Breaking News

ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၈)

ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၈)

(မိုးမခ) စက်တင်ဘာ ၁၄ ၊ ၂၀၂၄


ကမ္ဘာ့သမိုင်းမှာ အောင်မြင်တဲ့စစ်သူကြီးတွေဟာ ကိုယ်ပိုင် စဥ်းစား တီထွင်ဆောင်ရွက်မှုတွေ ကိုယ်စီ ရှိနေကြတာကို စစ်အနုပညာ လေ့လာသူတိုင်း သတိပြုမိကြမှာဖြစ်ပါတယ်။ 

ဒီလိုပဲ အောင် မြင်တဲ့ စစ်သူကြီးတွေရဲ့ အဆိုအမိန့်တွေဟာ စစ်မဟာဗျူဟာ၊ စစ်သေနင်္ဂဗျူဟာ၊ ဦးဆောင်မှုစွမ်းရည်နဲ့ စစ်အနိုင်တိုက်နိုင်မယ့် အခြေခံစစ်သဘောတရားတွေကို အထင်ကရ ဖော်ပြကြလေ့ ရှိပါတယ်။

ကမ္ဘာ့သမိုင်းမှာ ထင်ရှားတဲ့ စစ်သူကြီး ၁၀ ဦးရဲ့ အဆိုအမိန့်တွေထဲက တချို့ကို မိတ်ဆက်ပေးလိုပါတယ်။

၁။ ဆွန်းဇူး (Sun Tzu) - "The Art of War" (စစ်အနုပညာ)

All warfare is based on deception.

(တိုက်ပွဲတိုင်းဟာ လှည့်ဖြားမှုကို အခြေခံထားတယ်။)

၂။ နပိုလီယံ (Napoleon Bonaparte)

Victory belongs to the most persevering.

(မဆုတ်မနစ် လုံ့လစိုက်ထုတ် ကြိုးပမ်းသူတို့ထံမှာသာ အောင်မြင်ခြင်းဆိုတာ ရှိတယ်။)

၃။ ဂျူးလီယပ်ဆီဇာ (Julius Caesar)

Experience is the teacher of all things.

(အတွေ့အကြုံဆိုတာ အရာအားလုံးရဲ့ ဆရာဖြစ်တယ်။” )

၄။ ဂျင်ဂစ်ခန် (Genghis Khan)

Conquering the world on horseback is easy; it is dismounting and governing that is

hard.

(မြင်းကုံးပေါ်က နိုင်ငံတော်တွေကို သိမ်းယူရခြင်းက လွယ်တယ်၊အုပ်ချုပ်ဖို့ကတော့ ခက်တယ်။)

၅။ ဂျော့ ခ် ဝါရှင်တန် (George Washington)

To be prepared for war is one of the most effective means of preserving peace.

(စစ်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေခြင်းက ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ဖို့အထိ ရောက်ဆုံးနည်းလမ်း တခု ဖြစ်တယ်။)

၆။ အားဝင်း ရွန်းမဲ (Erwin Rommel)

Sweat saves blood, blood saves lives, and brains save both.

(ချွေးက သွေးကို ကယ်တယ်၊ သွေးက အသက်ကို ကယ်တယ်၊ ဦးနှောက်က နှစ်ခုလုံးကို ကယ်တယ်။)

၇။ ဒေါက်ဂလပ် မက်အာသာ (Douglas MacArthur)

"In war, there is no substitute for victory."

(စစ်ပွဲမှာ အောင်မြင်ခြင်းကို အစားထိုးလို့မရဘူး။)

၈။ ဝင်စတန် ချာချီ (Winston Churchill)

Success is not final, failure is not fatal: It is the courage to continue that counts.

(အောင်မြင်မှုဆိုတာ နောက်ဆုံး မဟုတ်ဘူး၊ အရှုံး ဆိုတာလည်း သေစေလောက်တဲ့အရာ မဟုတ်ဘူး၊ ဆက်တိုက်လုပ်ဆောင်ဖို့အတွက် သတ္တိရှိမှုကသာ အရေးကြီးတယ်။)

၉။ မဟာ အလက်ဇန်ဒါး (Alexander the Great)

I am not afraid of an army of lions led by a sheep; I am afraid of an army of sheep

led by a lion.

(ကျွန်တော်ကြောက်တာက သိုးက ခေါင်းဆောင်တဲ့ ခြင်္သေ့တပ် မဟုတ်ဘူး၊ ခြင်္သေ့က ဦးဆောင်တဲ့ သိုးတပ်ကို ကြောက်တာပါ။)

၁၀။ ဂျော့ အက်စ် ပက်တန် (George S. Patton)

A good plan, violently executed now, is better than a perfect plan next week.

(အခုချက်ချင်း ပြင်းပြင်းထန်ထန် အကောင်အထည်ဖော်တဲ့ အစီအစဉ်ကောင်းက နောက်တပတ်မှာ ပြည့်စုံပါတယ်ဆိုတဲ့ အစီအစဉ်ထက် ပိုကောင်းပါတယ်။

စစ်သူကြီးတွေရဲ့ အဆိုအမိန့်တွေက စစ်ပွဲတွေရဲ့ အမြင်အာရုံ၊ ဦးဆောင်မှု နည်းပညာနဲ့ စစ်ဗျူဟာ တိုးတက်မှုတွေအတွက် သင်ခန်းစာများ ပေးလေ့ရှိတာကိုတော့ လက်ခံရမှာ ဖြစ်ပါတယ်။

သမိုင်းအရ ကျော်ကြားတဲ့ စစ်သူကြီးတွေနဲ့ သူတို့ရဲ့ အတွေးအခေါ်တွေဟာ ယခင်နှစ်ပေါင်းများစွာ တလျှောက် လုံး စစ်ရေးနည်းဗျူဟာများ၊ စစ်ပညာနှင့် ဦးဆောင်မှုများအပေါ် အဓိပ္ပာယ်အရှိဆုံး သင်ခန်းစာများကို ထားရှိပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

Prehistory သမိုင်းမတိုင်မီကာလမှာ စစ်ပွဲကြီးတွေများစွာ ဖြစ်ပွားခဲ့ပေမဲ့ စာပေအရေးအသား မပေါ် ပေါက်သေးတဲ့အတွက် စနစ်တကျ မှတ်တမ်းတင်မှုတွေ မလုပ်နိုင်ခဲ့ကြပါဘူး။ 

Pictographs ပုံသေ သင်္ကေတများ ရေးနည်းက ဘီစီ ၃၃၀၀ နဲ့ ဘီစီ ၃၀၀၀ ကြား၊ Cuneiform Writing ကျူနီဖောင်းရေးနည်း ဘီစီ ၃၄၀၀၊ Hieroglyphs အရုပ်စာရေးနည်း ဘီစီ ၃၁၀၀၊ Oracle Bone Script (jiaguwen) ဂျီယဲ့ဂူအမ်စာရေးနည်း ဘီစီ ၁၂၀၀၊ Phoenician Alphabet ဖိုနီးရှားအက္ခရာ ဘီစီ ၁၀၀၀၊ Greek Alphabet ဂရိအက္ခရာ ဘီစီ ၈၀၀၊ Latin Alphabet ရောမအက္ခရာ ဘီစီ ၇၀၀မှာ ပေါ်ခဲ့တာ ဖြစ်လို့ ဆွန်ဇု SUN TZU ရဲ့ The Art of War က ဘီစီ ၅၀၀ မှာ ဆိုတော့ အစောဆုံးလို့ ပြောလို့ရမယ် ထင်ပါတယ်။ စစ်မဟာဗျူဟာကို စနစ်တကျ မှတ်တမ်းတင်မှု အစလို့ သတ်မှတ်ကြတာလည်း ဖြစ်နိုင်ပါတယ်။

ရှေးဦးခေတ်မှာ ထင်ရှားတဲ့ စစ်သူကြီး ၄ ဦးကို သူတို့အကြောင်းတချို့နဲ့ သူတို့အတွေးအခေါ်၊ သူတို့ စစ်မဟာဗျူဟာ တချို့ကိုပါ ရေးသားဖော်ပြလိုပါတယ်။

၁။ ရှေးဦးခေတ် ( Ancient ) စစ်မဟာဗျူဟာ အတွေးအခေါ်ပညာရှင်ကြီးများနဲ့ သူတို့ရဲ့ အတွေးအခေါ်တွေကို ခရစ်တော်မပေါ်မီအုပ်စု (တနည်း) ပထမခေတ်အဖြစ် သတ်မှတ်လိုပါတယ်။

( ၁ ) ဆွန်ဇု (Sun Tzu) တရုတ်နိုင်ငံ (ခရစ်တော်မပေါ်မီ ဘီစီ ၅၀၀ )

( ၂ ) မဟာအလက်ဇန်ဒါး (Alexander the Great) မက်ဆီဒိုးနီးယားနိုင်ငံ (ခရစ်တော်မပေါ်မီ ဘီစီ ၄၀၀)

( ၃ ) ဟန်နစ်ဘော (Hannibal Barca) ကတ်ဟာဂို တူနီးရှားနိုင်ငံ ( ခရစ်တော်မပေါ်မီ ဘီစီ ၂၀၀ )

( ၄ ) ဂျူလီယပ်ဆီဇာ (Julius Caesar) ရောမနိုင်ငံ (ခရစ်တော်မပေါ်မီ ဘီစီ ၁၀၀) 

ဆွန်ဇု (Sun Tzu) တရုတ်နိုင်ငံ ( ခရစ်တော်မပေါ်မီ ဘီစီ ၅၀၀) စစ်သူကြီး ဆွန်ဇုကိုတော့ ကျနော်တို့နိုင်ငံမှာ လူသိများကြပါတယ်။ နိုင်ငံတကာမှာလည်း လူသိများတဲ့ စစ်သူကြီးတဦး ဖြစ်ပါတယ်။ တချို့က စစ်သူကြီးဆွန်ဇုရဲ့ ကာလကို ဘီစီ ၄၇၅ - ၂၁၄ လောက်လို့လည်း ခန့်မှန်းရေးသားကြတာ တွေ့ရပါတယ်။ သေချာတာကတော့ ဘီစီ ၅၀၀ တဝိုက်ဖြစ်ဖို့ များပါတယ်။ 

သူ့နာမည်ကို တရုတ်လို အသံထွက်ရင် စွန်းဝူလို့လည်း ခေါ်ကြပါတယ်။ နှစ်ပေါင်း ၂၃၀၀ ကျော်လောက် ကမ္ဘာ့သမိုင်းစင်မြင့်မှာ စစ်အတတ်ပညာနဲ့ ပတ်သက်ပြီး မားမားမတ်မတ် ရပ်တည်နေနိုင်တာကိုတော့ ကျနော်တို့ လေးစားအသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

ကနေ့ခေတ်မှာတော့ ဆွန်ဇုရဲ့ The Art of War စစ်အနုပညာကျမ်းဟာ ကမ္ဘာတလွှား နယ်ပယ်အသီးသီးကို လွှမ်းမိုးလာတာ တွေ့ရပါတယ်။ တကယ်တော့ The Art of War စစ်အနုပညာကျမ်းဟာ စာလုံးပေါင်း ၅၆၀၀ သာရှိပြီး အခန်းပေါင်း ၁၃ ခန်းသာ ပါဝင်တဲ့ စာအုပ်ပါးပါးလေးတအုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီစာအုပ်ပါးပါးလေးထဲမှာ ကမ္ဘာတခုလုံးကို လွှမ်းခြုံထားတဲ့ အတွေးအခေါ်တွေကတော့ ပြည့် နှက်နေတယ်လို့ ပြောရမှာပါ။

ဆွန်ဇုရဲ့ စစ်အနုပညာကျမ်းကို ကမ္ဘာမှာ ဘာသာပေါင်းများစွာ ဘာသာပြန်ခဲ့ကြပါတယ်။

ဂျပန်နိုင်ငံကို အေဒီ ၇၁၆ တန်မင်းဆက်လက်ထက်မှာ ဘာသာပြန်ရောက်ရှိခဲ့ပြီး ဥရောပတိုက်ကို ၁၇၇၂ ခုနှစ် မှာ ခရစ်ယန်ဘုန်းတော်ကြီး ပဲရယ်အယ်မိုက် Pere Amoit က တရုတ်ဘာသာက ပြင်သစ်ဘာသာ ပြန်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားဘာသာကို ၁၈၀၀ ပြည့်နှစ်လောက်မှာ ဘာသာပြန်ဆိုခဲ့ကြပြီး ၁၉၀၅ ခုနှစ်မှာ ဗြိတိသျှလူမျိူး ကက်ပတိန် ကားလ်သရော့ Capt E,F. Calthrop က ဂျပန်ဘာသာမှ အင်္ဂလိပ်ဘာသာကို ပြန်ဆိုခဲ့ပါတယ်။

၁၉၁၀ ပြည့်နှစ်မှာ ဗြိတိသျှပြတိုက်မှုး လီယွန်နယ်ဂိုင်းစ် Lionel Giles က တရုတ်ဘာသာမှ အင်္ဂလိပ်ဘာသာကို ပြန်ဆိုခဲ့ပါတယ်။ 

နောက်တော့ နိုင်ငံအတော်များများမှာ တရုတ်ဘာသာမှဖြစ်စေ၊ အင်္ဂလိပ်ဘာသာမှာဖြစ်စေ မိမိသက်ဆိုင်ရာ ဘာသာများကို ပြန်ဆိုခဲ့ကြပါတယ်။ ဗမာပြည်မှာတော့ စံလှိုင်က တရုတ်ဘာသာမှ မြန်မာဘာသာသို့ ဇွန်လ ၂၀၀၆ ခုနှစ်မှာ ဘာသာ ပြန်ခဲ့ပြီး ချစ်နိုင် (စိတ်ပညာ)က အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဇူလိုင်လ ၂၀၀၃ ခုနှစ်မှာ ဘာသာပြန်ဆိုခဲ့ပါတယ်။ ဘာသာပေါင်း ၂၀၀ ကျော်လောက်ထိ ပြန်ဆိုပြီးလို့ သိရပါတယ်။

နောက်ဆုံး ဘာသာပြန်မှုကတော့ ၂၀၁၂ ခုနှစ်က James Trapp ဂျိမ်းထရပ်ရဲ့ အင်္ဂလိပ်ဘာသာပြန်မှု ဖြစ်ပါတယ်။ 

တရုတ်ယဉ်ကျေးမှုလက်ရာတွေအကြောင်း သုတေသနလုပ်သူတွေကြား နာမည်ကြီးပါတယ်။ သူ့ဘာသာပြန်ဟာ ပုံသေဘာသာပြန်သလို မဟုတ်ဘဲ မူရင်းပါ အဓိပ္ပာယ်တွေ အားလုံးကို နက်ရှိုင်းစွာ လေ့လာထားတဲ့ ပုံစံတခုလို့ ဆိုပါတယ်။ 

ထင်ရှားတဲ့ ဘာသာပြန်မှုထဲမှာ အကျော်ကြားဆုံး ဘာသာပြန်သူတဦးလို့ သတ်မှတ်ခံထားရသူကတော့  ဗြိတိသျှပြတိုက်မှူး လီယွန် နယ်ဂိုင်းစ် (Lionel Giles) ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာပြန်မှုနဲ့ တရုတ်စာပေပညာရှင်တစ်ဦး ဖြစ်တာကြောင့် ကနေ့ထိ အကျယ်ပြန့်ဆုံး အသုံးပြုနေတဲ့ ဘာသာပြန်တခု ဖြစ်ပါတယ်။ 

Giles ရဲ့ ဘာသာပြန်မှုဟာ သမိုင်းနဲ့ ပိုမိုနီးစပ်ပြီး သုတေသနဆန်တဲ့အတွက် မူရင်းအဓိပ္ပာယ်တွေကို ထိထိရောက်ရောက် ဖော်ပြနိုင်စွမ်းရှိတယ်လို့ ယူဆကြပါတယ်။ သူ့ဘာသာပြန်မှုဟာ academic အနေနဲ့ လေ့လာသူတွေအတွက် သုံးစွဲသင့်တယ်လို့ အကြံပြုတာ တွေ့ရပါတယ်။ 

ဘာပဲဖြစ်ဖြစ် ကျနော်တို့ စစ်အနုပညာကို စိတ်ဝင်တစား ရှိကြသူတွေအနေနဲ့ လေ့လာရမယ့် စစ်ပညာကျမ်းတခုလို့တော့ ပြောရမှာ ဖြစ်ပါတယ်။

ဆွန်ဇုက သူ့စစ်အနုပညာကျမ်းမှာ “စစ်ဆိုသည်မှာ တိုင်းပြည်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးသောကိစ္စ ဖြစ်သည်။ စစ်သည် ပြည်သူလူထုတရပ်လုံး၏ အသက်ရှင် ရပ်တည်ရေး၊ သေကျေ ပျက်စီးရေးတို့နှင့်သာ သက်ဆိုင်ရုံမက တိုင်းပြည် အနာဂတ် တည်တံ့ခိုင်မြဲရေး၊ ပျက်သုဥ်းရေးတို့ကိုလည်း ဖြစ်ပေါ်စေနိုင်သည့်အတွက် စစ်အနုပညာကို စေ့စပ်သေချာစွာ ဂရုတစိုက် လေ့လာဆည်းပူးသင့်သည် လို့ အကြံပြုတိုက်တွန်းထားခဲ့ပါတယ်။

နောက်တပတ်မှာ ပြန်ဆုံကြမယ်ဗျာ။


👉 ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar