Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မအလခရေကြွေရက်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မအလ ခရေကြွေရက်

(မိုးမခ) စက်တင်ဘာ ၁၅ ၊ ၂၀၂၄


ဗီဇာပေးပြီးသားဆို လေဆိပ်က တားတယ်။ နိုင်ငံခြားရောက်ပြီးသားဆို ကာလတိုဗီဇာ ပိတ်ပြီး ပြန်လာအောင် လုပ်တယ်။ မပြန်လာသေးသူဆို လုပ်ခရတဲ့ငွေ ၂၅ ရာခိုင်နှုန်း ပြန်လွှဲခိုင်းတယ်။ စစ်လုပ်သား ငတ်နေတော့ လုပ်မိလုပ်ရာ လုပ်နေတယ်။ မဲနဲ့ ဆွဲမရတော့ လမ်းပေါ် တက်ဆွဲ၊ ကားပေါ်တက်ဆွဲ၊ အိမ်ပေါ်တက်ဆွဲ၊ အလုပ်ရုံဝင်ဆွဲရာက  လေဆိပ် ဝင်ဆွဲထိ လုပ်လာတယ်။ လူငယ် မရတော့ လူရွယ်။ လူရွယ် မရတော့ လူကြီး၊ လူကြီး မရတော့ အမျိုးသမီး။ 

ပအိုဝ်းတိုင်း စစ်သား၊ စစ်သားတိုင်း ပအိုဝ်းလို့ ဦးအောင်ခမ်းထီက လိုင်းချတယ်။ ပအိုဝ်းတွေဆီက စကစ ရသလား၊ စကစဆီက ပအိုဝ်းတွေ ရသလား။ အဲဒီအချိုးနဲ့ တတိုင်းပြည်လုံးကို စစ်ဘီလူးဇာတ်သွင်းတယ်။ ပြည်သူတွေ ပိုင်ဆိုင်တဲ့ ငွေကြေးစည်းစိမ်မှန်သမျှ စစ်စရိတ် လုပ်ခိုင်းတယ်။ ခွေးဘီလူးကြီး လွတ်နေသ၍ ပြည်သူတွေ ခွေးဘေးသင့်နေရတော့မှာ။ 

သစ်ဓားပြတွေဒဏ်၊ ရွှေမုဆိုးတွေဒဏ်၊ တောဘီလူးတွေဒဏ်၊ ပညာမဲ့တွေဒဏ်၊ ပညာရေးအညံ့ဒဏ်၊ ခရိုနီတွေဒဏ်၊ အမြော်အမြင်မဲ့တွေဒဏ်၊ အစီအမံမတတ်သူတွေဒဏ်၊ အာဏာရူးတွေဒဏ်၊ ဘယ်သူသေသေ ငတေမာတွေဒဏ်၊ အာဏာပိုင် ကြောက်တဲ့ဒဏ်ကို စစ်ဘေး၊ မီးဘေး၊ ရေဘေး၊ မင်းယုတ်မင်းစုတ်ဘေး၊ သူခိုးဘေး၊ ဓားပြဘေး၊ မုဒိမ်းဘေး၊ အုပ်ကြီးဘေး၊ လူလွန်မသားဘေး အဖြစ်နဲ့ တချိန်တည်း စုပြုံခံနေရတယ်။ 

ဒီတိုင်းပြည်မှာက အစိုးရ ဖြစ်လာရင်လဲ မြေကြီးယက်ဖို့ဘဲ လုပ်ကြတော့တာ။ ရွှေရှာမယ်၊ ကျောက်တူးမယ်၊ တောင်ဖြိုမယ်၊ တောခုတ်မယ်ဘဲ။ အလုပ်အကိုင်တွေ ပေါ်လာအောင် မဖန်တီးသလို အလုပ်သမားခ ဟန်ကျပန်ကျရအောင်လဲ မလုပ်ကြဘူး။ အလုပ်သမားအတွက် အကာအကွယ် မရှိဘူး။ မြေသိမ်းမယ်ပဲ ရှိတယ်။ မြေယာဖော်မယ် မရှိဘူး။ အဲဒီမှာ အားလုံး အလွယ်လမ်း လိုက်ချင်လိုက်၊ မလိုက်ရင် နိုင်ငံခြားထွက်ပဲ ရှိတော့တာ။ ခုဆို အရွယ်ကောင်းတောင် မကျန်သလောက်။ ကျန်သူတွေကလဲ စစ်ဘီလူး၊ လူသားဆက်မစားနိုင်အောင် တိုင်းပြည်အေးချမ်းပြီး သာယာအောင် ပညာနိုင်ငံ ထူနိုင်အောင် လက်နက်ဆွဲတိုက်ကြရတော့တာ။ အပြင်ရောက်သူတွေလဲ ထောက်ပို့လုပ်ကြရတော့တာ။ ပြာပုံအောက် ရွှံ့ နွံအောက် စစ်ဖိနပ်အောက်က ကျွန်သဘောက်နိုင်ငံကို အတူတူ ကယ်တင်ဖို့ လုပ်နေကြတာ။ အဲဒါကြောင့်လဲ ပလ္လင်သူခိုးက ပြည်တွင်းတင်မက ပြည်ပပါ ရသလောက် လှမ်းနှိပ်စက်နေတာ။ ပြည်ပ ထွက်မရအောင် လုပ်နေတာ။ 

ခုတော့ ပြည်သူတွေ ဘေးနွံနစ်သလို စစ်အုပ်စုလဲ တော်လှန်နွံထဲ နစ်သထက်နစ်လာပါပြီ။ စစ်တိုင်းတတိုင်းတောင် အမြစ်ပြတ်သွားပြီ။ ရေတပ်ဌာနချုပ်တခု ပျောက်သွားပြီ။ ကျန်စစ်တိုင်းတွေလဲ တည်းတည်းပဲ ကျန်တာနဲ့ မျက်ခုံးလှုပ်နေရတာတွေချည်း ဖြစ်လာပါပြီ။ ပြည်သူ့ဒုက္ခဘေးမှာ အိပ်ကောင်းခြင်း အိပ်မနေကြရတော့။ ပြည်သူက စစ်ဆင်းရဲ ဒုက္ခသစ္စာကိုလဲ သိပြီ။ ဒုက္ခဖြစ်ကြောင်းစစ်တပ်သမုဒယသစ္စာကိုလဲ သိပြီ။ ဒုက္ခငြိမ်းရာ စစ်မင်းဆက် မရှိမှု နိရောဓသစ္စာကိုလဲ သိပြီ။ စစ်မင်းဆက် စစ်တပ်ချုပ်ရာ မဂ္ဂသစ္စာလမ်းကို လျှောက်နေတာလဲ ခရီးဆုံးလုပြီ မဟုတ်လား။ မကြာခင် ပြည်သူ့ရင်ခွင် အစုလိုက်အပြုံလိုက် ခိုဝင်မယ့်သူတွေလဲ မြင်ရတော့မှာပါ။ 

တိုက်ခိုက်ရေးကျ၊ ထုတ်လုပ်ရေးလျော့၊ ထောက်ပို့ခက်၊ စစ်ထဲဝင်လိုသူမဲ့၊ သင်တန်းကျောင်း‌ပျောက်၊ ပြီးရင် ကြောင်ပျောက်ရုံသာ ကျန်တော့ပါတယ်။  

မင်းအောင်လှိုင် ခရေကြွေရက်က လက်ချိုးတွက်လို့ ရပါပြီလေ။ 





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar