယ်။ လှုပ်ရှားမှုတွေဆိုရင် ဂျပန်တော်လှန်ရေး၊ ရဲဘော်၃ကျိပ်၊ ကွန်မြူနစ်၊ ပြည်တွင်းစစ် နဲ့ အာဏာသိမ်း။ ဒါတွေကို ရင်းနှီးခဲ့ကြမယ် ထင်ပါတယ်။
အဲဒါတွေနဲ့ ရေးထားတဲ့ သမိုင်းနဲ့ မြန်မာနိုင်ငံ ဖြစ်လာပြီး၊ မြန်မာပြည်ထောင်စုပုံပြင် အဖြစ် ကျနော်တို့ လူပြိန်းတွေ အတော်များများက သက်တောင့်သက်သာ လက်ခံထားခဲ့ကြတယ်လို့ ဆိုရပါမယ်။
အဲသည်တုန်းက သမိုင်းနောက်ခံစာအုပ်တွေဆိုရင် အများအတွက် ခေတ်စားတာက ပုဂံသူရဲကောင်းများ၊ မဆလခေတ် မြ၀တီနဲ့ စာပေဗိမာန်ထုတ် သမိုင်းနောက်ခံရုပ်ပြစာအုပ်များ၊ ကျောင်းသင်ခန်းက ပြဋ္ဌာန်းတဲ့ သမိုင်းစာအုပ်များ ဖြစ်ပါတယ်။ နောက် သည်ထက် စာဖတ်သန်ချင်သူတွေအတွက်က ဒေါက်တာသန်းထွန်း၊ ဗန်းမော်တင်အောင်၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဒေါ်ခင်မျိုးချစ်၊ နိုင်ပန်းလှတို့၏ စာအုပ်များလို့ ယေဘုယျ ဆိုကြမယ်။ အခြားစာရေးဆရာကြီးတွေလည်း အများအပြားရှိနိုင်ပါတယ်။
၈၈ အရေးတော်ပုံကြီး ဖြစ်ပြီးနောက်တော့ မြန်မာလူငယ်တွေက ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာကြတော့ ဗမာပြည်ကွန်မြူနစ်ပါတီ၏ သမိုင်း၊ လှုပ်ရှားမှုနဲ့ လူပုဂ္ဂိုလ်များအကြောင်းက ထင်ရှားလာကြပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဆက်ဆံရေး အတက်အကျတွေကိုလည်း ဖတ်ရှု လေ့လာနိုင်ခဲ့ကြတယ်။ မြန်မာပြည်သမိုင်းနဲ့ ပြည်ထောင်စုဆိုတာ ပြည်နယ် ၇ ခု နဲ့ တိုင်း ၇ တိုင်းအတွင်းမှာပဲ ဆက်လက် ရှိနေခဲ့ကြတယ်လို့ ဆိုချင်ပါတယ်။ မဆလခေတ်က မဆလတပါတီစနစ်ကနေ ၈၈ အရေးတော်ပုံကနေ နိုင်ငံရေးပါတီအများအပြားပေါ်လာပါတယ်။ အဲသည်မှာ မြန်မာပြည်သူတွေက တပြည်ထောင်စနစ်နဲ့ အဓိကအတိုက်အခံ တပါတီ NLD တို့ကို အာရုံပြုပြီး ရွေးချယ်ခဲ့ကြတာ မြင်ရပါတယ်။
၈၈ အရေးတော်ပုံနဲ့ နွေဦးတော်လှန်ရေး ကြားကာလအတွင်းမှာ ပြည်ထောင်စုပုံသဏ္ဍန်ကို စစ်အုပ်စုက ဘယ်လိုပဲ စာအုပ်ဟောင်းကြီးတွေနဲ့ ထိန်းချုပ်ထားပေမယ့် မြန်မာဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ ရင်ပေါင်တန်း ရုန်းကန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုတွေကို မြန်မာလူငယ်တွေက တစေ့တစောင်း ကြည့်နေရာက ထဲထဲဝင်ဝင်လေ့လာသုံးသပ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
စစ်အုပ်စုကိုယ်တိုင်က သူတို့ချည်း ကြိုးကိုင်ဖို့ ကြိုးစားတဲ့ NCA အပစ်အခတ်ရပ်စဲရေး စာချုပ်လုပ်ငန်းစဉ်ရဲ့ ရလဒ်မျိုးစုံကနေ မြန်မာတိုင်းရင်သားတွေအချင်းချင်းကြားနဲ့ မြန်မာလူများစု တက်ကြွလှုပ်ရှားသူများကြား ချိတ်ဆက် ဆွေးနွေးမှုတွေကလည်း သူတို့ NCA ပြင်ပကနေ ဖြစ်တည်လာပါတယ်။ တိုင်းရင်းသားအဖွဲ့ပေါင်းစုံရဲ့ အမည်နာမတွေ သမိုင်းတွေ လူပုဂ္ဂိုလ်တွေအကြောင်းလည်း လေ့လာသိမှတ်ဖြစ်ကြပါတယ်။
နွေဦးတော်လှန်ရေးလည်း ဖြစ်ရော - ပြည်ထောင်စုဟာ လမ်းတဆစ်ချိုးသွားတော့တာပါပဲ။ တော်လှန်တဲ့ မြန်မာလူငယ်တွေကို လက်ခံ လက်တွဲတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမြောက်အများဖြစ်လာတယ်။ တိုင်းရင်းသားပြည်နယ်ကြီး ၇ ခု က တိုင်းရင်းသား ၇ မျိုးထက် မကတဲ့ တိုင်းရင်းသားလူမျိုးစုံ အဖွဲ့စုံနဲ့ ဆက်ဆံရေးတွေ ပေါ်ထွန်းလာပါတယ်။ နွေဦးတော်လှန်ရေး မျိုးဆက်သစ်လူငယ်တွေက လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ကြရာမှာ တိုင်းရင်းသားပေါင်းစုံရဲ့ နယ်မြေစုံကို ရောက်ရှိပြီး တိုက်ပွဲကို ဖော်ဆောင်ဖို့ လေ့ကျင့်သင်ကြားတာကလဲ အချိုးအကွေ့ဖြစ်ပါတယ်။ သူတို့နဲ့ ခုချိန်မှာ လက်တွဲပြီး ချီတက်နေကြသည်မှာ တပြည်ထောင်စုဆိုတာထက် အားလုံးတန်းတူပါဝင်တဲ့ ပြည်ထောင်စုကို မျိုးဆက်သစ်တွေ ရှုမြင်ထားပြီလား မေးချင်စရာပါ။
အေဘီအက်ဒီအက်ဖ် ကျောင်းသားတပ်မတော်ကို ၈၈အရေးတော်ပုံတုန်းက လူငယ်တွေ ထူထောင်ကြတော့ အဲသည်ကအတွေ့အကြုံကို ပြောပြတာလေး ပြန်ရေးချင်ပါတယ်။ ကိုရန်အောင်နဲ့ မစမ်းစမ်းဝင်း ပြောတာပါ။ သူတို့ တိုင်းရင်းသားနယ်မြေတွေက တိုင်းရင်းသားတွေက ဗမာစစ်တပ်၊ ဗမာလူမျိုးတွေကို မယုံကြ၊ ကြောက်ရွံ့မုန်းတီးကြတဲ့အကြောင်း။ ကျောင်းသားတပ်ရဲဘော်တွေက တိုင်းရင်းသားတွေနဲ့ အတူစား အတူလာ အတူတိုက်ပွဲဝင်ပြီး ယုံကြည်မှုနဲ့ ချစ်ကြည်ရေး တည်ဆောက်ခဲ့ကြတဲ့အကြောင်း ပြောပြတာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကာလမှာလည်း နေရာအနှံ့ရောက်ရှိနေလာတဲ့ ဂျန်ဇီ တော်လှန်စစ်သည်တွေက တိုင်းရင်းသားပေါင်းစုံနဲ့ အတူတိုက်ပွဲဝင်ကြတဲ့အခါ နှစ်ဖက်ကြား ယုံကြည်မှု ချစ်ကြည်မှုတွေ နားလည်မှုတွေ တည်ဆောက်ရတဲ့အကြောင်း လူငယ်တွေက ပြောကြပါတယ်။ BPLA က ဦးစီးသူ မောင်ဆောင်းခ၏ ပြောဆိုချက်တွေထဲက ကောက်နုတ်ရမယ်ဆိုရင် - ကရင်တိုင်းရင်းသားနယ်မြေတွေမှာ စတင်အခြေချရင်း၊ ရခိုင်တပ်တော်၏ လေ့ကျင့်သင်ကြားမှုကို ခံယူခဲ့တဲ့အကြောင်း၊ တိုင်းရင်းသားတွေနယ်မြေတွေမှာ စစ်ဆင်ရေးတွေမှာ လက်တွဲဆောင်ရွက်နေကြောင်း၊ သူတို့က ကိုယ့်ကို နားလည်လာဖို့ ကြိုးစားရသလို၊ သူတို့ကို ပိုပြီး နားလည်ဖို့ ကြိုးစားရတဲ့အကြောင်း သူပြောလေ့ရှိပါတယ်။ မြန်မာပြည်အလယ်ပိုင်းက ဗမာ အညာဒေသက ဗမာ(မြန်မာ)တွေကိုယ်တိုင်ကလည်း ဗမာစစ်တပ်ကို တော်လှန်ပြီး ပြည်ထောင်စုသစ် ဖော်ဆောင်ဖို့ အရပ်လေးမျက်နှာအနှံ့အပြားက တိုင်းရင်းသားတွေနဲ့ ကူးလူးဆက်ဆံ ထူထောင်နေကြတာ တွေ့နေရပါပြီ။
ပြည်ထောင်စုပုံပြင်တွေဆိုတာက စစ်နိုင်တဲ့ အုပ်ချုပ်သူလူတန်းစား၊ လက်နက်ကိုင်ထားတဲ့သူ၊ အာဏာရှင်တွေက ရေးကြတာချည်းပဲ ဖြစ်တယ်ဆိုတာလည်း သတိပြုရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုမပြိုကွဲရေး ရှေ့တန်းတင်တဲ့ ဂျင်းတွေနဲ့ အာဏာရှင်တွေက ပြည်သူတွေကို နဖားကြိုးထိုးကြပါတယ်။ တိုင်းရင်းသားတွေ လူနည်းစုတွေထဲက စစ်အာဏာရှင်တွေလိုမျိုး ကျင့်ကြံသူတွေကိုယ်တိုင်ကလည်း မိမိတို့ တိုင်းရင်းသားတွေကြားမှာ ဂျင်းပုံပြင်တွေနဲ့ သွေးမနီးနိုင်ခဲ့ကြတာတွေကို ကျော်လွှားကြရဦးမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar