Breaking News

ကိုရာဇာ - လက်ယဉ်တဲ့ ကဗျာဆရာ ၅ - ၆



ကိုရာဇာ - လက်ယဉ်တဲ့ ကဗျာဆရာ ၅ - ၆
(မိုးမခ) မတ် ၆၊ ၂၀၂၆


သုဝဏ္ဏအိမ်ပိုင်ရှင် ကိုမိုးကြီးနဲ့ ပေါင်းသင်းရတာဟာ ရေနဲ့ပေါင်းရသလိုမျိုးပါပဲ။ တိုးလျိုပေါက်မြင်ရတယ် ကြည်လင်တယ် အေးမြတယ်ဆိုတာမျိုးပါ။ သူ့အိမ်ပေါ် ဘယ်သူတွေတက်နေလဲ ဘယ်နှစ်ယောက်လဲဆိုတာ စိတ်လည်းမဝင်စားသလို တွေ့တဲ့လူတိုင်းကို သူကဧည့်သည်တယောက်လို ပြန်ပြီးဆက်ဆံတတ်ပါတယ်။ သူပြောတာကရှင်းပါတယ်

“ ကျနော်က ကိုသိန်းလွင်ကိုယုံတယ် သူခေါ်ထားရင် လူကောင်းပဲလို့ ကျနော်တထစ်ချယုံတယ် အဲ့ဒါကြောင့် ကျနော့်အိမ်ဆိုပေမယ့် ကိုသိန်းလွင်စီမံသမျှ ကျနော်ပြောစရာ ကန့်ကွက်စရာမရှိဘူးတဲ့။

ကိုမိုးကြီး၊ သိဏ်းသိဏ်းနဲ့ ဝင်းမြင့်တို့မှာ တူတာတခုရှိတယ်။ ချဲထိုးတာပါ။ ကိုမိုးကြီးက ကြားထိုး။ ကြားတာတွေ ထိုးတာပါပဲ ။ ပိုက်ဆံလည်းပေါသမားဆိုတော့လေ။ သိဏ်းသိဏ်းက တွက်ထိုး။ တချိန်လုံး ချိုင်းစာရွက်ဖြန့် ဗလာစာအုပ်တအုပ်နဲ့ တွက်နေတော့တာပါပဲ။ ဝင်းမြင့်က ဓာတ်ထိုး။ ဓာတ်တွေ နတ်တွေ ဘိုးတော်တွေပေးတဲ့ ဂဏန်းတွေ ထိုးတာပါ။ သူတို့ကသာ ထိုးနေတာပါ ကျနော်ဖြင့် သူတို့ချဲပေါက်တာကို တခါမှမကြားဖူးပါဘူး။ ဒါလည်းထိုးတာပဲ အတော်လေးဇွဲခတ်တဲ့လူတွေ။ ချဲထိုးတဲ့နေရာမှာ သိဏ်းသိဏ်းနဲ့ ဝင်းမြင့်တို့ သဘောထားမတိုက်ပဲ ကွဲလွဲမှုလေးတွေ စလာနေတာကို ကျနော်သတိထားမိတယ်။

သိဏ်းသိဏ်းက “ ဟေ့ယောင်မှင်စာ မင်းစဉ်းစားကြည့်ကွာ ။ ဝတ်စရာမရှိလို့ အင်္ကျီအဖြူ ပုဆိုးအဖြူဝတ်ပြီး ဒီဂဏန်းလေးကိုးလုံးကို ဟိုလူ့ဒီဟာပြော ဟိုလူ့ဟိုဂဏန်းပြောနဲ့ မှန်မလားကွ” … တဲ့

ဝင်းမြင့်ကျပြန်တော့လည်း "ညီရ … ပုဂ္ဂိုလ်တွေဆိုတာက မင်းတို့ငါတို့လို သောက်စားနေတာမဟုတ်ဘူး ။ သီလစင်ကြယ်ပြီး သမာဓိတည်ကြတယ် ။ အဲ့ဒါကြောင့် လောက ကောင်း ဆိုး ကိုတောင် သဘောပေါက်နေကြတာ ။ ဒီဂဏန်းလေးသုံးလုံးက သူတို့အတွက်ဘာမှမဟုတ်ဘူး ။ကိုယ့်ဟာနဲ့ကိုယ် ပေါင်းနှုတ်မြှောက်စားလုပ်ပြီး လျှောက် အီကွေးရှင်းတွေချ ၊ ဂဏန်းထုတ်လို့ မှန်ပါတယ်ပြောရအောင်၊ ကိုယ်တွေက အိုင်းစတိုင်းလည်းမဟုတ်” တဲ့။ သူတို့နှစ်ယောက်လုံး သတိမထားမိတာက နှစ်ယောက်စလုံး ချဲမပေါက်ဘူးဆိုတာပါပဲ။ ကျနော်ကတော့ ဘယ်သူပြောတဲ့စကားကိုပဲဖြစ်ဖြစ် တခြားတယောက်ကို ပြန်မပြောမိအောင် သတိထားနေပါတယ်။ ဒါလည်းပြန်သိတာပါပဲ။ ပြန်သိဆို သူတို့က အဲ့စကားတွေကို နေရာတိုင်းမှာ ပြောနေကြတာကိုး။


ကိုမိုးကြီးအကြောင်းဆက်ရရင် သူက စာဖတ်နာလွန်းတယ်။ စာအစုံဖတ်သလို နိုင်ငံတကာသွားလာဖူးတော့ ကမ္ဘာကြည့်မြင်တတ်တယ်။ သူ မဆွေးနွေးနိုင်တဲ့စာပေ သိပ်မရှိသလောက်ပဲထင်တယ်။ စာကိုမှတ်မိတာမှ ဇာတ်လမ်းတင် မှတ်မိတာမဟုတ် ၊ ဇာတ်ကောင်တွေ ဘာပြောတယ်ဆိုတာမျိုးကအစ ပြန်ပြောပြတတ်ပါတယ်။ စာအကြောင်းပေအကြောင်းပဲ ပြောကြဆိုကြရင် ကျနော်တို့လေးယောက် ညီတူမျှတူ ပြောဆိုကြပေမယ့် ၊ ဘုရားတရားအကြောင်းရောက်သွားရင် သိဏ်းသိဏ်းက မျက်ထောင့်နီကြီးဖြစ်သွားပြီး တခွန်းမှကိုမဟတော့တာပါ။ ကိုမိုးကြီးနဲ့ ဝင်းမြင့်တို့က အားတက်သရောပြောလေ သိဏ်းသိဏ်းက သူ့ခေါင်းက သန်းကို ခပ်စိတ်စိတ်ဆွဲချလိုက်၊ တုပ်လိုက် ၊ သောက်လိုက် အမြည်းစားလိုက် လုပ်လေလေပါပဲ။ ဝင်းမြင့်ကလည်း ဝင်းမြင့်လို့ပြောရမလားပဲ အာလေးလည်းရွှင်လာ စကားလေးကောင်းလာပြီဆို ဘုရားအကြောင်း တရားအကြောင်းကို စတော့တာပါပဲ။ တခါကအဲ့လို ဘုရားတရားစကားလည်း စရော သိဏ်းသိဏ်းက ဇတ်ခနဲကောက်ထွက်သွားတယ်။ ကျနော်လည်း မူးပြီးအိပ်ပျော်သွား ၊ နိုးလာချိန်ထိ သိဏ်းသိဏ်း ပြန်မရောက်တာ သတိထားမိတယ်။ ခေါင်းကိုက်တာနဲ့ ဖြေအုံးမယ်ဆိုပြီး သုဝဏ္ဏစျေးထိ လမ်းလျှောက်သွားတော့ ၊ လားလား … သိဏ်းသိဏ်းတယောက် အောင်ဇေယျ အမိန့်ရအရက်ဆိုင်မှာ မင်းသားဇော်ခင်နဲ့ ဖောင်တွေဖွဲ့လို့။

“ ငါ နားကလောလို့ ထွက်လာတာကွာ ။ ခွီးတဲ့မှ ။ သောက်စားပြီးလည်း ပြောကြပါလား - ဖာအကြောင်း ဖဲအကြောင်း ဖိုးအကြောင်းလေး။ ခုဟာက မအပ်မရာ ဘုရားတရားအကြောင်းတွေ လှိမ့်ပြောနေရတယ်လို့”

သိဏ်းသိဏ်းနဲ့ဝင်းမြင့်အကြား အဖုအထစ်ကလေးတွေ မကြာခနဆိုသလို ဖြစ်ဖြစ်လာပေမယ့် ဝင်းမြင့်နဲ့ ကျနော်တို့ အဲ့ကာလမှာ ပိုလို့ပူးပေါင်းဖြစ်ပါတယ်။

အဲ့ကာလက ကျနော်အမှတ်မမှားရင် ၁၄/ တွေ စုရပ်နှစ်ခု ရှိတယ်။ ဘားလမ်းက သစ်ကောင်းအိမ်တို့လုပ်နေတဲ့ မီဒီယာခန်းမှာ တစု။ အလုံသစ်တောလမ်းက မိုးဝေးရဲ့ ဆေးဆိုင်မှာတစု။ ဝင်းမြင့်က အလုံဖက်ကို ပိုပြီး စက်ကျတယ်လို့ ပြောရမယ်ထင်တယ်။ အရည်ရော အငွေ့ပါ အကြိုက်တူသူ လူဆန်းတို့ ဟိန်းမြတ်ဇော်တို့ကလည်း အဲ့အစုမှာပဲ နေတာကိုး။ ကိုမိုးကြီး ခရီးထွက်နေတဲ့ ကာလရှည်တခုမှာ ဝင်းမြင့်က ကျနော်တို့နဲ့ အတော်လေး လာပူးပေါင်းတယ်။

ကိုမိုးကြီး ခရီးသွားနေတဲ့ကာလမှာ ကျနော်တို့ အစာအိမ်ခံတပ်အတွက် ရွေးချယ်စရာသုံးမျိုးရှိတယ်။ တခုက အိမ်နောက်ဖေး အုတ်နံရံပေါ် အလုအယက်နွယ်တက်ပြီး ပြွတ်ခဲနေတဲ့ ကင်းမွန်သီးရယ်၊ သိဏ်းသိဏ်းစိတ်ပါလို့ ငါးထွက်မျှားလို့ ရလာတဲ့ငါးတွေရယ်၊ ဝင်းမြင့်တယောက် ယိုင်ထိုးထိုးပြန်လာရင်း ဆွဲဆွဲလာတဲ့ ဝက်ခေါင်းသုပ် ဘာသုပ် အစရှိတာတွေရယ်ပါ။ များသောအားဖြင့်တော့ နေ့လည်စာကို ကင်းမွန်သီးခူးပြီး ငါးပိနဲ့ချက်တာပါပဲ။ ညနေစာကျတော့ ထမင်းအိုးတည်ပြီး ဝင်းမြင့်ဝယ်လာမယ့် အသုပ်တခုခုကို စောင့်ပြီးစားကြတာများပါတယ်။

“ဟုတ်ပါ” (ကဲ့မပါဘူး)

“ အော”

“ကဲ ကြည့်စမ်း”

တဖက်လူရဲ့စကာအပေါ် ကောင်းဆိုးလုပ်ပြီး ဝင်းမြင့် တုန့်ပြန်တတ်တဲ့ စကားလုံးတွေပါပဲ။ သိဏ်းသိဏ်းကျတော့ စကားစတာနဲ့ တိုင်းထွာပြီး စပြောတတ်ပါတယ်။ ကျနောကတော့ ကြုံသလိုပဲပြေတာပါ။ သိဏ်းသိဏ်းကတော့ ကျနော့်အပေါ် မှတ်ချက်ပြုဖူးပါတယ်။

“မင်း လူတွေကို စကားပြောရင် အခုလိုပဲ မခံချိမခံသာဖြစ်အောင်ပြော ၊ ကြားလား ။ မင်းအပြောအဆိုကြောင့် ရိုက်သတ်ခံရတယ်ဆိုရင် ငါတော့ အံ့ဩမှာမဟုတ်ဘူး။ ကြားလား စောက် ကလေး ...”တဲ့။

အဲသလို ပုံစံအမျိုးမျိုးနဲ့ နားဝင်ပီယံဖြစ်အောင် ပြောဆိုတတ်တဲ့ ကျနော်တို့သုံးယောက်မှာ တူညီတာတခုရှိပါတယ်။ အတင်းပြောတာပါ။ သိဏ်းသိဏ်းစကားနဲ့ပြောရင် စောက်တင်းတုပ်တာပေါ့လေ။ စကားကလည်း တခြားပြောစရာမရှိတော့ ဟိုလူဘာဖြစ် ဒီလူဘာဖြစ်ဆိုတာမျိုးပြောကြတာပါ။ အပြောခံရတဲ့လူ ရေရှည်နစ်နာပါစေဆိုတာမျိုးမဟုတ်ပါဘူး။ ဒီအတိုင်း ရယ်စရာလိုလို အတည်လိုလိုတွေပြောကြတာပါပဲ။ သိဏ်းသိဏ်းရဲ့ သတ်မှတ်ချက်ကတော့ ရှင်းတယ်။ အရက်ဆိုင်ထိုင်တာမှာ ပိုက်ဆံဘာညာ အရေးမကြီးဘူး။ တဝိုင်းထဲ သောက်နေကြသူချင်းအတူတူ တယောက်ယောက်က အပေါ့ထသွားလို့ အဲ့လူရဲ့အတင်းကို အမြန်ဆုံးပြောနိုင်သူကသာ သူတို့ဝိုင်းမှာ ထိုင်ဖို့ ထိုက်တန်တယ်လို့ သတ်မှတ်ပါတယ်။

တနေ့တော့ သိဏ်းသိဏ်းက ကျနော့်ကို ထူးဆန်းတဲ့ စကားတခွန်းဆိုလာပါတယ်။

“ ဟေ့ယောင်မှင်စာ … ဝင်းမြင့်က စကားပြောသာ အိညက်အိညက်နဲ့ လက်တအားမြန်တဲ့ကောင်” တဲ့။

(ဓာတ်ပုံကတော့ သုဝဏ္ဏအိမ်ပိုင်ရှင် ကိုမိုးကြီးပုံ၊ ပေးပို့လာတဲ့ Kyaw Gyee ကိုကျေးဇူးအထူးပါ)

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar