ရတနာပုံဆရာမှတ်ကြီး - ပြည်သူ့စစ်
ရတနာပုံဆရာမှတ်ကြီး - ပြည်သူ့စစ်
(မိုးမခ) ဩဂုတ် ၂၅ ၊ ၂၀၂၄
“ညီမ ဆံပင်ကိုက ၂၀၁၉ ကတည်းက စထားခဲ့တာပါ။ ကိုယ်တွေက တောသူတောင်သားပဲဆိုတော့ ဆံပင်ကိုက အမြဲတမ်း မနက်တိုင်း ခေါင်းလျှော်တာလောက်ကတော့ အမြဲလုပ်ပေးရတာပေါ့။ အဲ့လို ခက်ခက်ခဲခဲ ထားခဲ့ရပေမယ့် သူတို့ (တော်လှန်ရေးတပ်ဖွဲ့) နဲ့ တွေ့တဲ့ အချိန်မှာ သူတို့တွေတောင် တောထဲမှာ လေ့ကျင့်ရေးတွေ ဆင်းပြီး ခဲရာခဲဆစ်နေခဲ့ကြတာပေါ့နော်ဆိုပြီး ဆံပင်ကို ဖြတ်ရောင်းပြီး လှူချင်စိတ်ပေါ်လာတာနဲ့ လှူလိုက်တာပါ” လို့ ၆ နှစ်တာလုံး သူ အမြတ်တနိုး တန်ဖိုးထားခဲ့ရတဲ့ ဆံပင်ရှည်ကြီးကို ဖြတ်ရောင်းပြီး လှူခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မိန်းမငယ်လေးတယောက်က ပြောပါတယ်။
ဆံပင်ဖြတ်ရောင်းရာမှာ မြန်မာကျပ်ငွေ ၇ သိန်းရရှိခဲ့ပြီး ၇ သိန်းလုံးကို ငါန်းဇွန်အခြေစိုက် ဒရုန်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကို ဖော်ဆောင်နေတဲ့ ငါးန်ဇွန်ပြောက်ကျားတပ်ဖွဲ့ TGYR အဖွဲ့ကို လှူဒါန်းပေးခဲ့တာပါ။
အဲဒီမိန်းကလေးကပဲ ဆက်ပြီးတော့— “အမြဲလမ်းမှာ သူတို့တွေနဲ့ တွေ့တယ်။ သူတို့ ပင်ပန်းဆင်းရဲတာကို မျက်မြင် မြင်နေရတော့ ပြည်သူဆိုတော့ စိတ်ထဲမှာ ခံစားရတာပေါ့ဗျာ။ သူတို့က ကိုယ်တွေအတွက်ကို အသက်ပေးပြီး လုပ်နေရတာဆိုတော့လေ။ ဆန်တစ်စေ့ပဲ တန်တန် ၊ ကျည်ဆန် တစ်တောင့်ပဲ တန်တန်ဆိုပြီး လှူဒါန်းဖြစ်ခဲ့တာပါ။ ဒီအဖွဲ့ကလည်း အရင်ကတည်းက သိခဲ့တာလည်း မဟုတ်ပါဘူး။ ကျွန်မတို့က ဖြတ်သွားဖြတ်လာ တွေ့တာက တစ်ကြောင်း၊ ရွာကို ဆံပင်သည်တွေလာလို့ တိုက်ဆိုင်တာပေါ့နော်၊ ကိုယ့်စိတ်ထဲမှာကလည်း အရင်ကတည်းက ရည်မှန်းနေတာပေါ့ဗျာ။ အဲလို ကြုံကြိုက်နေတာနဲ့ လှူလိုက်တာပါ” လို့ ဆိုပါတယ်။
ငါးန်ဇွန်ပြောက်ကျားတပ်ဖွဲ့ TGYR အဖွဲ့ရဲ့ခေါင်းဆောင် အီကိုကလည်း— “လမ်းမှာတွေတော့ တခြားပြည်သူတွေက တတ်နိုင်သလောက်လေး လှူကြတာပေါ့၊ ဒီကလေးမလေးကကျ ကျွန်တော်တို့ကို ခဏစောင့်ပါဆိုပြီး ဆံပင်ဖြတ်ရောင်းမယ် လုပ်တာဗျ။ ကျွန်တော်တို့ တားပါသေးတယ်။ အဲ့လောက်ကြီး မလုပ်ပါနဲ့ပေါ့။ ဒါမဲ့ သူက တားမရဘူးဗျ။ လှူဖို့ကို စိတ်အားထက်သန်နေတော့ ကျွန်တော်တို့လည်း လက်ခံပေးလိုက်တာပါ။ ဒီညီမလေးကို ထာဝရလေးစားမိနေမှာပါ။ အဲ့ညီမငယ်ဟာ အသက်ငယ်ပေမဲ့ ဒီတော်လှန်ရေးကို အမြန်ဆုံး အောင်မြင်ချင်နေတဲ့သူပေါ့” လို့ ညီမငယ်အတွက် ဂုဏ်ပြုစကား ဆိုပါတယ်။
ကြည်နူးဂုဏ်ယူ အညာသူရေ၊ ဘာတဲ့၊ “ရဲဘော်တွေ ပင်ပန်းဆင်းရဲနေတာမြင်တော့ ပြည်သူဆိုတော့ ခံစားရတာပေါ့ဗျာ” တဲ့၊ ကြည်နူးမျက်ရည်ဝေမိတဲ့ စကားလေးပါ။ ပြည်သူ့နှလုံးသားကို မြင်လိုက်ရတာပေါ့။ ပြည်သူဆိုတာ ဒါပါလားလို့ သိလိုက်ရတာပေါ့။
ပြည်သူဆိုတာ ဘာမှန်းမသိတဲ့ကောင်တွေကတော့ နိုင်ငံတဝန်း အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ သက်ကြီးပိုင်း အမျိုးသားတိုင်း ရပ်/ကျေး ပြည်သူ့လုံခြုံရေး ကြီးကြပ်ရေးအဖွဲ့များတွင် ပါဝင်ရမယ်၊ စစ်သင်တန်းလည်း တက်ရမယ်လို့ ဟောင်ရင်းပြေးတဲ့ အောင်လင်းဒွေးက စာထုတ်သလေ။
မြို့ပြစစ်ဆင်ရေးတွေ လာတော့မှာမို့ မြို့ကလူတွေနဲ့ ရဲဘော်တွေကို ဆိုင်ပေးတာပေါ့။ ပြီးရင် မလိမ့်တပတ်နဲ့ ရှေ့တန်းပို့တာတွေလဲ လုပ်မယ်လေ။ ဖွဲ့ကြည့်လေ၊ ဝင်လာရင် ထမင်းချက်ထားမယ်ဆိုတဲ့သူတွေချည်း မဟုတ်လား။ သေနတ်နဲ့ကျည်ပါ လက်ဆောင်ပေးအုံးမှာ။
အရင်ကတော့ လူငယ်တွေ နိုင်ငံခြားထွက်အလုပ်လုပ်ခိုင်းပြီး အခွန်ထိုင်ကောက်ဖို့ ကြံစည်ခဲ့တဲ့သရေကြိုးဟာ ခုတော့ နိုင်ငံခြားထွက်သမျှ လူတွေကို လိုက်တားရတဲ့အဖြစ်။ စစ်သားပဲ လိုတာကိုး။ ဒေါ်လာကတော့ ခြောက်လုံးတန်းက ဘဲအိုကြီးတွေနဲ့ ခရိုနီတွေဆီကပဲ ယူတော့မယ့်သဘော။ စစ်ဥထမ်းဥပဒေက စစ်သားမရဘဲ စစ်ဗိုလ်နဲ့ အုပ်ကြီးပွဲဖြစ်လာတော့ ၃၅ နဲ့ ၆၅ ကြား အကုန်လာလုပ်တော့တာပေါ့။ မဲနှိုက်တာတွေ ဖြဲရိုက်တာတွေ လုပ်မရတော့ဘူးလေ။
ရန်ကုန်မှာတောင် ပြည်သူ့စစ်ဖွဲ့ဖို့ စလုပ်နေပြီ၊ တစ်ရပ်ကွက် ၁၃ ဦး၊ တစ်မြို့နယ် လူ ၂၀၀ ခန့်နဲ့ ဖွဲ့မယ်ပေါ့။
“ဒီနေ့ပဲ အစည်းအဝေးခေါ်တယ်။ အုပ်ချုပ်ရေးမှူး ပြောစကားအရတော့ မြို့နယ်လုံခြုံရေးအရဆိုပြီး ရပ်ကွက်ထဲက လူတွေနဲ့ အဖွဲ့ဖွဲ့ပြီး လုံခြုံရေးယူရမှာ” လို့ ၎င်းက ပြောပါတယ်။
“အပေါ်ကနေ အမျိုးမျိုးကို ခိုင်းနေတာ။ မရ ရအောင် ရှာခိုင်းတယ်။ ဝင်တဲ့လူတွေကို ထောက်ပံ့ကြေးရမယ်ဆိုပြီး စည်းရုံးခိုင်းတယ်။ လူမပြည့်ရင် ပြည့်အောင်လုပ်ဆိုတာမျိုးကျ သူတို့ပြောသလို လွယ်မနေဘူးလေ။ မြို့နယ်ကြီးပြီး ရပ်ကွက်များတဲ့မြို့နယ်တွေကတော့ ရှာရလွယ်တာပေါ့” လို့ ၎င်းက ပြောပါတယ်။
မြို့နယ်အဆင့် လုံခြုံရေးအဖွဲ့မှာ ပါဝင်သူတွေကို တစ်လ သင်တန်းပေးအပ်ပြီး လက်နက်တပ်ဆင်ပေးမယ်၊ လစဉ် လစာသဘောမျိုး ထောက်ပံ့ကြေး ကျပ်နှစ်သိန်း ပေးမယ်လို့ အစည်းအဝေးမှာ မက်လုံးပေး ထည့်သွင်းပြောဆိုခဲ့တယ်။ မြို့နယ်အတွင်း ကင်းလှည့်မှုတွေနဲ့ တခြားကိစ္စရပ်တွေမှာ စစ်ကောင်စီတပ်သားနဲ့ ရဲအင်အား အသုံးပြုမှုကို လျှော့ချပြီး မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှာ ပါဝင်သူတွေကို အစားထိုး အသုံးပြုမှာဖြစ်တယ်။ စစ်ကောင်စီဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ထားရတာကြောင့် စစ်အင်အား မလုံလောက်တဲ့အတွက် အရပ်သားတွေကို အကြောင်းအမျိုးမျိုးပြ ဖိအားပေးပြီး လက်နက်တပ်ဆင်ပေးကာ သူတို့လက်အောက် ဆွဲသွင်းပြီးနောက် စစ်သားအစားထိုး အသုံးပြုဖို့ စီစဉ်နေတာဖြစ်တယ်။
စစ်သားရှားဆို ဒီသတင်းလေးတွေသာ မြည်းကြည့်။ လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမ၊ ရေငံကျေးရွာ အနီးတွင် အင်အား ၁၀၀ ကျော်ပါဝင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၂၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦး ဖမ်းဆီးရမိသတဲ့။
ဩဂုတ်လအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့များ ရှိသည့် နေရာများသို့ စစ်ကောင်စီနှင့် လက်အောက်ခံ PNOပြည်သူ့စစ် က စစ်ကြောင်းထိုးကာ ပအိုဝ်းကျေးရွာများကို ပစ်ခတ်ဖျက်ဆီးလာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားမှု ၁၄ ကြိမ် ရှိခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး သေဆုံးခဲ့ပြီး အလောင်း ၃၁ လောင်း ကျန်ရှိခဲ့။
ရေစကြိုမြို့နယ်၊ ဟင်္သာရွာမှ တပ်စွဲနေထိုင်သော စခနှင့် ပျူစောထီး ၄၀ ကျော်သည် ၂၀၂၄၊ သြဂုတ် ၂၁ ရက်နေ့တွင် ၎င်းတို့၏ စခန်းအား စွန့်ခွာ၍ ပခန်းကြီးတပ်စခန်းသို့ ပြောင်းရွှေ့ချိန်တွင် နေ့လယ် ၁ နာရီ ၂၆ မိနစ်၌ Myingyan Black Tiger (MBT) နှင့် မဟာမိတ်မှ မောက္ကလန်ရွာ အနီးတွင် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စကစဘက်မှ ၇ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့။
အဲသလို ပီဒက်တွေလုပ်တဲ့ ခွေးမီးဖုတ်သတင်းတွေကိုက တနိုင်ငံလုံးမှာ တရက်ထက် တရက် တရိပ်ရိပ် တက်လို့လေ။ ERO တွေပါ တွက်လိုက်လို့ကတော့လား။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar