Breaking News

ငွေကြေးဖောင်းပွမှုနဲ့ မတန်တဆမြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေ

မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၂၄


ငွေကြေးဖောင်းပွမှုနဲ့ မတန်တဆမြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေ 

မြန်မာနိုင်ငံတွင်းမှာ နေထိုင်ရှင်သန်နေကြရတဲ့ လူထုတွေ အနေနဲ့ ငွေကြေးဖောင်းပွမှု နဲ့ အဆမတန်မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေရဲ့ ဒဏ်ကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ကြရမလဲ ဆိုတာက နေ့စဥ် နေ့တိုင်း မိုးလင်းအိပ်ရာနိုးတဲ့အချိန်က စလို့ ညမိုးချုပ်သည် အထိ အတွေးထဲ ရှိနေကြရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ခုရက်ပိုင်းကြေညာလိုက်တဲ့ စက်တင်ဘာ ၁ ရက်နေ့က စလို့ မီတာခ တိုးမြှင့်မယ် ဆိုတဲ့ သတင်း၊ ဘဏ်အတိုးနှုန်း တိုးမြှင့်လိုက်တဲ့ သတင်းတွေ ကြားသိကြရပြီး ဓါတ်ဆီ ဒီဇယ်ဆီစျေးနှုန်းလည်း တလီတာမှာ ကျပ် ၁၂၅/ ၁၅၀ လောက်မြင့်တက်လာတာလည်း ကြားသိရပါတယ်။ 

ဘဏ်တိုးနှုန်း မြှင့်တင်လိုက်ခြင်းနဲ့ လျှပ်စစ်မီတာခ တိုးကောက်ခြင်းတို့က ငွေကြေးဖောင်းပွလာနေပြီး ကျပ်ငွေ တန်ဖိုးကျဆင်းနေတာကို တရားဝင် အသိအမှတ်ပြုလိုက်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ မြန်မာကျပ်ငွေနဲ့ ကန်ဒေါ်လာ လဲနှုန်း အခြားနိုင်ငံခြားငွေလဲနှုန်းတွေက ဗဟိုဘဏ်က အမျိုးမျိုး သတ်မှတ်ထားတာ တွေ့ရသလို ပြင်ပဈေးကွက်မှာ တကယ်အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးက လည်း သီးခြားစီ ဖြစ်နေတာပါ။ ပို့ကုန်တင်ပို့ပြီး ရလာတဲ့ နိုင်ငံခြားငွေ လဲနှုန်း၊ ပြည်ပမှာ အလုပ်လုပ်ကိုင်ပြီး တရားဝင်လမ်းကြောင်းကနေ မိသားစုထံ ပြန်ပို့တဲ့အခါ ရတဲ့ ငွေလဲနှုန်းထားတွေက အသီးသီး မတူကွဲပြားနေကြတာ ဖြစ်ပါတယ်။ 

ရွှေတကျပ်သားဈေးနှုန်းကို လေ့လာကြည့်ရင်လည်း ရွှေလုပ်ငန်းရှင်အသင်းက ထုတ်ပြန်တဲ့ ဈေးနှုန်းက အပြင်မှာ အမှန်တကယ်ပေးချေရတဲ့ နှုန်းထားနဲ့ ပမာဏ များစွာခြားနားနေတာလည်း တွေ့ရမှာဖြစ်ပါတယ်။ ရွှေလုပ်ငန်းရှင် အသင်းက တကျပ်သားကို ကျပ် ၃၆ သိန်းကျော်သာ သတ်မှတ်ထားချိန်မှာ ပြင်ပစျေးကွက်မှာ ကျပ် သိန်း ၆၀ ကနေ ၇၀ ကျော် ၈၀ ဝန်းကျင်အထိ ရှိနေတာလည်း ဖြစ်ပါတယ်။ ရွှေဆိုင်တွေ အနေနဲ့ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ရွှေသတ်မှတ်ဈေးနဲ့ ရောင်းချဖို့ အတွက် အမှန်တကယ် ဖြစ်နေတဲ့ ဈေးနှုန်းလည်း ရအောင် လျှော့တွက်ကို သဘာဝမကျတဲ့ ပမာဏ သတ်မှတ်ပြီး ရောင်းချနေကြတာလို့လည်း ဆိုကြပါတယ်။ 

စျေးကွက်မှာ ဖြစ်ပေါ်နေတဲ့ စျေးနှုန်းကို ထိန်းချုပ်ဖို့ ကြိုးစားရာမှာ ကျပ်ငွေ တန်ဖိုးကျဆင်းတဲ့ အကြောင်းရင်းကို အဖြေမရှာနိုင်ဘဲ အကျိုးသက်ရောက်မှုကို ဖမ်းဆီးတဲ့၊ ခြိမ်းခြောက်တဲ့နည်းလမ်းတွေနဲ့  လုပ်ဆောင်တဲ့အခါ ဈေးကွက်မှာ အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ရောင်းချနေကြတာမျိုး ဖြစ်လာတဲ့ သဘောဖြစ်ပြီး  ငွေဖောင်းပွမှုကို မထိန်းချုပ်နိုင်ဘဲ လောင်စာဆီစျေး၊ စားသုံးဆီစျေး၊ ဆေးဝါးနဲ့ နေ့စဥ် စားသောက်ကုန်၊ သွားလာမှုစရိတ်တွေ မထင်မှတ်လောက်အောင် မြင့်တက်လာနေတာ တွေ့နေရတာပါ။ 

ပြည်တွင်းမှာ ထွက်ရှိတဲ့ ဆီထွက်သီးနှံတွေနဲ့ မလုံလောက်တာကြောင့် တင်သွင်းရတဲ့ စားအုန်းဆီ ပမာဏကို လျှော့ချထားတာကြောင့် စားသုံးဆီ စျေးနှုန်းတွေ ငွေလဲနှုန်းအရ ဖြစ်သင့်တဲ့ စျေးထက်များစွာ မြင့်တက်နေတဲ့ အကျိုးဆက်ကိုလည်း မြန်မာနိုင်ငံက လူထု အနေနဲ့ ခံစားနေကြရတာ ဖြစ်ပါတယ်။ နေ့စဥ် စားသောက်ကုန်တွေအနက် အဓိကကျတဲ့ စားသုံးဆီဈေး မြင့်တက်ခြင်းက ဝင်ငွေနည်းတဲ့ သာမန်လူတန်းစားအလွှာကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနေတာဖြစ်ပါတယ်။ ဆီ ၅၀ သား ဝယ်ယူခွင့် စာအုပ်တွေ ရပ်ကွက်အလိုက် ထုတ်ဝေနေကြပြီး လွန်ခဲ့တဲ့ နှစ် ၄၀/ ၅၀ ခေတ်က ပြည်ပကတင်သွင်းမှု ပိတ်ပင်ထားတဲ့ မဆလ ခေတ်က ရှားပါးလွန်းတဲ့ ကာလတွေကို ပြန်လည် အမှတ်ရ နှိုင်းယှဥ်စရာ  ဖြစ်နေတာပါ။ လောင်စာဆီ စျေးနှုန်းကိုလည်း အရှင်မဟုတ်တဲ့ နိုင်ငံခြားငွေလဲနှုန်းတခု သတ်မှတ်ပြီး စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို ဗဟိုဘဏ်က ခွဲတမ်းနဲ့ ရောင်းချပေးတာရဲ့ အကျိုးဆက်က ဓါတ်ဆီ၊ ဒီဇယ်ဆီ ဝယ်ယူဖို့ နာရီများစွာ စောင့်ဆိုင်းတန်းစီပြီး ဝယ်ယူကြရတာ၊ ခရီးသွားလာစရိတ်တွေ ထပ်မံမြင့်တက်စေတာ တွေဖြစ်လာပြန်ပါတယ်။ စက်သုံးဆီ ဝယ်ယူရခက်ခဲတဲ့ ပြဿနာက ကုန်စည်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး စတာတွေကို အဆင့်ဆင့် သက်ရောက်စေပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်တာတွေ  ကုန်စျေးနှုန်း ကြီးမြင့်တာတွေ တပတ်လည်လာစေတာဖြစ်ပါတယ်။ 

နောက် ဈေးနှုန်းကြီးမြင့်တဲ့ မရှိမဖြစ် ကုန်ပစ္စည်းတမျိုးက လူတွေရဲ့ ကျန်းမာရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ဆေးဝါး ဖြစ်ပါတယ်။ စစ်ကောင်စီက ဆေးဝါးတင်သွင်းရာမှာလည်း သွင်းကုန်လိုင်စင်ကို ကန့်သတ်လိုက်ပြန်တာကြောင့် ဆေးဝါးတင်သွင်းမယ့် ကုမ္ပဏီအနေနဲ့ ပြည်ပကို ပို့ကုန်ပို့ပြီး ရထားတဲ့ နိုင်ငံခြားငွေ ရှိရမယ်လို့ ကန့်သတ်လိုက်ပြန်ပါတယ်။ ပိုမိုခက်ခဲအောင် လုပ်ဆောင်လိုက်တာ၊ မြန်မာကျပ်ငွေ တန်ဖိုးက လျင်မြန်စွာ ကျဆင်းနေတဲ့ ကာလတွေမှာ ဆေးဝါးဖြန့်ချိတဲ့ ကုမ္ပဏီတွေက ပစ္စည်းကို ထိန်းချုပ်ထားတာတွေကြောင့် ဆေးဝါးလိုအပ်တဲ့ လူထုအနေနဲ့ စျေးကြီးကြီးနဲ့ ပေးဝယ်ကြရတာ၊ အသက်အန္တရာယ်အတွက် စိုးရိမ်ကြောင့်ကြမှုတွေ လူတွေအကြား မြင့်တက်လာပြန်ပါတယ်။ 

စစ်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ နိုင်ငံ၊ စစ်ပွဲရဲ့ အကျိုးဆက်ဖြစ်တဲ့ လမ်းပန်းဆက်သွယ်မှု ပျက်စီး ပြတ်တောက်တာတွေ၊ အကောက်အခွန် သတ်သတ်မှတ်မှတ် နှုန်းမရှိဘဲ ကောက်ခံနေကြတာတွေက ကုန်ပစ္စည်း ထုတ်လုပ် တင်ပို့တာတွေအပေါ်  ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေပြီး ထုတ်ကုန်တွေ မှာ အကျိုးအမြတ် နည်းပါးလာသလို သွင်းကုန်တွေမှာ စျေးနှုန်းကြီးမြင့်စွာ ပေးပြီး သုံးစွဲကြရတာ ဖြစ်ပါတယ်။ 

ဒီလို အခြေအနေအောက်မှာ ရှင်သန်နေထိုင်နေကြရတဲ့ လူထုအနေနဲ့ အသက်ရှင် သန်ကျန်ရစ်ဖို့က ကြီးမားတဲ့ တာဝန်၊ ဝန်ထုပ်ဝန်ပိုး ဖြစ်လာနေတာပါ။ တဖက်မှာလည်း မှောင်ခိုစီးပွားရေး၊ ပေါ်ပေါ်ထင်ထင် လာဘ်ငွေတောင်းခံမှုတွေနဲ့ ခေတ်အပျက်မှာ ဝင်ငွေကောင်းကြတဲ့ လက်တဆုပ်စာသော လူတန်းစားအလွှာလည်း အခုလို ကာလမှာ ပေါ်ထွန်းလာနေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့၊ မန္တလေးမြို့တို့မှာ ဘားတွေ၊ ကလပ်တွေမှာ ငွေကြေး လွယ်လွယ်သုံးစွဲနိုင်ကြသူတွေနဲ့ စည်ကားနေကြတဲ့ ပုံရိပ်တွေလည်း တဖက်မှာ ဒုက္ခပင်လယ်ဝေနေကြတဲ့ မြင်ကွင်းတွေနဲ့အတူ တပြိုင်ထည်းလိုလို တွေ့မြင်နေကြရပါတယ်။ ရပ်ကွက်တွေထဲ မှာ လမ်းမတန်းတွေမှာ ညဘက်ဆို ကားတွေ တန်းစီပြီး စည်ကားနေကြတဲ့ မြင်ကွင်းတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ စစ်ဘေး တိုက်ပွဲဒဏ်ကြောင့် သေကြေ၊ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အဖြစ်တွေက တပြိုင်နက်တည်းလို ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။⁩




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar