Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လူလို့ သိမှတ်ခံချင်တဲ့ ဘီလူး

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လူလို့ သိမှတ်ခံချင်တဲ့ ဘီလူး

(မိုးမခ) စက်တင်ဘာ ၂၁ ၊ ၂၀၂၄ ။


ကျော်ကြီးတို့ကတော့ လုပ်ပြီ။

မုန်တိုင်းအဝင့် ရေတံခါးအဖွင့်နဲ့ စစ်ဘေးသင့်သူ မီးသင့်သူတွေကို ဝါးကူလို့နှစ် ဒုက္ခပင်လယ်ထဲနစ်တော့မှ ငတို့သာအသိုးရလို့ ကမ္ဘာက သိစေ့မယ်တဲ့။ ဘယ်လို သိစေမှာလဲ ဆိုတော့ နိုင်ငံတကာကိုချိတ်ဆက် အကူတောင်း လူသားစာနာပစ္စည်းတွေ ဒို့လေဆိပ်က စောင့်ချောင်းရိုက်ပြီး တိုက်တိုက်တွန်းတွန်းနဲ့ သိုက်သိုက်ဝန်းဝန်း လုပ်ပြလိုက်ရင် ငတို့သာ အစိုးရဆိုတာ သိကြရပြီပေါ့တဲ့။ အပေါ်ကနေ ဒုက္ခကျောက်မောင်းဆင်ပြီး လူထု ပေါ်လိမ့်ချ ကူသူတွေ လာတော့မှ ခြေမကိုင်မိ လက်မကိုင်မိ လုပ်ပြမယ့် ဖဲသုံးချပ်အကွက်။ 

လက်တွေ့မှာ သူ့ကောင်တွေက လာကူတဲ့သူတွေကိုတား၊ ငါတို့ ဝေပေးမယ်ထားခဲ့ဆိုပြီး ရိက္ခာတွေဖြတ်စား‌တဲ့ သတင်းတွေက တက်နေပြီ။ ကူဖို့များ စိတ်ကူးထဲတောင် မထားဘူးဆိုတဲ့သူတွေ၊ သူတပါးကို ကူညီဖို့ ခုနစ်ဘဝ ဝေးတဲ့သူတွေချည်းလေ။ သူများပစ္စည်း လက်လွှဲကူတာတောင် ဖြောင့်ဖြောင့်တန်းတန်း လှူဒါန်းဖူးသူတွေ မဟုတ်။ ဖြတ်အုပ် အမြတ်ထုတ် ဓာတ်ပုံရိုက်ခံ၊ အစွယ်လဲ မကွယ်နိုင်တဲ့ ရုပ်ခံတွေနဲ့ဆိုတော့ ပြည်သူမလဲ သူတို့မို့မြင်ရရင် ဒို့တွေကို ရေနှစ်သတ်မယ့်အာဠာဝကတွေ လာပြီလို့ ခံစားမိပြီးသား။ မနက် အမှုစစ်တဲ့ပုလိပ်က ညက မျက်နှာဖုံးစွပ် ဓားပြမှန်း အသံကြားတာနဲ့ သိပြီးသား။ ယူအန်တကာ နိုင်ငံတကာကလဲ တရာဖိုးကျွေး တဆယ်ဖိုးလေးပဲပြည်သူ စားရစားရ ဆိုတဲ့စိတ်နဲ့ သူခိုးလက် ဝကွက်အပ်ကြတဲ့ အထာကို ကျော်ကြီးက သိပြီးသား။ နိုင်ငံတကာမိခင်စိတ်ကို ကျော်ကြီးတို့ ဘီလူးမတသိုက်က နောကျေပြီးသားဆိုတော့ ဒုက္ခသည် ကိုယ့်ပြည်သူကို ဒုက္ခလှလှ ပြန်ပေးပြလိုက်တာနဲ့ ဘယ်လိုဖြစ်ဖြစ် မိခင်စိတ်ရှိသူက ပစ်မထား အကူအညီပေးကြမှာလေ။ ဒီသားတရားစီရင်ခန်းက ကျော်ကြီးတို့ တပ်မတော် ကနေကျဇာတ်။ 

အကြမ်းဖက်စစ်ခေါင်းဆောင် သရေကြိုးက ရေကြီးရေလျှံမှုကြောင့် ပြည်ပနိုင်ငံတွေက ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်နိုင်မယ်ဆိုရင်  အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံကြီးတွေ နိုင်ငံတကာ အသိအမှတ်ပြုမှုတွေနဲ့ တရားဝင် အစိုးရဖြစ်မှုကို သက်သေပြသနိုင်တယ်လို့ ညွှန်ကြားထားသတဲ့။ သူ့ကို ဒီဂွင်အသုံးချဖို့ သူ့အကြံပေးဘောပွတ်အုပ်စုက တွက်ထားသတဲ့။ အဲဒီမှာ ရေတံခါးတွေကို ကြိုတင်အသိမပေးဘဲ မုန်တိုင်းနဲ့ရော ဖွင့်ချတာလေ။ လေမုန်တိုင်းသာ ပညာရှင်တွေက သိတာ၊ သိလို့ ဘယ်နေ့ ဘယ်မှာ ဘယ်လောက်ဝင်မယ်ဆိုတာ ကြေညာပြီးသား။ အဲဒါနဲ့တော့ ဒီလောက် ဒုက္ခမရောက်။ 

မြန်မာ့စစ်တပ် စိတ်မုန်တိုင်းတော့ ဘယ်သူမှ မခန့်မှန်းနိုင်ဘူးလေ။ လူတွေ သိနိုင်တဲ့ နယ်ပယ်အတွင်းမှာကို မရှိတော့ ဘယ်သိနိုင်မလဲ။ လူ့လောကမှာ ဘယ်အစိုးရမှ ကိုယ့်ပြည်သူကို ညှဉ်းဆဲသတ်ဖြတ်ဖို့ အချိန်ပြည့် ကြံဆလုပ်ကိုင်နေတာမျိုးက မရှိသေးဘူး မဟုတ်လား။ စစ်တပ်ဟာ နိုင်ငံတကာအသိအမှတ်အပြုခံရဖို့ မဟာအကြံဆိုးနဲ့ ရေတံခါးတွေ ချိုးချပြီး ရေဘေးသင့်အောင်လုပ်တာမျိုးကို ဘယ်သူမှ သတိမပေးနိုင် မတားဆီးနိုင်ဘူးလေ။ 





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar