Breaking News

သီအိုဇော် - ကိန်းဂဏန်းများက ပြောပြနေသောကမ္ဘာ

သီအိုဇော် - ကိန်းဂဏန်းများက ပြောပြနေသောကမ္ဘာ

မိုးမခ ၊ မတ် ၆ ၊ ၂၀၂၆


အရှေ့အလယ်ပိုင်းမှာ စစ်မီးတောက်နေတဲ့အချိန်၊ နျူကလီးယား ဆိုတဲ့ စကားလုံးကိုလည်း သတင်းစာမျက်နှာပေါ်  မကြာမကြာ ပြန်တွေ့လာနေရတဲ့ ကာလမှာ ‘နျူကလီးယားလက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်’(Treaty on the Prohibition of Nuclear Weapons- TPNW)ကို တချက် ပြန်ကြည့်မိတယ်။ ဥပဒေကြောင်းအရ စည်းနှောင်ထားမယ့် စာချုပ်မျိုးကို အကောင်အထည်ဖော်နိုင်ဖို့ ၂၀၁၇ ခုနှစ်ကတည်းက ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်အားထုတ်ခဲ့ပါတယ်။ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့မှာတော့ ဒီစာချုပ် စတင်အသက်ဝင်လာခဲ့ပါတယ်။

အခု မတ်လ ၄ ရက်နေ့အထိ စာရင်းအရ လက်မှတ်ရေးထိုးပြီး ၉၅ နိုင်ငံ၊ အတည်ပြု ၇၄ နိုင်ငံလို့ သိရပါတယ်။ မပါဝင်သေးတဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအထဲမှာ ဒီစာချုပ်အတွက် အဓိကကျတဲ့ နျူကလီးယားလက်နက် ပိုင်ရှင်နိုင်ငံကြီးတွေအားလုံး ကျန်ရှိနေပါသေးတယ်။ ကမ္ဘာသူကမ္ဘာသားတွေအတွက် အရေးကြီးတဲ့ အခုလိုစာချုပ်မှာ နောက်ထပ် လက်မှတ်ရေးထိုး အတည်ပြုကြမယ့် ကိန်းဂဏန်းတွေ ဘယ်လောက်ပဲ များလာပါစေ၊ နျူကလီးယားလက်နက် လက်ဝယ်ပိုင်ထားတဲ့သူတွေကသာ အာသီသ မရှိခဲ့ရင် အဲဒီကိန်းဂဏန်းတွေက အရေးပါနိုင်သေးရဲ့လားလို့တောင် တွေးမိချင်စရာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လက်မလျှော့ဘဲ ဆက်တော့ အားထုတ်ကြရဦးမှာပါပဲ။

တဆက်တည်း စစ်အသုံးစရိတ် ကိန်းဂဏန်းတွေဘက်ကို လှည့်ကြည့်မိပါတယ်။ 

ကမ္ဘာ့ဘဏ်က ‘စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန အင်စတီတျု့’ရဲ့ အချက်အလက်တွေကို စုစည်းကိုးကားထားချက်အရ ၂၀၂၄ ခုနှစ်အတွက် တကမ္ဘာလုံးရဲ့ စစ်အသုံးစရိတ်က ကမ္ဘာ့ဂျီဒီပီရဲ့  ၂.၅ ရာခိုင်နှုန်း ရှိနေပါတယ်။ စစ်မက်ဖြစ်ပွားလာလေလေ၊ လုံခြုံရေးခြိမ်းခြောက်ခံရမှု ပိုများလာလေလေ စစ်အသုံးစရိတ် တိုးမြှင့်တတ်ကြတာက ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ စစ်အေးတိုက်ပွဲ ကာလတုန်းကဆိုရင် အပြိုင်အဆိုင် တိုးမြှင့်သုံးစွဲခဲ့ကြရာကနေ ၁၉၆၂ခုနှစ်မှာ ကမ္ဘာ့ဂျီဒီပီရဲ့ ၆.၂ ရာ ခိုင်နှုန်းအထိ ရောက်ခဲ့ဖူးပါတယ်။

စစ်ရေးအသုံးစရိတ် အမြင့်ဆုံးနိုင်ငံ ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုက ၂၀၂၄ ခုနှစ်အတွက် ဂျီဒီပီရဲ့ ၃.၄ ရာခိုင်နှုန်း သုံးစွဲထားပါတယ်။ ဒါဟာ ၁၉၆၇ ခုနှစ်တုန်းက ၉.၄ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်ရင် နည်းနေပါသေးတယ်။ ကမ္ဘာ့အကြီးဆုံးလက်နက်တပ်ဆင် ထုတ်လုပ်တဲ့ လုပ်ငန်းကို ကုမ္ပဏီကြီးငယ် ၆၀,၀၀၀ ကျော်၊၊ လူအင်အား ၁.၁၇ သန်းကျော်နဲ့ လည်ပတ်နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။  Lockheed Martin, RTX, General Dynamics, Boeing နဲ့ Northrop Grummanတို့လို အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ထိပ်တန်း လက်နက်ကုမ္ပဏီကြီးတွေ အနေနဲ့တော့ စစ်အသုံးစရိတ် မြင့်တက်လာခြင်းကို ကျိတ်ကြိုဆိုနေကြမှာကလည်း မလွဲနိုင်ပါဘူး။

အခုဆို တဖြည်းဖြည်းနဲ့  တကမ္ဘာလုံးအတွက် နှစ်စဉ် ဒေါ်လာ ၃ ထရီလီယံဝန်းကျင်ဆီ နီးကပ်လာပြီ ဖြစ်တဲ့ စစ်အသုံးစရိတ်စာရင်းကို မြင်ရချိန်မှာ၊ ကုလသမဂ္ဂအေဂျင်စီများက ပြုစုထားတဲ့ ၂၀၂၄ ခုနှစ်အတွက် ဆာလောင်ငတ်မွတ်မှု ကြုံတွေ့ရင်ဆိုင်နေရသူ လူဦးရေ ၆၇၃ သန်းဆိုတဲ့ ကိန်းဂဏန်းကို တွေ့လိုက်ရသူတွေအတွက်ကတော့ သက်ပြင်းချချင်စရာပါပဲ။ ဒါဟာ ကမ္ဘာ့လူဦးရေရဲ့ ၈.၂ ရာခိုင်နှုန်းခန့် ရှိပါတယ်။ လူ ၁၂ ယောက်မှာ တယောက်က ငတ်မွတ်ခေါင်းပါးမှုပြဿနာကို တွေ့ကြုံနေရတယ်လို့လည်း ဆိုနိုင်ပါတယ်။

‘အရစ္စတိုတယ်’ပြောခဲ့တဲ့ ‘We make war that we may live in peace’ နဲ့ ‘အိုင်းစတိုင်း’ပြောခဲ့တဲ့ ‘Peace cannot be kept by force, it can only be achieved by understanding ‘ ဆိုတဲ့စကား၊ ဘယ်တခုက ဒီကနေ့ကမ္ဘာကြီးအတွက် လက်တွေ့ကျလိမ့်မလဲ ဆိုတာကို စောင့်ကြည့်နေရတော့မှာပါ။ အချိန်ကပဲ အဖြေပေးပါလိမ့်မယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar