Breaking News

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ စစ်ကောင်စီထိုးစစ် တချို့ စတင် ၊ နောက်ထပ် ဖြစ်ပေါ်လာနိုင်တဲ့ နယ်မြေတွေ

⁨⁨⁨⁨⁨မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၁ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၂၄⁨⁨⁨⁨⁨⁨


ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီထိုးစစ် တချို့ စတင် ၊ နောက်ထပ် ဖြစ်ပေါ်လာနိုင်တဲ့ နယ်မြေတွေ 

ယခုနှစ် ဇွန်လနှောင်းပိုင်းက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယအကျော့ နောက်ပိုင်း စစ်ကောင်စီ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေ တချို့နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်နီဒေသက နယ်မြေအချို့ တို့ကို ပြန်လည်ရယူဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေတဲ့ လက္ခဏာတွေ စတင်ဖြစ်ပွားလာတာတွေ တွေ့နေရပြီ ဖြစ်ပါတယ်။ 

ယခုရက်ပိုင်း အတွင်း ထွက်ပေါ်လာတဲ့ သတင်းတွေမှာ စစ်ကောင်စီတပ်တွေ မိုင်းရယ်-တန့်ယန်းဘက်မှာ အင်အားဖြည့်ပြီး ပြင်ဆင်နေကြတဲ့ လက္ခဏာ၊ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေဘယ်ဒေသကမဆို လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေမှာ ပေးမသွားတော့တာ၊ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက MDY-PDF တွေ သိမ်းယူထားတဲ့ နယ်မြေ/စခန်းတချို့ကို ပြန်ရဖို့ ထိုးစစ်ဆင်နေတာ၊ ကရင်နီပြည် လွိုင်ကော်နဲ့ အနီးတဝိုက်မှာ ထိုးစစ်ဆင်ဖို့လို့ ယူဆရတဲ့ စစ်အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတာတွေနဲ့ PNLA တပ်ဖွဲ့တွေရှိတဲ့ ဒေသတွေ ဖြစ်တဲ့ ဆီဆိုင်မြို့တဝိုက်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတယ်လို့ သတင်းတွေထဲမှာ ဖော်ပြထားကြပါတယ်။ 

ရှမ်းမြောက်မှာတော့ စစ်ကောင်စီအတွက် အရှက်ကွဲခဲ့ရတဲ့ နယ်မြေစစ်စခန်းဆုံးရှုံးမှုလို့ ဆိုရင် လားရှိုးမြို့က အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။ ဇူလိုင်လ နောက်ဆုံးပတ်နဲ့ သြဂုတ်လဆန်း ပိုင်းတွေမှာ မြို့နဲ့ စစ်ဌာနချုပ်ကို လက်လွှတ်ဆုံးရှုံးခဲ့တာ ဖြစ်လို့ အခုဆိုရင် ၃ လခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ နမခ လို့ အတိုကောက်ခေါ်တဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ ဖွဲ့စည်းမှုကို လောလောဆယ် မိုင်းရယ်မှာ အခြေစိုက်ထားပြီး လားရှိုးမြို့ကို ပြန်သိမ်းယူဖို့ တိုင်းစစ်ဌာနချုပ်ကို လားရှိုးမှာ ပြန်အခြေချနိုင်ဖို့ စစ်ကောင်စီအနေနဲ့ ရည်မှန်းချက်ချထား အမိန့်ပေးထားမယ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ ဘယ်အချိန်မှာ စတိုက်မလဲ ဆိုတဲ့ အချက်ကိုပဲ စောင့်ကြည့်ရမယ့် သဘောဖြစ်ပါတယ်။ 

မကြာသေးခင် ရက်ပိုင်းအတွင်းက ကိုးကန့်စစ်ခေါင်းဆောင်ကို ယူနန်ပြည်နယ်ထဲက ၄င်းမိသားစုပိုင်တဲ့ ဟိုတယ်မှာ ဆေးကုဖို့သွားရောက်စဥ် တရုတ်အစိုးရဘက်က အကျယ်ချုပ် ချထားတယ်ဆိုတဲ့ သတင်းတွေက လားရှိုးမြို့ ကနေ MNDAA ဆုတ်ခွာဖို့ ဆိုတဲ့အချက်တွေနဲ့ ဆက်နွယ်နေပြီး တရုတ်နိုင်ငံဘက်ကတော့ ဖမ်းဆီးတယ်၊ အကျယ်ချုပ်ချတယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်ပြီး ဆေးကုနေတာသာ ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။ သို့ပေမယ့် တရုတ်နိုင်ငံအစိုးရ အနေနဲ့  လားရှိုးမြို့ သိမ်းယူမှု၊ ရှမ်းမြောက်က နယ်မြေသိမ်းယူဖို့ ရည်ရွယ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့ ့ MNDAA ကို ဖိအားပေးမှုရှိတဲ့ အချက် အပေါ်မှာတော့ သံသယ မရှိကြပါဘူး။ 

တရုတ်နိုင်ငံရဲ့ ဖိအားပေးမှု၊ တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့ ဒေသတွေ ဖြစ်တဲ့ ကချင်ပြည်နယ် အရှေ့ဘက်ဒေသ၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေက လက်နက်ကိုင် အဖွဲ့တွေအပေါ် သြဂုတ်လ နှောင်းပိုင်းက စတင်ရှိလာပြီး အောက်တိုဘာ နဲ့ နိုဝင်ဘာလတွေမှာတော့ သိသာထင်ရှားတဲ့ အဖြစ်အပျက်တွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ သြဂုတ်လနှောင်းပိုင်းမှာ ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့က ခေါင်းဆောင်တွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပူအယ်မြို့မှာ တွေ့ဆုံပြီးဆွေးနွေးခဲ့တဲ့ အစည်းအဝေး မှတ်တမ်း လူသိရှင်ကြားပေါ်ထွက်လာခဲ့တဲ့နောက် တရုတ်ရဲ့ သဘောထား၊ ဖိအားပေးတဲ့ လုပ်ဆောင်မှုတွေက ပေါ်လွင်လာခဲ့တာ ဖြစ်ပါတယ်။ 

ဒီအခြေအနေ အနေအထားက စစ်ကောင်စီ အနေနဲ့ လက်လွှတ်ဆုံးရှုံးခဲ့တဲ့နယ်မြေတွေထဲက အချို့ကို ပြန်လည်တိုက်ယူဖို့ ဆုံးဖြတ်ချက်ကို အားဖြည့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ၄င်းနဲ့ထိစပ်နေတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသအချို့၊ ရှမ်းမြောက်ဒေသတခုလုံး၊ ကချင်ပြည်နယ်တို့ကို ရိက္ခာ၊ ကုန်စည်၊ လက်နက်ခဲယမ်းအတွက် အထောက်အကူပြုမယ့် ပစ္စည်းတွေ မရောက်စေရေးအတွက် အမိန့်တွေ ထုတ်ပြန်ပြီး နယ်စပ်ကုန်သွယ်မှုကို ပိတ်ဆို့ကာ အဲဒီဒေသက တိုင်းရင်းသားလက်နက်ကိုင်တွေ အပစ်ရပ်အောင်၊ သိမ်းယူထားတဲ့ နယ်မြေအချို့ ပြန်လက်လွှတ်အောင် ဖိအားပေးနေတာ ဖြစ်ပါတယ်။ ဒီလို ရိက္ခာနဲ့ ကုန်စည်တွေ တရုတ်ဘက်က ဝယ်ယူနိုင်ခြင်း မရှိတဲ့အနေအထားမှာ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ ကြာရှည်စွာ တောင့်မခံနိုင်ဘူးလို့ တရုတ်အစိုးရက ယူဆထားတဲ့ သဘောလည်း ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ အခုလိုပိတ်ဆို့ထားတဲ့ အချိန်မှာ အခွင့်အလမ်းအဖြစ် မှတ်ယူပြီး ထိုးစစ်ဆင်မယ့် သဘောလို့ ကောက်ချက်ချ ရပါတယ်။ 

ပိတ်ဆို့ရေးနဲ့ လက်နက်ကိုင် ထိုးစစ်တို့ကို တပြိုင်နက်ထည်း လုပ်ဆောင်ခြင်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းယူထားတဲ့အထဲက နယ်မြေအချို့ ပြန်လည်ရရှိ နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပုံရပါတယ်။ 

ဒီလို ရှမ်းပြည်နယ် မြောက်ပိုင်း ကချင်ပြည်နယ် အရှေ့ဘက်ပိုင်းဒေသတွေက နယ်မြေတွေမှာ ပြန်လည်ထိုးစစ်ဆင်ဖို့ ကြံစည်ပြင်ဆင်နေချိန်မှာ ရှမ်းပြည်နယ် တောင်ပိုင်းက PNLO/PNLA ထိန်းချုပ်ထားတဲ့ နယ်မြေအချို့ကိုလည်း PNO/PNA နဲ့ပေါင်းပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်တဲ့ တိုက်ခိုက်မှုမှာ ဆိုက်ခေါင်-ဟိုနမ်း၊ ပွန်ချောင်းတဝိုက်မှာ ထိုးစစ်ဆင်တာဖြစ်ပြီး ပွန်ချောင်းတံတားကိုလည်း ဗုံးကြဲခဲ့တယ်လို့ PNLA လက်နက်ကိုင် အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက VOA မြန်မာပိုင်းကို ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

ရှမ်းတောင်မှာ စစ်ကောင်စီဘက်က လှုပ်ရှားနေချိန် တပြိုင်နက်ထဲမှာ မန္တလေးတိုင်းထဲက မတ္တရာမြို့နယ်ထဲက MDY-PDF တွေ သိမ်းယူထားတဲ့ နယ်မြေတချို့ကိုလည်း စစ်ကောင်စီဘကက်က ပြန်လည်ရယူဖို့ ရည်ရွယ်ပြီး တိုက်ခိုက်နေတယ်လို့ သတင်းတွေထဲ ဖေါ်ပြထားကြပါတယ်။ 

စစ်ကောင်စီ အနေနဲ့ စစ်မျက်နှာတိုင်းမှာ အရှုံးပေးနေရတယ်ဆိုတာမျိုး အနေအထားကနေ တရုတ်နိုင်ငံအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကို ဖိအားပေးမှုတွေ ပေါ်ထွက်လာပြီး စစ်ကောင်စီခေါင်းဆောင် ကိုယ်တိုင် တရုတ်နိုင်ငံမှာ ကျင်းပတဲ့ မဲခေါင်-လန်ချန်း အစည်းအဝေး တက်ရောက်ရင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုတွေက သံတမန်ရေး၊ စီးပွားရေးအရ ရပ်တည်ပေးမှုတွေက စစ်ကောင်စီ အတွက် အခုလို စစ်ရေးအရ ပြန်လည်ထိုးစစ်တွေ ပြင်ဆင်နိုင်ဖို့ အင်အားရစေခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက စစ်အာဏာရှင် တိုက်ဖျက်ရေး ၊ ပြုတ်ကျရေးအတွက် တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အနေနဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒကို ပြန်လည်သုံးသပ်ကြဖို့ ဘယ်လို သဘောထား ဆက်ဆံမလဲဆိုတဲ့ လက်တွေ့ကိစ္စရပ်တွေကိုလည်း ဆွေးနွေး ဆုံးဖြတ်ကြဖို့ အရေးတကြီး လိုအပ်လာနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar