၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်ပြီးချိန် အပြောင်းအလဲ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၇ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၂၄
၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်ပြီးချိန် အပြောင်းအလဲ
ယမန်နှစ် အောက်တိုဘာ ၂၇ ရက်နေ့ မှာ မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေနဲ့ တပ်တွေကို တပြိုင်နက်ထည်း စတင်တိုက်ခိုက်ခဲ့တာ ၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
စစ်ဆင်ရေး စတင်စဥ်က စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်မှာ တရုတ်-မြန်မာနယ်စပ် တလျှောက်ကြီးထွားလာနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (တရုတ်ဘာသာစကားဖြင့် ကျားဖြန့် ဟုခေါ်ဆို) တွေကို နှိမ်နှင်းဖို့၊ အဆိုပါငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့စစ်တွေကို နှိမ်နှင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကို ထိပ်ဆုံးမှာ ထည့်သွင်းကြေညာခဲ့ခြင်းက ထူးခြားတဲ့အနေအထားလည်းဖြစ်တာ သတိပြုမိကြပါတယ်။ စစ်ဆင်ရေး မစတင်မီ သီတင်းပတ်အနည်းငယ်အတွင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ အသွင်ယူ လာရောက်ထောက်လှမ်းတဲ့ တရုတ်ထောက်လှမ်းရေး အချို့ ကို ကိုးကန့်ဒေသက နယ်ခြားစောင့် လက်နက်ကိုင်အဖွဲ့တွေက သတ်ဖြတ်လိုက်တဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံ အနေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းနိုင်ရေးက အမျိုးသားရေးတာဝန်တရပ်သဖွယ် မှတ်ယူထားချိန်မှာ မြောက်ပိုင်း ညီနောင်လက်နက်ကိုင်အဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေးကို အဆိုပါ အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နှင်းရေး ဦးတည်ချက်ကို အသားပေး စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒီရည်ရွယ်ချက်က စစ်ကောင်စီရဲ့ ယန္တရားထဲက စစ်တပ်၊ ရဲ ၊ အုပ်ချုပ်ရေး လက်နက်ကိုင်တွေ အကျင့်ပျက် ခြစားပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းကို မျက်စေ့မှိတ်ထားပေးမှုကို စိတ်ပျက်နေတဲ့ တရုတ်နိုင်ငံ အနေနဲ့ မြောက်ပိုင်း ညီနောင် လက်နက်ကိုင် ၃ဖွဲ့ကို ထောက်ခံအားပေးတဲ့ အနေအထား ဖြစ်စေခဲ့တာပါ။ အဲဒီကာလတုန်းက စစ်ကောင်စီ အနေနဲ့ မြောက်ပိုင်း ညီနောင်လက်နက်ကိုင် ၃ဖွဲ့ရဲ့ လူအင်အား၊ လက်နက်အင်အား နဲ့ မဟာဗျူဟာကို အထင်သေးခဲ့ပြီး တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကိုပါ လျှော့တွက်ခဲ့တာ ဖြစ်ပါတယ်။ ဆယ်စုနှစ်များစွာ မြို့တွေ စစ်စခန်းတွေ ကြီးကြီးမားမား သိမ်းယူခြင်း မပြုနိုင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြို့သိမ်းယူနိုင်လောက်တဲ့ အခြေအနေမျိုး ရောက်လိမ့်မယ်လို့ စစ်ကောင်စီတပ်က လုံးဝ မယူဆထားခဲ့တဲ့ အခြေအနေဖြစ်ပြီး ၂၀၁၅ ခုနှစ်က ကိုးကန့်လက်နက်ကိုင် အဖွဲ့ရဲ့ လောက်ကိုင် ချင်းရွှေဟော် ကွမ်လုံ စစ်ဆင်ရေး၊ ၂၀၁၉ ခုနှစ်မှာ TNLA ရဲ့ တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို နေရာအချို့ နဲ့ ပြင်ဦးလွင် စစ်တပ်နေရာတချို့ကို တပြိုင်နက်ထဲ တိုက်ခိုက်ခဲ့တဲ့ တိုက်ခိုက်မှုတွေ နဲ့ နှိုင်းယှဥ်ကြည့်ပြီး အခုလို ကြီးမားတဲ့ အရှုံးနဲ့ ရင်ဆိုင်ကြုံတွေ့ရလိမ့်မယ်လို့ မယူဆခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။
၂၀၁၅ နဲ့ ၂၀၁၉ ခုနှစ် အနေအထားက တနိုင်ငံလုံးမှာ စစ်မျက်နှာက တနေရာ သို့မဟုတ် ၂ နေရာသာ ဖြစ်တာကြောင့် စစ်တပ်အနေနဲ့ ကျန်တဲ့ ဒေသက တပ်တွေ၊ လက်နက်၊ လူအင်အား စတာတွေကို လိုအပ်သလို ရွှေ့ပြောင်း နေရာချကာ ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့ပြီး လူထုကလည်း စစ်တပ်ကို ဆန့်ကျင်တဲ့ အမြင်၊ သဘောထား အခုလောက် နိမ့်ကျခြင်း မရှိသေးတာက စစ်တပ်အဖို့ ၂၀၁၅ စစ်ဆင်ရေးကို ပြန်လည်ခုခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခု ၂၀၂၃ အောက်တိုဘာလ ၁၀၂၇ စစ်ဆင်ရေးဖြစ်ပွားချိန်မှာ အာဏာသိမ်း စစ်ကောင်စီတပ်အနေနဲ့ ကရင်နီ၊ ကရင်၊ တနင်္သာရီ၊ ရခိုင်၊ ကချင်၊ ချင်း၊ ရှမ်းပြည်နယ်၊ မကွေး၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စတဲ့ စစ်မျက်နှာ အများအပြားမှာ ရင်ဆိုင်တိုက်ခိုက်နေရသလို မြေပြင် ကားလမ်းတွေကို ကောင်းစွာ ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမဟုတ်တာကြောင့်လည်း တနေရာက စစ်ကူကို အခြားတနေရာ လွယ်လွယ်ကူကူ ရွှေ့ပြောင်း အားဖြည့်နိုင်ခြင်း မရှိတာတွေ့ရပါလိမ့်မယ်။
မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့အနေနဲ့ ၂၀၁၅၊ ၂၀၁၉ ခုနှစ်တွေရဲ့ သင်ခန်းစာကို ပြန်လည်သုံးသပ် ပြင်ဆင်ပြီး ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့တာ ဖြစ်သလို အခုစစ်ဆင်ရေးက စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက ရှိခဲ့တဲ့ ရည်မှန်းချက်လို့ ဆိုရင် မှားမယ်မထင်ပါဘူး။ အချို့သော သတင်းသုံးသပ်ချက်တွေမှာ ၁၀၂၇ စစ်ဆင်ရေးကို စစ်အာဏာ မသိမ်းမီကတည်းက ပြင်ဆင်ခဲ့တယ် ဆိုတဲ့ ပြောဆိုချက်တွေလည်း တွေ့ဖူးပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တနှစ်တာအတွင်း မြန်မာနိုင်ငံ နယ်နိမိတ် မြေပုံပေါ်မှာ အရောင်ခြယ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်နိုင်တဲ့ နယ်မြေဧရိယာနဲ့ မြို့တွေ ပိုမိုကျယ်ပြန့် များပြားလာပါတယ်။ အောက်တိုဘာလ မကုန်ခင် ၃/၄ ရက်အလိုမှာ စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ သီတင်း ၂ ပတ်မပြည့်ခင်မှာပင် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေက မြို့အချို့ကို ထိန်းချုပ်နိုင်တဲ့ အနေအထား ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ဆင်ရေး စတင်ပြီး ၂ လ ကျော်အကြာမှာတော့ တရုတ်နိုင်ငံရဲ့ လိုလားချက်ဖြစ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နှင်းရေး ဆိုတဲ့ ရည်ရွယ်ချက်ထက်ကို စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေတွေကို သိမ်းယူနိုင်ရေး၊ နောက်တဆင့်အားဖြင့် စစ်ကောင်စီကို အာဏာရှင်အဖြစ်က ဖြုတ်ချရေးရည်မှန်းချက်အတွက် မြန်မာနိုင်ငံရဲ့ အခြားဒေသက လက်နက်ကိုင် အဖွဲ့တွေနဲ့ အတူ တပြိုင်နက်တည်း တိုက်ခိုက်အနိုင်ယူအောင်ပွဲခံရေး ဆိုတဲ့ ရည်မှန်းချက်တွေက ရှေ့ရောက်လာခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့လည်း စစ်ဆင်ရေး စတင်စဥ်က ထောက်ခံအားပေးတဲ့ ရပ်တည်ချက် အနေအထားကနေ မြန်မာနိုင်ငံတွင်း ဗဟိုအာဏာချက် ပြိုလဲမယ့် အလားအလာ လက္ခဏာတွေ တွေ့မြင်လာရတာကြောင့် ရောက်တဲ့နေရာ အဆင့်မှာ အပစ်ရပ်ရေးကို လုပ်ဖို့ ၄င်းမှာရှိတဲ့ သြဇာ၊ စီးပွားရေး ၊ ပထဝီနိုင်ငံရေး အနေအထားအားလုံးကို အသုံးချကာ ကြိုးစားခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့ ပထမ လှိုင်းက ယခုနှစ် ဇန်နဝါရီလ မှာ တန့်သွားခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ရောက်နေတဲ့ နေရာမှာ နေရာယူထားပြီး အုပ်ချုပ်ရေး တည်ဆောက်တာ နောက်တကျော့ စစ်ဆင်ရေးအတွက် ပြင်ဆင်တာတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
ဇွန်လအကုန် ဇူလိုင်လမှာတော့ စစ်ဆင်ရေးရဲ့ ဒုတိယအပိုင်း ပြန်လည်စတင်ခဲ့ပြီး ယခုလက်ရှိ အချိန်ထိ ရှမ်းမြောက်က ဒေသအချို့၊ မန္တလေးတိုင်း မြောက်ပိုင်း သာမက ရခိုင်ပြည်နယ်နေရာအနှံ့အပြားတို့မှာ စစ်ဆင်ရေးဖော်ဆောင် နေကြဆဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ဒုတိယအကျော့ စစ်ဆင်ရေးကို အပစ်ရပ်ဖို့ တတ်နိုင်သမျှ သြဇာ၊ အင်အားသုံးပြီး ကြိုးပမ်းနေတာလည်း တွေ့ရပြီး ယခု လက်ရှိ အနေအထားမှာ အချို့လက်နက်ကိုင်တွေကို ဖိအားပေးနိုင်ပေမယ့် အချို့လက်နက်ကိုင်အဖွဲ့တွေကို ထိရောက်တဲ့ ဖိအားပေးနိုင်တဲ့ အနေအထားမတွေ့ရသေးတာလည်း ဖြစ်ပါတယ်။
ချုံ့ပြောရရင် ၁၀၂၇ စစ်ဆင်ရေးဟာ ကိုယ်ပိုင် အုပ်ချုပ်ရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ မိမိတို့ လူမျိုးစုဒေသ လွတ်မြောက်ရေး ရည်မှန်းချက်တွေအပေါ် အခြေခံထားတာလို့ ယေဘုယျ ယူဆနိုင်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှိုင်းလုံးကို အားယူနိုင်ပြီး ရန်သူပတ်ပတ်လည်ဝိုင်းနေတဲ့ အာဏာသိမ်း စစ်တပ်ကို အပြီးသတ် အနိုင်ယူတာ မဟုတ်သေးပေမယ့် အတိုင်းအတာတခုထိ အနိုင်ယူနိုင်ခဲ့တယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar