Breaking News

မိုဘိုင်းဖုန်းဟန်းဆက်တွေကို မှတ်ပုံတင်ခိုင်းတဲ့ စနစ် IMEI အာဏာသိမ်းစစ်တပ်က စတင်ဖို့ပြင်ဆင်

မြန်မာနွေဦးခရိုနီကယ် - မတ် ၅ မြင်ကွင်း

(မိုးမခ) မတ် ၆ ၊  ၂၀၂၆


မိုဘိုင်းဖုန်းဟန်းဆက်တွေကို မှတ်ပုံတင်ခိုင်းတဲ့ စနစ် IMEI အာဏာသိမ်းစစ်တပ်က စတင်ဖို့ပြင်ဆင်

မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ မိုဘိုင်းဆင်းကဒ်တွေ မှတ်ပုံတင်တဲ့ စနစ်တွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တင်းကျပ်ခဲ့ပြီးနောက် ယခုအခါမှာ ဆင်းကဒ်သာမက အသုံးပြုတဲ့ မိုဘိုင်းဖုန်းဟန်းဆက်တွေကိုပါ အခွန်ကောက်ခံတော့မယ် ဆိုတဲ့ အစီအစဥ်ကို ဧပြီလ ၁ ရက်နေ့က စတင်ဖို့ ကြေညာလိုက်ပါတယ်။ 

IMEI (International Mobile Equipment Identity) လို့ ခေါ်တဲ့ မိုဘိုင်းဖုန်းဟန်းဆက် တလုံးချင်းစီတိုင်းမှာ ထည့်သွင်းထားတဲ့ နံပါတ်နဲ့ ဖုန်းဟန်းဆက်တွေကို အခွန်ပေးဆောင်ထားခြင်း ရှိ/မရှိ မှတ်ပုံတင်ခိုင်းမယ့် အကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လာမယ့်လကုန် ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံဖုန်းအော်ပရေတာ  တခုခုရဲ့ ဆင်းကဒ်ထည့်သွင်း သုံးစွဲနေတဲ့ ဖုန်းဟန်းဆက်တွေကိုတော့ အခွန်မပေးဆောင်ရသေးသည့်တိုင် ကောက်ခံခြင်း မပြုတော့ဘဲ ဧပြီလ ၁ ရက်နေ့က စတင်ပြီး အသစ်မှတ်ပုံတင်တဲ့ ဟန်းဆက်တွေအနေနဲ့ အခွန်မပေးဆောင်ဘဲ တင်သွင်းလာခဲ့ရင် အခွန်ပေးဆောင်စေဖို့ လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ဖုန်းဟန်းဆက်တွေအပေါ် အခွန်ကောက်ခံတာဟာ နဂိုကတည်းက ရှိခဲ့တဲ့ အကောက်အခွန်ဆိုင်ရာ ဥပဒေစည်းမျဥ်း ဖြစ်ပေမယ့် ဟန်းဆက်တလုံးချင်း မှတ်ပုံတင်စေတာဟာ ဖုန်းသုံးစွဲသူ တဦးချင်းရဲ့ အမည် မှတ်ပုံတင်အမှတ်နဲ့ နေရပ်လိပ်စာ အစရှိတဲ့ အချက်အလက်တွေကို ရယူစုဆောင်းပြီး နိုင်ငံရေးအရ သော်လည်းကောင်း ရာဇဝတ်မှုနဲ့ ပတ်သက်ဆက်စပ်လို့ ခြေရာခံ ဖမ်းဆီးနိုင်ဖို့ ရည်ရွယ်ချက်ရှိလိမ့်မယ်လို့ ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ပတ်သက်ပြီးစောင့်ကြည့်တဲ့ အဖွဲ့တွေက သံသယရှိနေကြတာ ဖြစ်ပါတယ်။ 

ကမ္ဘာမှာ နိုင်ငံအချို့က မိုဘိုင်းဟန်းဆက်တွေကို မှတ်ပုံတင်တဲ့ ဗဟိုစက်ပစ္စည်းမှတ်ပုံတင်စနစ် CEIR လို့ ခေါ်ဆိုတဲ့ စနစ်ကို အသုံးပြုနေကြတာ ရှိပြီး အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့လုံခြုံရေး စောင့်ကြည့်မှု၊ ဖုန်းဟန်းဆက်ခိုးယူမှုနဲ့ ငွေကြေးလိမ်လည်မှုတို့လို ရာဇဝတ်မှုတွေကို ခြေရာခံဖို့ အတွက် ရည်ရွယ်ကျင့်သုံးကြတာလို့ ဆိုပါတယ်။ တရုတ်၊ အိန္ဒိယ၊ ဗြိတိန်၊ ဥဇဘက်ကစ္စတန်၊ ကင်ညာ၊ အဇာဘိုင်ဂျန်၊ ယူကရိန်း စတဲ့နိုင်ငံတွေမှာ ကျင့်သုံးနေကြတာလို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ဆင်းကဒ် မှတ်ပုံတင်တဲ့ စနစ်ကို လက်ရှိကျင့်သုံးနေပြီး ဖြစ်ကာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်လှုပ်ရှားနေတဲ့သူတွေအနေနဲ့ တဦးနဲ့တဦး ဆက်သွယ်ကြရာမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်ကိုအသုံးပြုတဲ့ ဆက်သွယ်ရေးနည်းလမ်းအပေါ် အဓိကမှီတည်ပြီး လှုပ်ရှားမှုတွေ ဆက်သွယ်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေကြတာ ဖြစ်လို့ ဒစ်ဂျစ်တယ်အချက်အလက်တွေက သက်သေခံအဖြစ် မိုဘိုင်းဖုန်း ဆက်သွယ်မှုတွေ၊ မိုဘိုင်းဖုန်းပေါ်က အက်ပလီကေးရှင်းတွေက တဆင့် ဆက်သွယ်မှုတွေက လှုပ်ရှားမှုတွေရဲ့ အသက်သွေးကြော ဖြစ်စေသလို ဒီလိုဆက်သွယ်ရေး ခြေရာတွေ၊ ဆက်သွယ်ရေးစနစ်တွေက တဆင့်ခြေရာခံ ဖမ်းဆီးခြင်းတွေက ခေတ်သစ် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍအဖြစ် ရှိနေကြတာပါ။ 

ခေတ်သစ် မြေအောက်နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ဒစ်ဂျစ်တယ်အချက်အလက်တွေ လုံခြုံဖို့၊ ဒစ်ဂျစ်တယ်ခြေရာတွေ မကျန်ရှိစေဖို့ဟာ အသက်တမျှ အရေးကြီးတဲ့ အချက်တွေ ဖြစ်လာနေတာပါ။ ခုလက်ရှိကာလမှာ သင်္ကာမကင်းဖြစ်ခံရလို့ ဖမ်းဆီးစစ်ဆေးခံရတဲ့အခါ အရင်ခေတ်တွေတုန်းကလို နှုတ်နဲ့ တခွန်းချင်း မေးမြန်းနေစရာမလိုဘဲ အသုံးပြုနေတဲ့ ဖုန်း၊ ကွန်ပျူတာတွေကို သိမ်းယူပြီး စစ်ဆေးရုံမျှနဲ့ အဆက်အသွယ် အမည်၊ နံပါတ်၊ အကြောင်းအရာတွေကို လက်ဝယ်ရရှိနိုင်တဲ့ ခေတ်မျိုးမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။ ဖုန်းဆင်းကဒ်၊ ဖုန်းဟန်းဆက်တွေရဲ့ တည်ရှိရာနေရာကို အတိအကျ ဖော်ပြနိုင်ကြတာကြောင့်လည်း မြေအောက်လှုပ်ရှားမှုကွန်ရက်တွေရဲ့ အစတစကို ဖမ်းဆီးမိရုံနဲ့ ဆက်စပ်နေတဲ့သူတွေအားလုံး အန္တရာယ်ကျရောက်နိုင်တဲ့ ဒစ်ဂျစ်တယ်နဲ့  အိုင်တီဆက်သွယ်ရေးခေတ်မှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။ 

တဖက်မှာ ဆက်သွယ်မှုအရ လွယ်ကူထိရောက်တဲ့ အကျိုးကျေးဇူး ရှိသလို အခြားတဖက်မှာတော့ တည်ဆောက်ထားတဲ့ ကွန်ရက်တွေ နေ့ချင်းညချင်း ရန်သူလက် ကျရောက်နိုင်တာလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဆင်းကဒ်မှတ်ပုံတင်စနစ်ကို ပိုမိုတင်းကျပ်စွာ လုပ်ဆောင်လာခဲ့သလို အခုအခါမှာတော့ မိုဘိုင်းဟန်းဆက် မှတ်ပုံတင်စနစ်ပါ ထပ်မံကျင့်သုံးတော့မှာ ဖြစ်ပါတယ်။ 

ဆင်းကဒ်ရော မိုဘိုင်းဟန်းဆက်လို စက်ပစ္စည်းကိုပါ မှတ်ပုံတင် စေတဲ့ စနစ်ကျင့်သုံးခြင်းကြောင့် အာဏာသိမ်းစစ်တပ်အနေနဲ့ နိုင်ငံရေးအရ ဆန့်ကျင်လှုပ်ရှားနေသူတွေကို  ဆင်းကဒ်မှတ်ပုံတင် အမည်၊ မိုဘိုင်းဟန်းဆက် မှတ်ပုံတင်အမည် ၂ ခုနဲ့ လိုအပ်လာတဲ့အခါ ခြေရာခံနိုင်တဲ့ အချက်အလက်တွေ ရရှိသွားတာ ဖြစ်ပါတယ်။ 

မိုဘိုင်းဟန်းဆက် မှတ်ပုံတင်မထားရင် အဆိုပါ ဟန်းဆက်၊ တက်ဘလက်တို့ကို မိုဘိုင်း ဖုန်း၊ အင်တာနက်ဒေတာ မသုံးနိုင်အောင် တားဆီးနိုင်တော့မယ့် အခြေအနေမျိုး ရောက်ရှိသွားမှာလည်း ဖြစ်ပါတယ်။ 

လွတ်မြောက်နယ်မြေတွေမှာ နေထိုင်နေကြတဲ့ တော်လှန်ရေးလှုပ်ရှားသူတွေ နဲ့ ပြည်သူလူထု အဖို့ စစ်တပ်ထိန်းချုပ်ထားတဲ့ မိုဘိုင်းကွန်ရက်ကို အသုံးမပြုဘဲ နေလို့ရကောင်းရနိုင်ပေမယ့် စစ်တပ်ထိန်းချုပ်နယ်မြေတွေမှာ နေထိုင်သူနဲ့ ဟိုဘက်နယ်မြေ သည်ဘက်နယ်မြေ ကူးလူးသွားလာနေသူတွေ အဖို့တော့ အသစ်စတင်မယ့် မိုဘိုင်းဟန်းဆက်မှတ်ပုံတင်စနစ်ကို အထူးသတိထားပြီး အသုံးပြုကြဖို့လိုအပ်မှာ ဖြစ်ပါတယ်။ 

လက်ရှိကာလတွေမှာ တော်လှန်ရေး လက်နက်ကိုင် နယ်မြေတွေမှာ ဖြစ်ပွားနေတဲ့ အချို့သော လေကြောင်း တိုက်ခိုက်ခံရမှုတွေဟာ မိုဘိုင်းဖုန်းဆက်သွယ်ရေးကနေ ခြေရာခံပြီး ပစ်မှတ်ကို တိုက်ခိုက်တာတွေ ဖြစ်ကောင်း ဖြစ်နေနိုင်တယ်လို့ အချို့က ယူဆကြပါတယ်။ တော်လှန်ရေး အင်အားစုထဲက အဓိကကျသူ၊ အကြီးအကဲတွေ၊ စစ်ရေးအရ ပစ်မှတ်ထားဖို့ လှုပ်ရှားမှုကို စောင့်ကြည့်ခံရသူတွေ အသုံးပြုတဲ့ဖုန်းနံပါတ်လိုမျိုးကို အာဏာသိမ်းစစ်တပ်ဘက်က ရရှိခဲ့ရင် လုံခြုံရေးစည်း ကျိုးပေါက်စေတဲ့ အဖြစ်မျိုးလည်း ဖြစ်ပါတယ်။ 

လူတယောက်ရဲ့နေရာ လက်နက်ကိုင်တပ်အင်အားစု စုဝေးနေတဲ့နေရာမျိုးတွေကို သမရိုးကျ နည်းဖြစ်တဲ့ မျက်စေ့နဲ့ မြင်တွေ့ကာ သတင်းပေးတာမျိုးထက် ဆင်းကဒ်၊ မိုဘိုင်းဟန်းဆက်လို စက်ပစ္စည်းတွေရဲ့ နေရာကို မျက်ခြေမပြတ်စောင့်ကြည့် တိုက်ခိုက်တာမျိုးလည်း ဖြစ်နေနိုင်တာ သတိပြုဖို့ လိုအပ်ပါတယ်။ 

ဒစ်ဂျစ်တယ် လုံခြုံရေးမှာ နောက်သတိပြုရမယ့် အချက်တချက်က တော်လှန်ရေး အင်အားစုတွေအကြား၊လူမှုကွန်ရက်မီဒီယာတွေ အသုံးပြုကြရာမှာ ခြေရာကျန်ရစ်တာ၊ ခြေရာခံလိုက်နိုင်တဲ့ အန္တရာယ် ဖြစ်ပါတယ်။ လူမှုကွန်ရက်မီဒီယာတွေ ဖြစ်တဲ့ ဖေ့စ်ဘုတ် အပါအဝင် အခြားသော လူမှုကွန်ရက်မီဒီယာတွေ အသုံးပြုကြရာမှာ တည်နေရာ သဲလွန်စ မပေါ်စေဖို့ကလည်း အရေးကြီးပါတယ်။ ဆိုရှယ်မီဒီယာ အသုံးပြုခြင်းကြောင့် လုံခြုံရေးအန္တရာယ် ကျရောက်စေတဲ့ အဖြစ်အပျက် သာဓကတွေ အများအပြားရှိကြပေမယ့် အဆိုပါ နမူနာဖြစ်ရပ်တွေကနေ လုံလောက်တဲ့ သင်ခန်းစာယူမှုမျိုး ရှိမနေကြတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar