သီအိုဇော် - လက်သည်းဆိပ်မှ လက်ထိပ်နာကြတော့မှာလား
သီအိုဇော် - လက်သည်းဆိပ်မှ လက်ထိပ်နာကြတော့မှာလား
(မိုးမခ) ဇူလိုင် ၁၊ ၂၀၂၁ (ပြန်လည်ဆန်းသစ်ဖော်ပြခြင်း)“လက်သည်းဆိပ်တော့ လက်ထိပ်နာတယ်” ဆိုတာ နားရည်အတော်လေးဝနေကြတဲ့ ဆိုရိုးစကားဆိုရင်လည်း မမှားနိုင်ပါဘူး။ တကယ်တော့ လူသားဆန်တဲ့စကားလို့ပြောမယ်ဆိုရင်လည်း ပြောလို့ရနိုင်ပါတယ်။ ကိုယ့်အ သွေးအသား ကိုယ်နဲ့နီးစပ်သူများနည်းတူ ထိခိုက်နာကျင်ခံစားရကြောင်း ဖေါ်ထုတ်ပြောဆိုကြတာ ဖြစ်ပါ တယ်။ ဒီစကားအတွက်တော့ ဘယ်သူကမှ အပြစ်လို့ မြင်နိုင်ကြမယ်မထင်ပါ။ မျိုးဆက်တစ်ခုဆီမှ နောက်မျိုး ဆက်တစ်ဆက်အထိ လက်ဆင့်ကမ်းပြီး ဒီစကားကို မျိုးဆက်ပေါင်းများစွာ ပြောခဲ့သုံးခဲ့ကြတာဖြစ်လို့ အ တော်လေး အသုံးတွင်နေပါပြီ။
ဒီရက်ပိုင်းတွေ့ရတဲ့ သတင်းတော့မဟုတ်၊အနည်းငယ် ကြာသွားပါပြီ။ အဲဒီအချိန်ကတည်းက ရေးဖို့ စိတ်ကူး ခဲ့ပေမယ့် အခြေအနေနဲ့ အချိန်အခါ ချိန်ဆပြီး မရေးဖြစ်ခဲ့အကြောင်းအရာလေးပါ။ The Syria Campaign ရဲ့ တွစ်တာ စာမျက်နှာမှာဖေါ်ပြထားတဲ့ Aziz Asmar ရဲ့ Graffiti နံရံဆေးရေး ပန်းချီကိုအကြောင်းပြုပြီး ဝင် ရောက်လာတဲ့ အတွေးစုဖြစ်ပါတယ်။ Aziz Asmar ဟာ ဆယ်စုနှစ်ကျော် လောင်ကျွမ်းနေဆဲဖြစ်တဲ့ စစ်မီး တောက်များနဲ့ အရှေ့အလယ်ပိုင်းဒေသက ဆီးရီးယားနိုင်ငံက နံရံဆေးရေးပန်းချီ ဆရာ တစ်ယောက်ဖြစ်ပြီး စစ်ဘေးဒဏ် ပြင်းထန်စွာခံခဲ့ရတဲ့ Idlib မြို့က ဗုံးဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ နံရံပေါ်မှာ George Floyd ရဲ့ ရုပ်ပုံကိုရေးဆွဲခဲ့လို့ ကမ္ဘာက ပိုသိရှိလာခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်း ဆီးမှုကနေ သေဆုံး ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတဲ့ အမေရိကန်နိုင်ငံ မင်နီအဲပိုလစ်မြို့က ဂျော့ဖလွိုက် အကြောင်းကိုတော့ အားလုံးသိ ပြီးဖြစ်မှာပါ။
ဒီတစ်ကြိမ်မှာတော့ ငြိမ်းချမ်းရေးနဲ့လွတ်လပ်မှု့ အကျိုးတော်ဆောင်လို့ ခံယူထားတဲ့ Aziz Asmar က မြန်မာ့ နွေဦးတော်လှန်ရေး အတွက် နံရံဆေးရေးပန်းချီ တစ်ချပ်ကို Idlib မြို့ရဲ့စစ်ဒဏ်သင့်နံရံပေါ်မှာ ရေးဆွဲခဲ့ပြန်ပါ တယ်။ The people will win ဆိုတဲ့ အင်္ဂလိပ်စာသားနဲ့အတူ “စစ်အာရှင်အလိုမရှိ”၊ “စစ်အာဏာရှင်ကျဆုံး ပါစေ ” ဆိုတဲ့ ကြွေးကြော်သံတွေကိုပါ မြန်မာဘာသာနဲ့ထည့်သွင်းရေးသားခဲ့ပါသေးတယ်။ သူဟာ မြန်မာစာ တတ်ကျွမ်းသူ မဟုတ်တဲ့အတွက် အနီးစပ်ဆုံးဖြစ်အောင် တကယ့်ကို ကြိုးစားအားထုတ် ကူးယူရေးဆွဲခဲ့ရ မှာပါ။ နွေဦးတော်လှန်ရေးရဲ့ သင်္ကေတလက်သုံးချောင်းပုံကိုလည်း ထည့်သွင်းရေးဆွဲ ထားပါသေးတယ်။
မြန်မာလူမျိုးတစ်ယောက်ပီပီ နွေဦးတော်လှန်ရေးကိုအသိအမှတ်ပြုတဲ့ ကမ္ဘာရဲ့ ဘယ်နေရာ ဘယ်ဒေသက ထောက်ခံအားပေးမှု့မျိုးကိုမဆို ဝမ်းသာကြိုဆိုတတ်သူပါ။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ထိုခံစားချက်များ ထက်ပိုပါတယ်။ လူသားတစ်ယောက်အနေနဲ့ ဆီးရီးယားနိုင်ငံက စစ်ဘေးသင့်ပြည်သူတွေ၊သေဆုံးထိခိုက် ဒဏ်ရာရသူတွေ သတင်းမှာ မြင်ရကြားရတဲ့အခါတိုင်းခံစားရပါတယ်။ ဒါပေမယ့် သူတို့တတွေနဲ့ ပတ်သက်ပြီး ရေးသင့်တာ ပြောသင့်တာတွေ ရေးရပြောရမယ်ဆိုတဲ့အဆင့် မရောက်ခဲ့မိဘူးဆိုတာကိုတော့ ဝန်ခံရမှာပါ။ ဆီးရီးယားစစ်တလင်းပြင်က အုတ်အကျိုးအပဲ့များကြားမှမြန်မာစာသားပါ နံရံဆေးရေးပန်းချီကားဟာ သာ မာန်လူသားတို့ရဲ့ ဖြစ်တည်မှု့နဲ့ စိတ်ဓါတ်အဆင့်အတန်းပိုမိုမြင့်မားတဲ့လူသားတို့ရဲ့ ဖြစ်တည်မှု့ကို သိသာကွဲ ပြားစေခဲ့ပါလားလို့ ခံစားမိပါတယ်။
“လက်သည်းဆိပ်တော့ လက်ထိပ်နာတယ်”ဆိုတဲ့ မြန်မာဆိုရိုးစကားထက်ကိုကျော်လွန်ပြီး Idlib မြို့မှာ နွေဦး တော်လှန်ရေးအတွက် နံရံဆေးရေးပန်းချီရေးဆွဲပြီး အားပေးဝန်းရံခဲ့သူများက ဘယ်လူသားမျိုးနွယ်စုရဲ့ နာ ကျင်မှုမျိုးကိုမဆို ကိုယ်ချင်းစာ မျှဝေခံစားတတ်ကြဖို့လိုတယ်လို့ အသိပေးလိုက်သလိုပါပဲ။ ဗုန်းသံ ကျည် ဆံသံများကို နားစွင့်ပြီး ပြေးရင်းလွှားရင်း သူတို့ရေးဆွဲခဲ့ကြရလေသလား၊ “ ငါတို့ရဲ့ဆယ်စုနှစ်ကျော်စစ်ပွဲ အတွက် ခင်ဗျားတို့ မြန်မာလူမျိုး တွေ ဘာများထိထိရောက်ရောက် ခံစားပြောကြားပေးခဲ့ဘူးလို့ ခင်ဗျားတို့နဲ့ အတူရပ်တည်ပေးရမှာလဲ” ဆိုပြီး စောဒကတက်ဖို့ စိတ်ပင်ကူးခဲ့သူများ ဟုတ်ဟန်မတူ။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုသည်ထက် ပိုမို၍ တန်ဖိုးသိက္ခာ မြင့်မားသော “ သင်ကောင်းကောင်း မကောင်းကောင်း ကျွန်ုပ်မဆိုးပါ” ဆိုသည့်လမ်းကို သူတို့နဲ့အတူလျှောက်ကြပါစို့လို့ ပြောကြားလိုက်သလိုပင်။ လူမျိုးဘာသာ ရေခံမြေခံ ဘယ်လိုပဲ မတူခြားနားနေပေမယ့် ကိုယ့်ပတ်ဝန်းကျင်က ငိုသံကမှ ပိုနာကျင်ကြေကွဲစရာ ငိုသံ စစ် စစ်လို့ သူတို့မထင်ခဲ့ပါ။
လူသားတို့၏တိုးတက်ပြောင်းလဲမှု့ ဆင့်ကဲဖြစ်စဥ်သမိုင်းကို မျက်မှောက်ခေတ်အနေအထားမှ နောက်ပြန် လှည့်ကြည့်မည်ဆိုပါက အားမရစရာ၊အပြစ်မြင်စရာ၊နားမလည်နိုင်စရာ၊လက်မခံနိုင်စရာ အတွေး အခေါ်အ ယူအဆ၊ လုပ်ရပ်များကို တပုံတပင်ကြီးတွေ့ရမည်မှာ အသေအချာပင်။ လူ့သမိုင်းရဲ့ အမည်းစက်တစ်ခုဖြစ်တဲ့ ကျွန်စံနစ်ဟာ ၁၈၆၅ ခုနှစ် အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၃ ခုမြောက်ပြင်ဆင်ချက် မတိုင်မီကာ လအထိ အမေရိကန်နိုင်ငံမှာ တရားဝင်တည်ရှိခဲ့ပါတယ်။ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမှာဒီကနေ့ စံပြုကြရတဲ့ ဗြိတိန်နိုင်ငံမှာ အမျိုးသမီးများဟာ ၁၉၁၈ခုနှစ်ရောက်မှ မဲပေးခွင့်ရကြတာပါ။ ဒါတောင်မှ အသက်၃၀ နှင့်အ ထက်အတွက်ပဲ အကျုံးဝင် တာပါ၊အမျိုးသားတွေကတော့ ၂၁ နှစ်အရွယ်ကစပြီးမဲပေးနိုင်ပါတယ်။ ၁၉၂၈ခုနှစ် ရောက်မှ ကျားမတန်းတူ မဲပေးနိုင်ကြတာပါ။ အလားတူပါပဲ၊ အမေရိကန်နိုင်ငံမှာ ၁၉၆၄ ခုနှစ် နိုင်ငံသားအ ခွင့်အရေးဥပဒေ မပြဌာန်းမီ အထိ လူမျိုး၊အသားအရောင် ပေါ်လိုက်ပြီး ခွဲခြားဆက်ဆံမှု့တွေ တရားဝင် လက် ခံကျင့်သုံးကြတာပါ။ ဒါတွေကိုကြည့်ရင် မပြည့်စုံတဲ့ လူ့အဖွဲ့အစည်းကနေ ပိုမိုကောင်းမွန် တိုးတက် ယဥ် ကျေးတဲ့ လူ့အဖွဲ့အစည်းဆီ ကိုပြောင်းလဲရောက်ရှိလာဖို့ အမြဲကြိုးစားအားထုတ်နေကြရတယ် ဆိုတာပေါ်လွင် ပါတယ်။ သမိုင်းပေးတာဝန် တစ်ရပ်အနေနဲ့ လူသားတိုင်းက ကြိုးစားအားထုတ်ကြဖို့လည်း လိုအပ်ပါတယ်။
အစိုးရအဆက်ဆက် လိုအပ်ချက်အားနည်းချက်တွေဟာ ကမ္ဘာနဲ့အဝှမ်း အမြဲလိုရှိနေကြတာပါ၊ ပိုမိုပြည့်စုံ ကောင်းမွန်တဲ့ စံနစ်ဆီကိုရောက်ဖို့ ပြည်သူလူထုကပဲ ထိန်းကျောင်းပို့ဆောင်ရ တာပါ။ သက်တမ်းမြင့်မားတဲ့ ဒီမိုကရေစီနိုင်ငံများမှာတောင် ဒီအလေ့အကျင့်က မရှိမဖြစ် ဆက်လက်လိုအပ်နေဆဲပါ။ အနာဂတ် လူ့အဖွဲ့ အစည်းမှာတော့ “လက်သည်းဆိပ်မှ လက်ထိပ်နာတယ်” ဆိုတာ မျိုးမဟုတ်လေတော့ပဲ Aziz Asmar တို့လို သူများလက်သည်းဆိပ်ခံရလည်း ကိုယ်နာကျင်ခံစားရသလိုမျိုး ယဥ်ကျေးမှု့ ရေချိန်မြင့် တက်လာတာ တွေ့ ကြရတော့မှာပါ။ မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့အစည်းဟာလည်း ချွင်းချက်အနေနဲ့ ကျန်ခဲ့မှာ မဟုတ်သလို မ ကျန်ရစ်စေဖို့ နယ်ပယ်အသီးသီးက ခေါင်းဆောင်နေသူများ ကြိုးစားပေးကြရမှာပါ။ ပြောင်းလဲလာတဲ့ ခေတ်စံ နစ်နဲ့ လိုက်လျောညီထွေဖြစ်လာမယ့် အုပ်ချုပ်မှုစံနစ်၊ နည်းဥပဒေသသစ်များလည်း ကျွဲကူးရေပါ ဆိုသလို ပေါ်ပေါက်လာမှာဖြစ်ပါတယ်။
ဒီနွေဦးတော်လှန်ရေးဟာ မြန်မာပြည်သူပြည်သား အများစုရဲ့ လူသားဆန်တဲ့အတွေးအခေါ် အပြုအမူ၊ ကိုယ်ချင်းစာတရားများကို ပိုမိုနှိုးဆွပေးနိုင်ခဲ့တာလည်း အဆိုးထဲက အကောင်းပဲ လို့ပြောရမှာပါ။ပြောရမယ် ဆိုရင် ဒီကနေ့မျိုးဆက် သစ်လေးတွေဟာ မြန်မာ့လူနေမှု အသိုင်းအဝိုင်းရဲ့ သမားရိုးကျ တွေး ခေါ်စဥ်း စားမှုပုံ စံခွက်ထဲက ရုန်းထွက်လာကြပါပြီ။ Generation Z ကစလို့ Generation Alpha အပါအဝင်၊ မွေးဖွားမလာ သေးတဲ့ Generation Beta အစရှိသူတို့ဟာ ဥခွံကျဥ်းကျဥ်းလေးမှာပဲ ကျေနပ်ပျော်မွေ့နေသူများ မဟုတ်တော့ မှာသေချာပါတယ်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ လက်ခံနိုင်သည်ဖြစ်စေ လက်မခံနိုင်သည်ဖြစ် စေ၊ သူတို့တတွေက ပြောင်းလဲနေတဲ့ကမ္ဘာကြီးနဲ့အတူ လူသားဆန်စွာ စီးမျောကြဖို့ အားယူနေကြပါပြီ။ သူတို့အတွက် လူမျိုး ဘာသာ အသားအရောင် နေရာ ဒေသကွဲပြားမှုဟာ မျိုးဆက်ဟောင်းများရဲ့ အချိန်ကာလ တုန်းကလောက် အရေးတယူ ထည့်သွင်း စဥ်းစားကြရမယ့် အရာများ မဟုတ်တော့။ သူတို့ဟာ လူကိုလူလို့ ပဲမြင်ပြီး ပျော်သူနဲ့အတူရယ်၊ငိုသူအတွက် ကြေကွဲရင်း၊ ဆာလောင်သူကို ကူညီ၊ နာကျင်သူကို ဖေးမပေးမယ့် ကမ္ဘာကြီးရဲ့ ဂုဏ်ယူစရာမျိုးဆက်သစ်တွေ ဖြစ်လာကြပါလိမ့်မယ်။ သူတို့ခေတ်မှာ လက်သည်းဆိပ်မှလက် ထိပ်နာတတ်ကြမယ့် ယဥ်ကျေးမှုနယ်နိမိတ်ကိုလည်း ကျော်လွန်သွားကြမှာဖြစ်ပါတယ်။
သူတို့တတွေဟာ ပြောင်းလဲနေတဲ့ကမ္ဘာကြီးကို နမူနာယူရင်း လွတ်လပ်တဲ့အတွေးအခေါ်၊ ကျယ်ပြန့်တဲ့အမြော် အမြင်များနဲ့ စည်းခြားမှု့များ ကင်းမဲ့တဲ့လူမှုအသိုင်းအဝိုင်းအသစ်ကို တည်ဆောက်ကြပါလိမ့်မယ်။ မျိုးဆက် ကွာဟမှု့ကြောင့် မိမိတို့ရဲ့အတွေးအခေါ်၊ ခံယူချက်များနဲ့ မတူညီတာတွေ တွေ့လာကောင်း တွေ့လာနိုင်ပေမယ့် ဒီကနေ့ နယ်ပယ်အသီးသီး အဖွဲ့အစည်းအစုံစုံက ဦးဆောင်သူများရဲ့ ရပ်တည်မှု့၊ အကောင်အထည်ဖေါ်ဆောင် မှု၊ ရှေ့လုပ်ငန်းစဥ်ချမှတ်မှု့တို့ဟာ မျိုးဆက်သစ်များရဲ့အနာဂတ်အတွက် အမြော်အမြင်ကြီးစွာနဲ့ အခြေခိုင်တဲ့ အုတ်မြစ်ကောင်းချပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ အမှန်တကယ်လည်း နိုင်ငံနဲ့ လူ့အဖွဲ့အစည်းရဲ့ အနာ ဂတ်ဟာ ဒီမျိုးဆက်သစ်များရဲ့ လက်ဝယ်မှာပဲ ဖြစ်ပေါ်တည်ရှိသွားမှာပါ။
နွေဦးတော်လှန်ရေးအတွင်း လူမျိုးဘာသာကွဲပြားကြပေမယ့် တမြေတည်းနေ တရေတည်းသောက်ကြတဲ့ သွေးချင်းများကြား တစ်ဦးနဲ့တစ်ဦး ပိုမိုနားလည်မှု၊ အချင်းချင်း ကူညီယိုင်းပင်းလိုမှု၊ အကာအကွယ်ပေးလိုမှု များဟာ နက်နက်ရှိုင်းရှိုင်း ပေါက်ဖွားလာခဲ့ပါတယ်။ ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဘူးတဲ့ ၊အတိတ်သမိုင်း အတွက် လှိုက်လှိုက်လှဲလှဲ တောင်းပန်သံများကိုလည်းကြားခဲ့ရပါတယ်။ နွေဦးတော်လှန်ရေးဟာ ပြည်သူပြည် သားများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် အင်တိုက်အားတိုက်ပါဝင်ခဲ့ကြတဲ့ ၂၀၂၁ ပင်လုံညီလာ ခံလို့တောင် ဆိုရမလိုပါ။ အရင်းအနှီး ကြီးမားစွာပေးဆပ်ပြီး ရရှိလာခဲ့တဲ့ ဒီခေတ်သစ်ပင်လုံညီလာခံကြီးရဲ့ ရလဒ်ကို အားလုံးက တန်ဖိုးထား လေးစားကြရပါမယ်။
ရာသီဥတု ပထဝီဝင်အနေအထားကြောင့်ပဲဖြစ်ဖြစ်၊ တိုးတက်စည်ပင်မှု နည်းပါးလို့ ပဲဖြစ်ဖြစ် အချို့ အချို့ သော အရပ်ဒေသများရဲ့ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ကြတဲ့အခါ ကျွမ်းကျင်သူလူ့အရင်းအမြစ် ရှာဖွေရာမှာ အ ခက်အခဲဖြစ်ကြတာ ဖွံ့ဖြိုးပြီး နိုင်ငံကြီးများမှာတောင် တွေ့ကြုံနေရဆဲပါ။ ဥပမာအားဖြင့် ယူကေနိုင်ငံမှာ မြောက်ပိုင်းအိုင်ယာလန် နဲ့ အင်္ဂလန်၊ ဩစတြေလျနိုင်ငံမှာ ကုန်းတွင်းပိုင်းမြို့ငယ်များနဲ့ အရှေ့ကမ်းရိုးတန်းမြို့ ကြီးများ အနေအထားကွာခြားကြတာမျိုး။ မြန်မာနိုင်ငံကတော့ ပိုဆိုးတယ်လို့ပြောရမှာပါ၊ ဒါပေမယ့် နွေဦး တော်လှန်ရေးက အတွေးအမြင်များကို ပြောင်းလဲပေးခဲ့ပါပြီ။ ဝန်ခံရမယ်ဆိုရင် ဒီမောဆို၊ မင်းတပ် စတဲ့ ဒေသများဟာ ဟိုးအရင်က အလုပ်လျှောက်သူများရဲ့ အသွားချင်ဆုံးနေရာမှာရှိမနေခဲ့ပါဘူး။ အခုတော့ အနာ ဂတ် ကို လွှဲပြောင်းယူကြမယ့် မျိုးဆက်သစ်များရဲ့ နှလုံးသားနဲ့ အနီးကပ်ဆုံးမှာ ရောက်ရှိသွားခဲ့ပါပြီ။ ဒီလိုပါပဲ ပြေးရှောင်ခိုလှုံရင်းနဲ့ ပိုမိုရင်းနှီး နားလည်လာခဲ့ရတဲ့ တိုင်းရင်းသားဒေသများအတွက်လည်း ပြန်လည် ထူ ထောင်ရေးကာလမှာ ဒီမျိုးဆက်သစ်တွေ အင်တိုက်အားတိုက်ပါဝင်လာကြမှာ အသေအချာပါ။ နွေဦးတော် လှန်ရေးဟာ တောင်တန်းနဲ့ ပြည်မရဲ့ ဆုံမှတ်တစ်ခုလည်းဖြစ်လာခဲ့ပါပြီ။ ဒါဟာဖန်တီးလုပ်ယူရင်တောင် ရနိုင် ဖို့ခဲယဥ်းလှတဲ့ အနေအထားဖြစ်လို့ ပြည်နယ်ပြည်မ နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများက ဒီအခြေအနေ ဒီအခွင့်အလမ်းကို မလွတ်တမ်းတန်ဖိုးထား ဆုပ်ကိုင်ကြ စေချင်ပါတယ်။
ဒီနေရာမှာအလေးထား စဥ်းစားရမယ့်အချက်က ပြည်သူတစ်ရပ်လုံးလိုလားနေကြတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုက ရေစီ စံနစ်ကို ဘယ်လိုရယူတည်ဆောက်ကြမလဲဆိုတာကိုပါ။နှစ်ပေါင်းခုနစ်ဆယ်ကျော်ကြာ ပြည်တွင်း စစ်မီး ကိုရည်ရွယ်ချက်ရှိရှိ ဆက်လက်လောင်မြိုက်စေနေသော၊ ပြည်နယ်ပြည်မ နေရာဒေသတိုင်းမှာ အပြစ်မဲ့ တိုင်း ရင်းသားပြည်သူများရဲ့ အသက်စည်းစိမ်ဥစ္စာများကို ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်ဖျက်စီး တတ် သော၊ ပြည်တွင်းပြည်ပ ယုံကြည်လေးစားမှု လုံးဝရရှိထားခြင်းမရှိသော၊ ကိုယ်ကျင့်တရားပျက် ကိုယ်ကျိုးရှာ အကြမ်းဖက်စစ်အုပ်စုထံမှတော့ ဘယ်လိုမှမမျှော်လင့်နိုင်တာသေချာပါတယ်။ အမြစ်တွယ်လှိုက်စားနေတဲ့ စစ်အာဏာရှင်စံနစ်ဆိုးကို ဆွဲနှုတ်ဖျောက်ဖျက်နိုင်ပြီး မြန်မာ့နိုင်ငံရေး အခင်းအကျင်းက စစ်တပ်လုံးဝဆုတ်ခွာ သွားမှသာ ရာစုနှစ်ပေါင်းများစွာအထိ တည်တံ့စေမယ့် ဖက်ဒရယ်ဒီမိုကရေစီစံနစ် တည်ထောင် နိုင်ကြမယ်ဆို တာကို ပြည်နယ်ပြည်မ နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အနေနဲ့ ဖြတ် သန်းခဲ့ရတဲ့ မိမိတို့ရဲ့ ခါးသီးတဲ့အတွေ့အကြုံများအရ သိရှိပြီးသားဖြစ်နေမှာပါ။
ဒါ့ကြောင့် တောင်တန်းပြည်မရှိ အရောင်အသွေးစုံ အဖွဲ့အစည်းစုံက အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်စေမယ့် အရာများကို ရှောင်ကြဥ်ပေးကြပြီး နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက်တိုင်းရင်း သားပြည်သူတရပ်လုံးနဲ့အတူ မိမိတို့ စွမ်းဆောင် ပံ့ပိုးနိုင်တဲ့အခန်းကဏ္ဏကနေ အရှိန်မြှင့်ချိတ်ဆက် ပါဝင် ဆောင်ရွက်ပေးကြဖို့ လွန်စွာလိုအပ်ပါတယ်။ ဒါမှသာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစံနစ်ဆီကို လျင်မြန်စွာ ရောက်ရှိနိုင်မှာ ဖြစ်ပြီး နိုင်ငံပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်နဲ့ စတင်နိုင်မှာပါ။
သမိုင်းတွင်ကျန်ရစ်ခဲ့သော ခေါင်းဆောင်ကောင်းတို့ဟာ စိတ်ခံစားမှု့ကိုအတတ်နိုင်ဆုံးထိန်းချုပ်ကြပြီး မိမိ ကိုယ်စားပြုသော လူ့အဖွဲ့အစည်းအား ပိုမိုကောင်းမွန်မြင့်မားသော၊ အာဃာတတရားကင်းမဲ့သော၊ ငြိမ်းချမ်း မျှတ သောအနာဂါတ်ဆီသို့ ရှေ့ရှုရင်း၊ ပြောင်းလဲတိုးတက်နေသည့် ကမ္ဘာ့အသိုင်းအဝိုင်းနှင့် အံဝင်ခွင်ကျ နေထိုင် တတ်အောင် လမ်းပြပို့ဆောင်ပေးနိုင်တဲ့ ဆင်ခြင်တုံတရား ပိုင်ဆိုင်ကြသူများဖြစ်ကြပါတယ်။အတိတ် ကို သင်ခန်းစာယူတတ်ကြသူများ ဖြစ်သလို နားလည်ခွင့်လွှတ်ဖို့ ကြိုးစားနိုင်သူများလည်းဖြစ်ကြပါတယ်။ အာဃာတ နဲ့ သံသယတံတိုင်းတွေကို ဖြိုချပြီး ယုံကြည်မှုတံတားကို ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်ကြပါမှ တရားမျှတ ငြိမ်းချမ်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကို မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်း ချန်ထားရစ် နိုင်မယ်ဆိုတာ အရှိတရားပါ။
လူမျိုးစုလည်းမတူ၊ နေရာဒေသကလည်း မနီးစပ်၊ ခါးသီးစရာ နောက်ကြောင်းတွေရှိပေမယ့် ဒီကနေ့မှာ ခိုင်မြဲ လှတဲ့ မဟာမိတ်အဖြစ်ရပ်တည်နိုင်တဲ့ အမေရိကန်နိုင်ငံနဲ့ဂျပန်နိုင်ငံ တို့ကတော့ လူ့အဖွဲ့အစည်းအတွက် စံနမူ နာတစ်ခုလိုပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်၊ဂျပန် သတင်းစာဟောင်းများရဲ့ တဖက်နဲ့တဖက် စွပ် စွဲသုံးနှုန်းရေးသား ထားသည်များကိုပြန်ကြည့်လျင် ဒီနေ့အခြေအနေမျိုးရောက်လိမ့်မယ်လို့ ဘယ်သူကမှ ခန့် မှန်းမိခဲ့မှာမဟုတ်။ ပုလဲဆိပ်ကမ်းတိုက်ပွဲက အစ၊ ဟီရိုရှီးမား နာဂါစကီ အနုမြူဗုံးဒဏ်ခံ ခဲ့ကြရတဲ့အထိ ပြန် တွေးကြည့်ရုံနဲ့တင် မှန်းဆနိုင်တဲ့ နာကျင်ထိခိုက်စရာများ၊ စိတ်ဒဏ်ရာနဲ့ အမာရွတ်များက နည်းမှာတော့မ ဟုတ်ပေ။ နာကျည်းဒေါသထွက်မှုများလည်း ရှိနိုင်သည်ပင်။ ဒီအခြေအနေကို တည်ငြိမ်ရင့်ကျက်စွာ နဲ့ ကျော် ဖြတ်နိုင်ဖို့ လမ်းပြဦးဆောင်ခဲ့သူများရဲ့အရည်အသွေး၊ မျိုသိပ်လိုက်ပါခဲ့ကြသူများရဲ့ အရှည်မျှော်တွေး တတ်ခဲ့ မှုတို့က ကမ္ဘာ့ထိပ်တန်းနိုင်ငံနှစ်ခုရဲ့ ဆက်ဆံရေးကို လိမ္မာပါးနပ်စွာ တိုးမြှင့်တည်ဆောက်နိုင်ခဲ့ကြသည်မှာ အတုယူစရာပါ။ ပြာပုံအတိဖြစ်ခဲ့တဲ့ နိုင်ငံဟာ ကမ္ဘာမှာအားကျနေရတဲ့ ထိပ်တန်းနိုင်ငံဖြစ်လာပါတယ်။ မဖွံ့ဖြိုး သေးတဲ့နိုင်ငံများကိုလည်း စိတ်ရင်းစေတနာမှန်နဲ့ ကူညီပါတယ်။ အတိတ်ကိုကြိုးစားမေ့ပျောက်ရင်း လှပတဲ့ အနာဂတ်ကိုရှေ့ရှုတည်ဆောက်သွားတာ အားကျစရာပင်။
လူသိများတဲ့ အဆိုအမိန့်တို့ကို ကိုးကားပြီး ဒီဆောင်းပါးကို အဆုံးသတ်လိုပါတယ်။Henry David Thoreau ကို Civil Disobedience Movement (CDM) လှုပ်ရှားမှုကို စတင်အသက်ဝင်စေခဲ့သူ တစ်ဦးအဖြစ် လူတွေက လက်ခံထားကြပါတယ်။ဟင်နရီဒေးဗစ်သရိုး ပြောကြားခဲ့တာကို ကိုးကားမှာဖြစ်ပေမယ့် CDM နဲ့ သက်ဆိုင် မှုတော့ မရှိပါဘူး။ “Never look back unless you are planning to go that way” နောက်ပြန်လှည့်သွားဖို့ အကြောင်းမရှိဘူးဆိုရင် ဘယ်တော့မှနောက်ပြန်လှည့်မကြည့်ပါနဲ့လို့ ပြောသွားတာပါ။ အတိတ်ကိုပြန်မသွား နိုင်ဘူးဆိုရင်တော့ ချန်ထားရစ်ခဲ့ရဖို့ပဲရှိတယ်လို့လည်း နားလည်မိပါတယ်။ “မန္တလေး “ဆိုတဲ့ နံမည်ကျော် က ဗျာကိုရေးခဲ့တဲ့ Rudyard Kipling (ရတ်ဒ်ယာဒ်ကစ်ပလင်)ကလည်း အလားတူ အနက်ဖွင့်နိုင်မယ့် စကားမျိုး ဆိုခဲ့ပါသေးတယ်။ “Never look backwards or you’ll fall down the stairs” “ဘယ်တော့မှနောက်ပြန်လှည့် မကြည့်လေနဲ့ လှေခါးပေါ်ကပြုတ်ကျလိမ့်မယ်” ဆိုပြီးပေါ့။ အတိတ်ရဲ့ လွှမ်းမိုးမှုများ ရှိသင့်ရှိထိုက်တာထက် အလွန်အကျွံ ပိုများ မနေမှသာလျှင် အနာဂတ်ဟာ ဖြောင့်ဖြူး သာယာ လှပနိုင်မှာ မဟုတ်ပါလား။
(သီအိုဇော်)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar