Breaking News

ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု ၇ နှစ်ပြည့်နဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ထပ်မံဖြစ်ပွားလာနိုင်ခြေ

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၄ မြင်ကွင်း 

(မိုးမခ) ဩဂုတ် ၂၅၊ ၂၀၂၄


ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု ၇ နှစ်ပြည့်နဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ထပ်မံဖြစ်ပွားလာနိုင်ခြေ 

လွန်ခဲ့တဲ့ ၇ နှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ ရိုဟင်ဂျာလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတွေကို မြန်မာစစ်တပ်က စစ်ဆင်ရေး ခေါင်းစဥ်အောက်မှာ ကျေးရွာနေအိမ်တွေနဲ့ အရပ်သားတွေကို ရှင်းလင်းရေးလုပ်ရာမှာ ရက်စက်တဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ ၁ သန်းဝန်းကျင်လောက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ နံနက်စောစောမှာ နယ်ခြားစောင့် နဲ့ ရဲကင်းစခန်း ၃၀ လောက်ကို ARSA လို့ အတိုကောက်ခေါ်ဆိုတဲ့ Arakan Rohingya Salvation Army လက်နက်ကိုင် အဖွဲ့က တပြိုင်တည်း တိုက်ခိုက်ခဲ့ရာမှာ ရဲ ဒါဇင်နဲ့ချီ သေဆုံးမှုကိုအကြောင်းပြုပြီး ထိုစဥ်က ရွေးကောက်ခံ အစိုးရအဖွဲ့ဖြစ်တဲ့ အန်အယ်လ်ဒီပါတီ ဦးဆောင်တဲ့ အစိုးရထံက အမိန့် ခွင့်ပြုချက်နဲ့ စစ်တပ်က နောက်ပိုင်း လူမျိုးတုံး သတ်ဖြတ်မှုလို့ ခေါ်ဝေါ်ခဲ့ကြတဲ့ စစ်ဆင်ရေးကို သီတင်း ၂ ပတ်ကြာ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးအတွင်း ကလေးငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အို အပါအဝင် အရပ်သားတွေ ကျေးရွာတရွာမှာ ရာဂဏန်းနဲ့ ချီ သတ်ဖြတ်ခဲ့ပြီး စုစုပေါင်း ၆ ထောင်ကျော်ကနေ ၁ သောင်းဝန်းကျင်အထိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေက သီတင်း ၂ ပတ်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ထိုစဥ်က တာဝန်ခံရမယ့် အစိုးရဖြစ်တဲ့ NLD ပါတီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကလည်း သေသေချာချာ မသိရှိခဲ့သလို အဆိုပါဒေသ ရခိုင်ပြည်နယ် မြောက်ပိုင်းကလွဲလို့ အခြားဒေသက မြန်မာနိုင်ငံသား အများစုကလည်း မသိရှိခဲ့ကြပါဘူး။ မြန်မာနိုင်ငံ အခြားဒေသက လူထုအနေနဲ့ သတင်းမီဒီယာတွေက ဖော်ပြသလောက်သာ သိရှိခဲ့ကြပြီး သတင်းမီဒီယာတွေ ကိုယ်၌က အဲဒီအချိန်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေပေါ်မှာ အချက်အလက် စိစစ်အတည်ပြုဖို့ထက် အမျိုးသားရေးဝါဒစွဲနဲ့ ဘာသာရေး ဝါဒအစွဲ ရပ်တည်ချက်တွေကြောင့် ဝါဒဖြန့်တဲ့ အချက်အလက်တွေကိုသာ ထပ်မံဖြန့်ဝေတာမျိုးကို မီဒီယာအများစုက လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး နယ်ပယ်၊ တက်ကြွလှုပ်ရှားသူ နယ်ပယ်က သူတွေအတော်များများလည်း အမျိုးသားရေး ဝါဒ၊ ဘာသာရေးမှိုင်းနဲ့ လူ့အခွင့်အရေး၊ အရပ်သား၊ လက်နက်ကိုင် မခွဲခြားဘဲ သတ်ဖြတ်ရှင်းလင်းခဲ့တဲ့ လုပ်ဆောင်မှုတွေကို အားပေး ထောက်ခံခဲ့ကြတဲ့ အဖြစ်တွေ ဖြစ်ခဲ့တာပါ။ 

 ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက် တိုက်ခိုက်မှုအပြီး စစ်တပ်က စစ်ဆင်ရေးလုပ်ဖို့ ထိုစဥ်က အစိုးရအဖွဲ့ရဲ့ အမိန့်ကို ၃ ရက်လောက်ထိ စောင့်ဆိုင်း နေခဲ့ရတယ်လို့လည်း အတွင်းစကားတချို့က ဆိုပြီး စစ်တပ်က စစ်ဆင်ရေးကို ၁ လခန့်အချိန်ပေးဖို့ တောင်းဆိုပေမယ့် သမ္မတနဲ့ အစိုးရအဖွဲ့က သီတင်း ၂ ပတ်သာ အချိန်ပေးခဲ့တယ်လို့လည်း အတွင်းစည်းက ထွက်လာတဲ့ သတင်းတချို့က ဆိုပါတယ်။ ဒီလို အချိန် ၂ ပတ်သာရ တာကြောင့် ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေမှာ အင်အားပိုသုံးခဲ့ရတဲ့ သဘောမျိုး ဆင်ခြေပေးတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုရှင်းလင်းရေး လုပ်ရာမှာ ၂၀၁၂ ခုနှစ် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို အကြောင်းပြုပြီး ရခိုင်လူမျိုးအချို့ရဲ့ ရိုဟင်ဂျာတွေအပေါ် ရှိနေတဲ့ အမုန်းတရားတွေ၊ လက်စားချေလိုမှုတွေကို စစ်တပ်က အသုံးချခဲ့ပြီး ကျေးရွာတွေ မီးရှို့တာ၊ အချို့သော သတ်ဖြတ်မှုတွေမှာ ရခိုင်ဒေသခံ အချို့ကိုပါ ပါဝင်ကူညီစေတာမျိုး လက်တွေ့ လုပ်ဆောင်စေခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။ သာဓက ဖြစ်ရပ် တခုအနေနဲ့ မောင်တောမြို့နယ်ထဲက အင်းဒင်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ ၁၁ ဦးကို သတ်ဖြတ်မှုဖြစ်ပြီး အစိုးရ စစ်တပ်က ရခိုင်ဒေသခံ အရပ်သားတွေကိုပါ သတ်ဖြတ်မှုမှာပါဝင်စေခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။ ဒီဖြစ်ရပ်က သတင်းမီဒီယာတခုက ဖေါ်ထုတ်ရာကနေ ဒီဖြစ်ရပ်မှာ တာဝန်ရှိတဲ့ စစ်အရာရှိ အချို့ကို ဖေါ်ထုတ်အရေးယူတာမျိုး လုပ်ခဲ့ရပေမယ့် ၂၀၁၇ ခုနှစ်သြဂုတ်လနှောင်းပိုင်းနဲ့ စက်တင်ဘာလ အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှုတွေ နဲ့ပတ်သက်လို့တော့ ဖေါ်ထုတ်အရေးယူတာမျိုး မရှိခဲပါဘူး။ 

 ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ဆုံးပတ်ကနေ စက်တင်ဘာ လလယ်ဝန်းကျင် ကာလအတွင်း စစ်တပ်က ကျူးလွန်ခဲ့ကြတဲ့ ကျူးလွန်မှုတွေရဲ့ တစိတ်တပိုင်းကို ၂၀၁၈ ခုနှစ်မှာ ပြည်ထောင်စု အစိုးရက ဖွဲ့စည်း တာဝန်ပေးခဲ့တဲ့ လွတ်လပ်သော စုံစမ်းရေး ကော်မရှင် ICOE ရဲ့ အစီရင်ခံစာမှာ တွေ့ရှိနိုင်တာ ဖြစ်ပါတယ်။ 

အရပ်သားနဲ့ လက်နက်ကိုင် မခွဲခြားဘဲ လူရာနဲ့ချီ သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တွေ မင်းကြီးရွာ/ တူလာတိုလီ၊ ချွတ်ပြင်၊ ဂူဒါးပြင်၊ အင်းဒင် စတဲ့ ကျေးရွာတွေမှာ အရပ်သားတွေ သတ်ဖြတ်ပြီး လူနေအိမ်တွေ မီးရှို့ဖျက်ဆီးကာ ကျေးရွာတရွာလုံး လူနေထိုင်ခြင်း မပြုနိုင်တော့အောင် အစိုးရ စစ်တပ်အနေနဲ့ ကျူးလွန်ခဲ့တာကို ICOE အစီရင်ခံစာမှာ တစိတ်တပိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ NLD အစိုးရအနေနဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အစီရင်ခံစာအရ တစိတ်တပိုင်း သိရှိခဲ့ပေမယ့် စစ်တပ်နဲ့ ပြဿနာ မဖြစ်စေလို့တဲ့ သဘောကြောင့်လား အတိအကျ မသိနိုင်တဲ့ အကြောင်းအချက်တွေကြောင့် ရခိုင်လူမျိုးတုန်း သတ်ဖြတ်မှုကို ICJ တရားရုံးမှာ အမှုစွဲတင်လာချိန် ၂၀၁၉ ခုနှစ်မှာ တက်တက်ကြွကြွ ခုခံကာကွယ်ဖို့ ပြင်ဆင်လုပ်ဆောင် ခဲ့တာတွေ့ရပါတယ်။ ၂၀၁၇ ခုနှစ် အဖြစ်အပျက်၊ ၂၀၁၉ ခုနှစ် ICJ မှာ ခုခံကာကွယ်ခဲ့တဲ့ အဖြစ်အပျက်တွေ နဲ့ ပတ်သက်လို့ စစ်အာဏာသိမ်းပြီးနောက်မှာ အထက်လွှတ်တော် ဥက္ကဌ ဖြစ်ခဲ့သူ မန်းဝင်းခိုင်သန်းကို သတင်းမီဒီယာ တခုက မေးမြန်းရာမှာ ၄င်းတို့အနေနဲ့ စစ်တပ်ကအစိုးရအဖွဲ့ထံ တင်ပြတဲ့ အချက်အလက်တွေကို တကယ့် အဖြစ်မှန်တွေ သဖွယ် ယုံကြည်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။ 

ဒါတွေက စစ်တပ်အနေနဲ့ ၂၀၁၇ ခုနှစ် ARSA တိုက်ခိုက်မှုကို အကြောင်းပြုပြီး ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုလို့ ဆိုဆို၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလို့ ဆိုဆို အရပ်သား ထောင်နဲ့ချီကို သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တွေ နဲ့ ပတ်သက်ပြီး သင်ခန်းစာယူစရာ ဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်တွေကနေ သင်ခန်းစာ မယူနိုင်ခဲ့ရင် အခုလို အချိန်ကာလမှာလည်း အရပ်သားတွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေ ထပ်မံဖြစ်ပွားနိုင်ချေ ရှိနေတာ ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားတဲ့ ဒေသတိုင်းမှာ ဖြစ်ပွားနိုင်ခြေရှိနေသလို ရခိုင်ပြည်နယ်လို လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေ ရှိနေတဲ့ လူမှုအဖွဲ့အစည်းတွေမှာ ပိုပြီး ဖြစ်ပွားနိုင်ခြေ မြင့်မားတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

အတိတ်က အမည်းစက်တွေ၊ ကျူးလွန်မှုတွေရဲ့ တာဝန်ခံမှု၊ တရားမျှတတွေ မရှာဖွေနိုင်သေးတဲ့ လွန်ခဲ့တဲ့ ၇ နှစ်ကာလ အတိတ်ရဲ့ သမိုင်းက အစဥ်ခြောက်လှန့်နေဦးမှာ ဖြစ်ပြီး လတ်တလော လက်နက်ကိုင် ပဋိပက္ခတွေအတွင်းမှာလည်း အလားတူ အဖြစ်မျိုးတွေ ပေါ်ထွက်မလာဖို့ အတိတ်က သင်ခန်းစာယူစရာတွေ အများအပြားရှိနေတဲ့ သဘောလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar