Breaking News

မိုးသက်ငြိမ်ဦး - ကိုယ့်လူ

မိုးသက်ငြိမ်ဦး - ကိုယ့်လူ

(မိုးမခ) နိုဝင်ဘာ ၂၃ ၊ ၂၀၂၄


ကိုယ့်လူဖြည်းဖြည်း

မင်း ပြေးနေတာ အဝေးပြေးလမ်းပေါ်မှာ မဟုတ်ဘူး

မင်း ပြေးနေတာ ရန်သူ့သတ်ကွင်းထဲမှာ မဟုတ်ဘူး

မင်း ပြေးနေတာ မြေမြှုပ်မိုင်းကွင်းထဲမှာ မဟုတ်ဘူး

မင်း ပြေးနေတာ လုံခြုံစိတ်ချအမိုးအကာအောက်က 

မင်းအိမ်ထဲမှာ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေလေ


ကိုယ့်လူ ဖြည်းဖြည်း

မင်း တွေးနေတာ တိုင်းပြည်ကောင်းစားဖို့ မဟုတ်ဘူး

မင်း တွေးနေတာ စနစ်တစ်ခု ပြောင်းလဲဖို့ မဟုတ်ဘူး

မင်း တွေးနေတာ တန်းတူညီမျှဖို့လည်း မဟုတ်ဘူး

မင်း တွေးနေတာ မင်း သက်သာရာရဖို့ပဲလေ


ကိုယ့်လူ ဖြည်းဖြည်း 

ချော်လဲမယ် သတိထား

တော်လှန်ရေး အကြောင်းပြပြီ ချော်လဲရောမထိုင်နဲ့

ကိုယ့်လူ ဖြည်းဖြည်း 

အစာကို ကြေညက်အောင်ဝါး

ကျိန်စာတွေ လည်မျိုမှ ာနင်နေမယ်

ကိုယ့်လူ ဖြည်းဖြည်း

သိပ်မကြွားနဲ့

မင်းကြွားလုံးထဲမှာ အတ္တတံတွေးတွေ စင်နေတယ်


ကိုယ့်လူ ဖြည်းဖြည်း

အကြောင်းမသိသူတွေအပေါ် 

ဆရာကြီးလုပ်လို့ရပေမယ့်

အကြောင်းသိသူတွေအဖို့တော့

မင်းဘ၀က အိပ်လိုက် စားလိုက် ပျော်လိုက် ပါးလိုက်

ကာမဘုံသား ဆုံလည်နွားပါပဲ ကိုယ့်လူ


ဖြည်းဖြည်းကိုယ့်လူ

ခေတ်ရေကစီးနေတယ်

ရေပေါ်မှာဆီတွေကဝေ့နေတယ်

ဝေ့နေတဲ့ဆီဟာလည်း

အချိန်တန်ရင် လွင့်ရမှာပဲ မဟုတ်လား

လူ့ဘ၀သက်တမ်းမှာ

လဘော်သရေနိုင်စွာ ရေပေါ်ဆီဆန်နေတာတွေကို

မငြီးငွေ့သေးဘူးလား ကိုယ့်လူ ။ ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar