Breaking News

ရေဘေးသင့်ဒေသတွေနဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ ကယ်ဆယ်ရေး လက်တံ

မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၄ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၂၄⁨⁨⁨⁨


ရေဘေးသင့်ဒေသတွေနဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ ကယ်ဆယ်ရေး လက်တံ

စက်တင်ဘာ ၁၀ ရက် ၁၁ ရက်နေ့တွေက စတင်ဖြစ်ပွားခဲ့တဲ့ ရေဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေနဲ့ ပတ်သက်တဲ့ သတင်းတွေက သတင်းခေါင်းစီးတွေမှာ အပြည့်ဖြစ်နေဆဲဖြစ်ပြီး လူအသေအပျောက် ကိန်းဂဏန်းတွေ၊ အကူအညီအရေးတကြီး လိုအပ်နေတဲ့ အကြောင်း ဒေသအသီးသီးကို ဆက်သွယ်မေးမြန်း ရေးသားထားတဲ့ သတင်းတွေ၊ လူ၊ နေအိမ်၊ ကျွဲနွားတိရိစ္ဆာန် ဆုံးရှုံးမှုတွေ၊ ထိခိုက်ပျက်စီးသွားတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ နဲ့ လမ်းတံတားတွေ စတဲ့  သတင်းခေါင်းစဥ်တွေက သတင်းဌာနတွေရဲ့ သတင်းတွေမှာနေရာ အပြည့်ယူထားကြပါတယ်။ လတ်တလော ရေကြီးနေဆဲ နဲ့ မုန်တိုင်းကြောင့် အဆမတန်ရွာချထားတဲ့ ရေတွေကို သယ်ဆောင်လာတဲ့ မြစ်ရေစီးဆင်းရာ မြစ်ကြောင်းတလျှောက်မှာ နေထိုင်ကြတဲ့ ရွာတွေ မြို့တွေရဲ့ အန္တရာယ် ကျရောက်နိုင်ခြေစတာတွေက သတင်းတွေရဲ့ ၈၀/ ၉၀ ရာနှုန်းကို နေရာယူထားကြတာပါ။ 

အခု စက်တင်ဘာ ၁၄ ရက်နေ့မှာ ရေမြင့်တက်နေဆဲနဲ့ အန္တရာယ်ရှိတဲ့ ရေအမြင့်မှာ တည်ရှိနေ၊ တက်နေတဲ့မြို့တွေကတော့ ပဲခူးတိုင်း တောင်ငူမြို့၊ ရှမ်းပြည်နယ် ညောင်ရွှေ၊ အင်းလေးကန်ထဲက ကျေးရွာတွေ ဖြစ်ပါတယ်။ 

ပြည်တွင်း ပြည်ပမှာရှိတဲ့ မြန်မာပြည်သူတွေက စစ်ဘေးသင့် ပြည်သူတွေအပြင် ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ ထောက်ပို့ကူညီမှုတွေ ဆောင်ရွက်နေကြတာ တွေ့ရပါတယ်။ NUG အစိုးရ၏ လူသားစာနာဝန်ကြီးဌာနကို ဦးတည်ပြီးတော့ ငွေကြေးနဲ့ အခြားကူညီတွေ ပေးပို့ကြသလို၊ NUG နဲ့ ၎င်း၏ အင်အားစုများ ဌာနဆိုင်ရာများကလည်း NUG ၏ ဝန်ကြီးဌာနများကနေတဆင့် ကူညီကြဖို့ တိုက်တွန်းနှိုးဆော်ကြတာ တွေ့ရပါတယ်။ NUG အင်အားစုများအပြင် စစ်ဘေးနဲ့ ရေဘေးသင့်နေတဲ့ နယ်မြေတွေမှာ ရှိနေတဲ့ နွေဦးတော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေ သပိတ်အင်အားစုတွေကိုယ်တိုင်ကပါ ၎င်းတို့၏ ကွန်ရက်တွေကနေ တိုက်ရိုက် ထိထိရောက်ရောက်ကူညီနိုင်တဲ့အကြောင်း အသီးသီး ထုတ်ပြန်လာကြပါတယ်။ စစ်ဘေးနဲ့ တွဲပြီး ရေဘေးပါသင့်နေတဲ့ ဒေသမဟုတ်ဘဲ ရေဘေးချည်းသက်သက် ခံစားနေရတဲ့ ဒေသတွေမှာတော့ စစ်ကောင်စီနဲ့ တိုက်ရိုက်ပတ်သက်တဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေ ဘာသာရေးအဖွဲ့အစည်းတွေက တက်တက်ကြွကြွ အလှူခံလာကြသလို လူမှုရေးသက်သက်ဆောင်ရွက်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း အဆိုပါ ရေဘေးသင့်ပြည်သူတွေအတွက် ကူညီပံ့ပိုးမှုတွေ လုပ်နေတဲ့အကြောင်း ထုတ်ပြန်လာတာ တွေ့ရပါတယ်။

ရေဘေးသင့်နေတဲ့ ဒေသတွေနဲ့ စစ်ဘေးခံနေရတဲ့ ပြည်သူတွေအတွက်တော့ လက်နက်ကိုင်ပဋိပက္ခကနေ လွတ်ကင်းခွင့်မရကြတာလည်း မှတ်တမ်းပြုထားရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်တွေနဲ့ လေတပ်က တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ လွှမ်းမိုးနယ်မြေတွေက အရပ်ဘက်နေရာတွေကို ပစ်မှတ်ထားပြီး တိုးမြှင့်တိုက်ခိုက်နေဆဲဖြစ်တာကို ဝမ်းနည်း စက်ဆုပ်ဖွယ်ရာ မြင်တွေ့နေရတာ ဖြစ်ပါတယ်။ ထို့အတူ စစ်ကောင်စီ၏ ရန်ကို တွန်းလှန်ခုခံဖို့အတွက် ရေဘေးကြားထဲကနေ တိုင်းရင်းသားအဖွဲ့တွေ PDF ၊ local PDFနဲ့ ပကဖအဖွဲ့တွေကိုယ်တိုင်ကလည်း စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်နေကြတာ မြင်တွေ့ရပါတယ်။ သည်အတွက်ကြောင့် ရေဘေးသင့်ဒေသတွေမှာ နှစ်ဖက်စလုံးက အပြုသဘောဆန်တဲ့ ရေဘေးကူညီမှုတွေ ထိရောက်စွာ ပေးနိုင်ကြဖို့ နိုင်ငံရေးအရ နားလည်မှု မယူနိုင်သေးရင်တောင်မှ လူမှုရေးနဲ့ လူသားစာနာအခြေခံပြီး ကိုယ့်ပြည်သားအချင်းချင်း သဘောတူညီမှုတခုခု ယူနိုင်ကြမလားလို့ မျော်လင့်ချင်ပေမယ့် မလွယ်ကူသေးတာ တွေ့ရပါတယ်။

သည်ကြားထဲ ထူးခြားတာ တခုကတော့ မြန်မာပြည်အပြင် အိမ်နီးချင်းနိုင်ငံတွေမှာ တိုက်ဖွန်းမုန်တိုင်း ယာဂီဒဏ်ကြောင့် အပြင်းအထန် အသေအပျောက် ပြင်းထန်နေချိန်မှာ  မြန်မာနိုင်ငံရှိ တရုတ်သံရုံးက သူတို့နိုင်ငံရေးရပ်တည်ချက်ကို ထုတ်ပြန်ဖြေရှင်းတာ ဖြစ်ပါတယ်။ မြန်မာပြည်၏ ပြည်တွင်းရေးကို ဝင်မစွက်ကြောင်း၊ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ စစ်ပွဲများကို ဆန့်ကျင်ကြောင်း၊ ပြည်ပက ဝင်ရောက် စွက်ဖက်မှုကို ဆန့်ကျင့်ကြောင်းကို ထပ်လောင်း ပြောကြားလိုတယ်လို့ ဖော်ပြထားပါတယ်။ အကြောင်းမဲ့ တရုတ်နိုင်ငံကို ပြစ်တင်တဲ့ ပြောဆိုမှုတွေကို ဆန့်ကျင်တယ်လို့လည်း ပြောထားပါတယ်။  တရုတ်သံရုံး၏ ထုတ်ပြန်ချက်မှာ အဓိကအားဖြင့် မြန်မာပြည်မြောက်ပိုင်း ပြန်လည် တည်ငြိမ်ရေးကို အားပေးကြောင်း၊ အဲသည်အတွက် တရုတ်အစိုးရက ပါဝင်မယ်လို့လည်း ဖော်ပြထားတာကြောင့် မြန်မာပြည်တွင်းရေးကို တရုတ်အစိုးရက ဆက်လက် ပတ်သက်နေမယ်လို့ ဆိုထားသလို ဖြစ်နေပါတယ်။ အခုလို သဘာ၀ဘေးဒဏ်ကြောင့် မြန်မာပြည်သူတွေအားလုံး အသက်အန္တရာယ် ရင်ဆိုင်နေရချိန်မှာလည်း တရုတ်အစိုးရက သူတို့နိုင်ငံရေးရပ်တည်ချက်ကိုပဲ အာရုံပြု ကာကွယ်တဲ့ သဘောထားကို ထုတ်ပြန်လိုက်တာကို တွေ့ရပါတယ်။ 

ယခု မြန်မာပြည်နဲ့ အိမ်နီးချင်းတွေကို တိုက်ခိုက်နေတဲ့ မုန်တိုင်း ယာဂီဟာ အပူပိုင်းဆိုက်ကလုန်းမုန်တိုင်းဖြစ်ပြီး ရာသီဥတုပြောင်လဲမှုကြောင့် ဖြစ်ပေါ်လာတယ်လို့ မိုးလေဝသပညာရှင်တွေက ဆိုပါတယ်။ အမေရိကန်ပြည်တွင်းကို အတ္တလန်တိတ်သမုဒ္ဓရာကနေ ဖြတ်ဝင်တိုက်ခတ်နေတဲ့ ကြီးမားပြင်းထန်တဲ့ မုန်တိုင်းတွေကြောင့် ထိခိုက်ပျက်စီးမှုတွေ ၂၀၂၄ အတွင်းမှာ အလွန်များပြားခဲ့ပါတယ်။ 

အပူချိန်မြင့်တက်ပြီး မိုးခေါင်မှုကို ခံစားလာရတဲ့ အရှေ့အာရှ၊ အရှေ့တောင်အာရှဒေသတွေကလည်း အလားတူ မုန်တိုင်းကြီး၏ စတင်ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးမှုတွေကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ အရပ်ဘက်အစိုးရတွေ နဲ့ အကျင့်ပျက်ခြစားမှုတွေ နည်းပါးတဲ့ အုပ်ချုပ်ရေးစနစ်တွေ ကျွမ်းကျင် ပညာရှင်တွေရှိတဲ့ တိုင်းပြည်တွေမှာကတော့ ကြိုတင်ကာကွယ်ဖို့၊ မုန်တိုင်းအလွန် ကယ်ဆယ်ရေ ကုသရေး ပြန်လည်တည်ဆောက်ရေးတွေလုပ်ဖို့ အချိန်ကောင်း အခြေအနေကောင်းတွေ ပေးနေသော်လည်း မြန်မာနိုင်ငံကဲ့သို့ စစ်မက်ဖြစ်ပွားပြီး အုပ်ချုပ်ရေး အစစ ယိုယွင်းပျက်စီးနေတဲ့ တိုင်းပြည်မှာကတော့ သဘာ၀ဘေးဒဏ်ကို ကာကွယ်ဖို့ ကယ်တင်စောင့်ရှောက်ဖို့ ခြေတံ လက်တံတွေ ကျယ်ပြန့်အားကောင်းမှာ မဟုတ်တာ သေချာပါတယ်။ 

တော်လှန်ရေးအင်အားစုတွေကိုယ်တိုင်က သည်အချက်ကို အရေးတကြီး အရေးပေါ်အချက်အဖြစ် သဘောထားပြီးတော့ တော်လှန်ရေးပေါ်လစီတခုအဖြစ် ထည့်သွင်းချမှတ်ဖို့ ပြည်သူတွေအတွက် စဉ်းစားထားဖို့ လိုအပ်မယ်ဆိုတာ တိုက်တွန်းလိုက်ရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar