Breaking News

လေခဏီ - မင်းအောင်လှိုင်မှာများ တို့ဆေးရှိသလား

လေခဏီ - မင်းအောင်လှိုင်မှာများ တို့ဆေးရှိသလား

(မိုးမခ) စက်တင်ဘာ ၂ ၊ ၂၀၂၄



တရုတ်စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသား ဝန်ထမ်းတွေကို အကာအကွယ်ပေးရေးကိစ္စတွေ စကစနဲ့ သွားဆွေးနွေးရတယ်လို့ မာကျားရယ်၊ သူ့ဟာသူတောင် ဘယ်လို ကာကွယ်ရမှန်းမသိလို့ ဟိုနန်းပြေးလိုက် ဒီနန်းပြေးလိုက်နဲ့ လမ်းဘေးခွေးကမှ ဣန္ဒြေရသေး။ ခုဆို ရပ်ကွက်ထဲ ဝင်ပုန်းဖို့တောင်လုပ်နေပြီ။ စစ်တပ်ဘက်က ဝင်မပါရင် နင့်ဟာတွေ ပူစရာမလိုပါဘူး။ 

ပြည်သူတွေ စောက်ဖက်မလုပ်တဲ့ကောင်နဲ့ ပေါင်းပြီး ရူးတူးတူး ပေါတောတော ရွေးကောက်ပွဲစကားတွေ မပြောတော့တာဘဲ ကောင်းပါတယ်။ ဟိုမှာဖြင့် ပါတီဆိုင်းဘုတ်တောင် မထောင်ရဲရတဲ့ကြား ရှိတဲ့ပါတီဝင်လေးတောင် စစ်သားတောင်းနေလို့ ဘာလုပ်ရမှန်း မသိပါဘူးဆို။ နင်တို့ဟာတွေ အဲကောင် ဖျက်မှာလဲ ပူမနေနဲ့။ သူ့ပြေးလမ်း သူမပိတ်ဘူးရယ်။ 

စစ်အုပ်စုရှိနေသ၍ ဘယ်အိမ်နီးချင်းမှ စိတ်မချမ်းသာရဘူး။ ဒါကို ဒီကောင်ပြုတ်ရေး ဝိုင်းလုပ်ပေးကြမယ်မရှိဘူး။ ဟောကြည့်၊ ခု ထိုင်းမှာ ဆေးပြား ဆယ့်တသန်း မိသတဲ့။ ဘတ်ငွေ သန်းပေါင်း နှစ်သောင်းကျော်ဖို့း။ ဒါက မိတဲ့ဟာ။ မမိတာတွေ တပုံကြီး။ ပြည်သူ့စစ်တို့ BGF တို့ဆိုတာ သူတို့နယ်မြေမှာ ဒါတွေ ထိုင်လုပ်နေတာလေ။ ဇီးပြားတောင် သူတို့မီအောင် မထုတ်နိုင်ဘူး။ ဆေးပြားက အဲလောက်လွယ် အဲလောက် ပေါတာ။ 

ရိုဟင်ဂျာအရေး ကြည့်မလား။ ဘယ်လောက် ဒုက္ခပေးထားလဲ။ ကမ္ဘာနဲ့ချီပြီးတောင် တရားစွဲထားသေးတာ။ ကနေ့ထိ ရိုတွေ ဒုက္ခနွံထဲမှာ။ အမယ် ဒါတောင် ရိုခေါင်းဆောင်များက ဘာစိတ်ကူးတယ်မသိ၊ သူတို့ကို လူမျိုးတုံး သတ်ဖြတ်ထားတဲ့ စစ်တပ်နဲ့တောင် ပြန်ပေါင်း ဒီဘက်လှည့်ထောင်းသေးတာ။ တရားစွဲဖို့လုပ်နေတဲ့ စရိတ်တွေသာ တော်လှန်ရေးထဲထည့်ခဲ့ရင် မင်းအောင်လှိုင်ကြိုးစင်တင်ပြီးရော့မယ်။ 

ကျားဖြန့်ကြည့်မလား၊ တကမ္ဘာလုံးက လိမ်ပေးနေရတဲ့ သားကောင်တွေ မြန်မာပြည်မှာ အပြည့်။ အလိမ်ခံနေရတဲ့ သားကောင်တွေလဲ ကမ္ဘာမှာ အပြည့်။ တနေ့ကမှ အိန္ဒိယတွေ မြဝတီကနေ ကယ်ထုတ်သွားရတာ။ အရင်ထုတ်ထားရတဲ့ အကြိမ်လဲ မနည်းတော့ဘူး။ ပြည်တွင်း ပြည်ပ သားကောင်တွေ အများကြီးကျန်သေး။ တရုတ်ကတင် ပြန်ခေါ်ရတာ ငါးသောင်းကျော်ပြီ။ ပြည်သူ့စစ်နဲ့ BGF မွေးထားပြီး မဟုတ်တာ မှန်သမျှလုပ်နေတဲ့ ဒီစစ်တပ်ကြီးကို တရုတ်တို့ ထိုငိးတို့ ဘင်္ဂလား‌ဒေ့ရှ်တို့ အိန္ဒိယတို့က ဘာစိတ် ဘာမူနဲ့ ထောက်ခံ ဝန်းရံနေကြမှန်းကို မသိတာ။ မင်းအောင်လှိုင်မှာများ တို့ဆေးရှိသလား။ သူတို့တွေ ကြည့်လိုက်ရင် မင်းအောင်လှိုင်နဲ့စစ်တပ်က အင်နိုးဆင့်ကလေး။ တော်လှန်သူတွေက မှားနေပုံမျိုး။ အားပေးချီးမြှောက် လက်နက်ထောက်ပံ့ရတာနဲ့။ သတင်းမေးရတာနဲ့။ ထမင်းကျွေးရတာနဲ့။ ဒီဘက် တော်လှန်သူတွေကို တပ်မတော်ကြီးနဲ့အတူ ဖြတ်လေးဖြတ်ဝိုင်းဖြတ်ရတာနဲ့။ သူတို့သာ တော်လှန်ရေးကို အားနည်းနည်းပေးလိုက်ရင်ကို ကိစ္စပြတ်တာကြာပြီ။ သူတို့ဘဲ မမြဝင်းဆင်ဒရုန်းဖြစ်နေသလား။ ဒါမှမဟုတ် အစိုးရ ဆိုတဲ့ကောင်တွေရဲ့ စောက်ချိုးဘဲလား။ 

ငါတို့မှာ ငါတို့ပဲ ရှိတယ်ဆိုတာ သိပ်မှန်တယ်။ ကိုယ့်တော်လှန်ရေး မျဉ်းကွေးမသွားဖို့ပဲ။ ဘေးနိုင်ငံတွေဆိုတာ မြန်မာဇာတ်ကားထဲက ရဲတွေလို ပွဲပြီးခါနီးမှ ရောက်လာကြမှာ။ ငါတို့မှာ ငယ်ငယ်က တရုတ်တော်လှန်ရေးစာအုပ်တွေ ဖတ်ပြီး ဟာ ရှယ် ကွန်မြူနစ်ကြီးတွေဆိုပြီး အဟုတ်မှတ်နေတာ။ သူတို့စာအုပ်တွေ ဖတ်ပြီး လတ်လျားလတ်လျား အချိန်ကုန်ခဲ့တဲ့နှစ်တွေတောင် နည်းမှတ်လို့။ လတ်စသတ်တော့ ဒို့တော်လှန်ရေးကို အသိအမှတ်ပြုဖို့ထား၊ ရေနှစ်တဲ့ စစ်အာဏာရှင်ဘက်ကနေတောင် ဝါးလုံးနဲ့ ဝိုင်းထိုးပေးသေးတာ။ ရန်ပွဲကို ဝင်ဆွဲသလိုလိုနဲ့ ချုပ်ပေးသေးတာ။

သူများ ပြည်တွင်းရေး ဝင်မစွက်ရ ဆိုတာကြီးကလဲ နားကြားပြင်းကတ်အောင် ကြားနေရသေးတာ။ 





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar