Breaking News

မင်းညွန့်လှိုင် - နံရံ

မင်းညွန့်လှိုင် - နံရံ

(မိုးမခ) နိုဝင်ဘာ ၂၅ ၊ ၂၀၂၄


နံရံက နားတွေချည်း ရှိတာမဟုတ်ပါဘူး

နံရံမှာ မျက်လုံးတွေ ဒဏ်ရာတွေ

ထိခိုက်ရှနာတွေ အပေါက်အပြဲတွေလည်း ရှိတယ်

ဒါပေမဲ့ နံရံမှာ ပါးစပ်ပေါက်တော့ ပါမလာပြန်ဘူး 

နံရံရဲ့ တဖက်ဖက်က

အမှုအခင်းဖြစ်စဥ် ဖြစ်ရပ်တွေရဲ့ မဆံ့ရင်ကာ

ပြည့်ဖောင်းတွန်းကန်မှုကြောင့် နံရံဟာ ပေါက်ထွက်သွားခဲ့တယ် 

နံရံဟာ အရာရာရဲ့ မျက်မြင်သက်သေပဲ ဖြစ်တယ်

ဒါပေမဲ့ နံရံဟာ နှုတ်ဆိတ်နေတဲ့သက်သေပေါ့

နံရံရဲ့ အခြားတဖက်မှာ

မျောက်ဖြူနဲ့ မျောက်မည်း

ပြေးလွှားခုန်ပေါက် ဆော့ကစားနေကြတယ်

သူတို့ကိုယ်က ကျွတ်ထွက်သွားတဲ့ အမွေးအမှင်တွေ လွင့်စင်လာတယ်

နံရံရဲ့ ဟိုတဖက်မှာ ကြောင်ဖြူနဲ့ ကြောင်မည်း

သေသေကျေကျေ သဲသဲမဲမဲ အစာလုပွဲရှိတယ်

သူတို့ရဲ့ မာန်ဖီသံ သတ်ပုတ်သံတွေ ထွက်ကျလာတယ်

ချောင်းကြည့်ပေါက်က ချောင်းကြည့်လိုက်တော့

တွေ့လိုက်ရတာက ချောင်းကြည့်နေတဲ့ မျက်လုံးကြီး ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar