Breaking News

အစ္စရေးလ်/အမေရိကန်တို့ရဲ့ အီရန်စစ်ပွဲမှာ နိုင်ငံရေး အရ ဘယ်လိုရပ်တည်ကြမလဲ

မြန်မာနွေဦးခရိုနီကယ် - မတ် ၆ မြင်ကွင်း

(မိုးမခ) မတ် ၇ ၊  ၂၀၂၆


အစ္စရေးလ်/အမေရိကန်တို့ရဲ့ အီရန်စစ်ပွဲမှာ နိုင်ငံရေးအရ ဘယ်လိုရပ်တည်ကြမလဲ

မကြာသေးတဲ့ လပိုင်းက ဗင်နီဇွဲလားနိုင်ငံ သမ္မတကို အမေရိကန်နိုင်ငံထဲ မူးယစ်ဆေးဝါး တင်သွင်းမှုမှာ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အထူးတပ်ဖွဲ့တွေနဲ့ ဗင်နီဇွဲလား နိုင်ငံကို လေကြောင်းက ဝင်ရောက်ပြီး သမ္မတကို ဖမ်းဆီးကာ နယူးယောက်မြို့မှာ ရုံးတင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်က ဗင်နီဇွဲလားကို ဝင်တိုက်တဲ့ ရက်ပိုင်းတွေမှာပဲ အစ္စရေးလ် ဝန်ကြီးချုပ် နေတန်ယာဟုက ဝါရှင်တန်ကိုလာရောက်ပြီး သမ္မတထရန့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီဖြစ်ရပ်တွေ ဖြစ်ပွားတဲ့ကာလကတည်းက ယူကျု့ပလက်ဖောင်းပေါ်က သတင်းသုံးသပ်တဲ့ ချန်နယ်တခုက အမေရိကန် စီအိုင်အေအရာရှိဟောင်းတဦးကို မေးမြန်းခဲ့ရာမှာ စီအိုင်အေ အရာရှိက ဒီဖြစ်ရပ် ၂ ခုကိုကြည့်ပြီး ကောက်ချက်ချရင် အီရန်ကို ဝင်တိုက်မှာ ကျိန်းသေနေပြီလို့ ကောက်ချက်ချပါတယ်။ ဗင်နီဇွဲလားက ရေနံရယူဖို့ သေချာအောင် လုပ်ဆောင်နိုင်ပြီ ဖြစ်လို့ ဟော်မုဇ်ရေလက်ကြားပိတ်လည်း အမေရိကန်အဖို့ အထိမနာနိုင်တဲ့အနေအထားအတွက် ပြင်ဆင်တာ၊ အဲဒီရက်ပိုင်းတွေမှာ အီရန်မြို့တော်မှာ ဆန္ဒပြမှုတွေ ပေါ်ထွက်လာတာဟာ စီအိုင်အေရဲ့ လက်ချက်တွေဆိုတာ ကောက်ချက်ချနိုင်ပြီး အီရန်ဆန္ဒပြမှုကို ရက်စက်စွာနှိမ်နှင်းမှုကြောင့် ဝင်တိုက်ရတာဆိုတဲ့ ပြောဆိုချက်တွေလည်း ထရန့်က ပြောဆိုနေတာ သတင်းတွေမှာ ပါရှိနေလို့ အားလုံး သိရှိပြီးဖြစ်ပါတယ်။ 

ဆန္ဒပြမှုတွေကို နှိမ်နှင်းတဲ့အချိန် အီရန်အစိုးရ ပြုတ်ကျစေဖို့အထိ အမေရိကန်ဘက်က မျှော်လင့်ပေမဲ့ အဲဒီလို ဖြစ်မလာခဲ့ပါဘူး။ ဒါပေမဲ့လည်း ၂ လသာသာ အကြာမှာ အခုလို အစ္စရေးလ်နဲ့ အမေရိကန်တို့ အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီး အီရန်ခေါင်းဆောင်တွေ တစုတဝေးထည်း အစည်းအဝေး လုပ်နေချိန် လက်ဦးမှုယူကာ တိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

အစ္စရေးလ်+အမေရိကန် နဲ့ အီရန် တို့အကြားက စစ်ပွဲက အမေရိကန်ရဲ့ စစ်စခန်းရှိတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကိုပါ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်နေပြီး ဒီအရှေ့အလယ်ပိုင်း အာရေဗျကျွန်းဆွယ်ဒေသက နိုင်ငံတွေအားလုံးရဲ့ လုံခြုံရေး၊ ရေနံထုတ်လုပ်ရေး သယ်ယူပို့ဆောင်မှုတွေကိုပါ ထိခိုက်စေခဲ့တာ တွေ့ရပါတယ်။ ကမ္ဘာ့နိုင်ငံအများအပြားဟာ အရှေ့အလယ်ပိုင်း ဒေသထွက်ရှိတဲ့ ရေနံကို ဝယ်ယူသုံးစွဲနေကြရသလို အီရန်နိုင်ငံနဲ့ တဖက်မှာ အိုမန်၊ ကာတာနိုင်ငံတို့ မျက်နှာချင်းဆိုင်ထားတဲ့ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့်ပိတ်ဆို့ခြင်းက တကမ္ဘာလုံးရဲ့ ရေနံသုံးစွဲမှု၊ စီးပွားရေး၊ လူမှုရေးတွေ အပေါ်ပါ စတင်သက်ရောက် နေပြီဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာလည်း ပြည်ပက ရေနံတင်သွင်းနေရတဲ့ နိုင်ငံဖြစ်လို့ လောင်စာဆီ သုံးစွဲမှုချွေတာဖို့ အိမ်သုံးကား အသုံးပြုတာ လျှော့ချမယ့် ကြိုတင်လုပ်ဆောင်မှုတွေ မနက်ဖြန်က စတင်မှာဖြစ်ပါတယ်။ 

ဒီနေရာမှာ အစ္စရေးလ်+အမေရိကန် နဲ့ အီရန် စစ်ပွဲကိစ္စမှာ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်၊ တော်လှန်ရေး အင်အားစု၊ နိုင်ငံရေးသမားတွေ ဘယ်လိုရှုမြင် ရပ်တည်ကြသလဲ ဆိုတဲ့အချက်က နောက်ထပ် နိုင်ငံရေးရပ်တည်ချက် နဲ့ အကျိုးစီးပွား၊ မူဝါဒအပေါ် ရပ်တည် မတည် စတဲ့ စာမေးပွဲတခုလို ဖြစ်လာပြန်ပါတယ်။ 

အာဏာသိမ်းစစ်တပ် အနေနဲ့ အစ္စရေးလ်နဲ့လည်း စစ်ရေးနည်းပညာ၊ ထောက်လှမ်းရေးနည်းပညာ ဝယ်ယူမှုတွေ ရှိနေခဲ့တာဖြစ်သလို အီရန်နိုင်ငံထံမှလည်း စစ်လက်နက်ပစ္စည်း၊ နည်းပညာ၊ ရေနံ စတာတွေ ဝယ်ယူမှု ဆက်ဆံမှုရှိနေတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်အစိုးရအပေါ်  နိုင်ငံတကာက လက်နက်ရောင်းချမှု ပိတ်ဆို့တာတွေ လုပ်ဆောင်ခဲ့တဲ့အခါ စစ်ရေးသုံး ဒရုန်းတွေ၊ ၄င်းအစိတ်အပိုင်းတွေကို ရောင်းချတယ်လို့ သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။ 

ဒီအချက်တွေကိုကြည့်ရင် အာဏာသိမ်း စစ်တပ်အနေနဲ့ အခု စစ်ဖြစ်နေတဲ့ နိုင်ငံ ၃ နိုင်ငံအနက် အစ္စရေးလ် ၊ အီရန် ၂ ဖက်စလုံးနဲ့ ဆက်ဆံရေး ရှိထားပြီး စစ်တပ်အတွက် လိုအပ်တဲ့ စစ်ရေးနည်းပညာ၊ လက်နက်တွေ ဝယ်ယူ မှီခိုနေရတာ ထင်ရှားပါတယ်။ 

မြန်မာတော်လှန်ရေးအင်အားစုတွေ အနေနဲ့ အခု ဖြစ်ပွားတဲ့ အရှေ့အလယ်ပိုင်းဒေသက စစ်ပွဲမှာ လျှော့ပေါ့ပေးလို့ မရတဲ့ တန်ဖိုး၊ စံနှုန်း၊ မူဝါဒတွေအရ စတင်တိုက်ခိုက်ခဲ့တဲ့ အစ္စရေးလ်+အမေရိကန် တို့ကို ရှုတ်ချမှာလား၊ သို့မဟုတ် အစ္စလာမ် ဘာသာရေး အခြေခံဝါဒနဲ့ ဒီမိုကရေစီ အခွင့်အရေး မရှိဘဲ ဖိနှိပ်အုပ်ချုပ်တဲ့ အာဏာရှင်အစိုးရကို ပြုတ်ကျအောင် လုပ်မယ်၊ အစိုးရပြောင်းလဲအောင် လုပ်မယ်ဆိုတဲ့ စစ်ပွဲကို ထောက်ခံအားပေးမှာလား ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။ 

စစ်ပွဲစတင်တဲ့ ရက်မှာပဲ အစ္စရေးလ်နဲ့ အမေရိကန်တို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးစာသင်ကျောင်းကို တည့်တည့်ထိမှန်ပြီး ကျောင်းသူ ၁၅၀ နဲ့ ဆရာ/ဆရာမ ၁၅ ဦး စုစုပေါင်း ၁၆၅ ဦး သေဆုံးခဲ့ရပါတယ်။ အစ္စရေးလ်နဲ့ အမေရိကန် တို့က အရပ်သား သေဆုံးမှု၊ စာသင်ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်ရပ်အတွက်တာဝန်ခံမှု ခုချိန်ထိ မရှိသေးတာတွေ့ရမှာပါ။ 

အီရန် အစိုးရပြောင်းလဲအောင် လုပ်မယ်ဆိုတဲ့ ကြွေးကြော်သံ၊ အခုနောက်ဆုံး နောက်ရွေးချယ်မယ့် အစိုးရဘယ်သူ ဖြစ်သင့်သလဲဆိုတာ အမေရိကန်က ပါဝင်လိုတယ်ဆိုတဲ့အထိ အချုပ်အချာအာဏာကို ဂရုမစိုက်တဲ့ ပြောဆိုမှုတွေအထိ ပြောဆိုတာတွေကို ဘယ်လို သဘောထားကြမလဲ။ 

၁၉၇၉ ခုနှစ်မှာ အီရန်နိုင်ငံမှာ ၂၆ နှစ်နီးပါး ဘုရင်စနစ်နဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့ အမေရိကန် လိုလားတဲ့ ရှားဘုရင်ရဲ့ သားဖြစ်သူ အမေရိကန်နိုင်ငံမှာ နေထိုင်သူကို ယခုနှစ်ဇန်နဝါရီလကတည်းက အီရန်လူထုကို ဦးတည်စည်းရုံးမှုတွေ ပြောဆိုဖို့  စီအိုင်အေက အားပေးအားမြှောက် လုပ်တာတွေက အခြားနိုင်ငံတနိုင်ငံရဲ့ ကိုယ်ပိုင်ရွေးချယ် ဆုံးဖြတ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုလို့ ဆိုရမှာပါ။ 

ဒါ့အပြင် အီရန် အနောက်မြောက်ပိုင်း၊ အီရတ်နဲ့ ဆီးရီးယား မြောက်ပိုင်းတို့မှာ ဖြန့်ကျက်နေထိုင်ကြတဲ့ ကာ့ဒ်လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေကို စီအိုင်အေက သင်တန်းပေးတာ၊ လက်နက် ငွေကြေးပေးတာတွေ စတင်လုပ်ဆောင်ပြီး အီရန်နိုင်ငံ အစိုးရကို ပြုတ်ကျအောင် လုပ်ဆောင်တာတွေက နိုင်ငံတကာက လက်ခံထားတဲ့ rule-based order တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုတွေ ဖြစ်လို့ နိုင်ငံတကာ အရေးကိစ္စတွေမှာ ဆိုးရွားတဲ့ သာဓက ဖြစ်ရပ်၊ လုပ်ဆောင်မှုတွေ အဖြစ် မှတ်တမ်းတင်ကြရမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ 

အရှေ့အလယ်ပိုင်းဒေသမှာ တခုထည်းသော အနုမြူလက်နက် ပိုင်ဆိုင်တဲ့ အစ္စရေးလ် အနေနဲ့ အီရန်နိုင်ငံကို Failed state ဖြစ်စေပြီး ဂါဇာ၊ အနောက်ဘက်ကမ်း စတဲ့ပါလစ္စတိုင်းဒေသတွေမှာ အစ္စရေးလ်တွေရဲ့ တိုးချဲ့အခြေချမှုတွေကို အတားအဆီးမရှိ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။ 

လက်ရှိ အမေရိကန် သမ္မတဟာ အမေရိကန်အကျိုးစီးပွားအတွက်ဆို ဘယ်လို rule-based order မျိုးမဆို ချိုးဖောက်ဖို့ ဝန်မလေးသူ၊ နယ်မြေ အချုပ်အချာပိုင်ဆိုင်မှုကို လက်အောက်ခံပြည်နယ် အဖြစ် သို့မဟုတ် ငွေကြေးတန်ဖိုး တစုံတရာပေးပြီး ဝယ်ယူတာဖြစ်ဖြစ် ၊ စစ်အင်အားနဲ့ သိမ်းယူတာဖြစ်ဖြစ် လုပ်ဆောင်မယ်လို့ အာဏာရလာတဲ့ တနှစ်အတွင်း ပြောဆို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

အခု အီရန်အဖြစ်အပျက်က ဘာမှ သကာရည် ဖုံးမထားတဲ့ ကိုလိုနီလက်သစ်ဝါဒအတိုင်း ပေါ်ပေါ်တင်တင်ပြော၊ ပေါ်ပေါ်တင်တင် ကျင့်သုံးလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

မြန်မာ့တော်လှန်ရေးအင်အားစုတွေ အနေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေရင်းနဲ့ ကမ္ဘာမှာ သယံဇာတနဲ့နယ်မြေတွေ ရယူဖို့ စစ်အင်အားနဲ့ ဗိုလ်ကျနေတဲ့ အမေရိကန်၊ ပါလစ္စတိုင်း အရပ်သား သောင်းနဲ့ချီ သေဆုံးစေခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တဲ့ အစ္စရေးလ်က နေတန်ယာဟု အစိုးရတို့ရဲ့ သွေးဆာတဲ့ စစ်ပွဲတွေကို တစိုးတစိမျှ အားပေးထောက်ခံဖို့ မသင့်ပါဘူး။ 

တဖက်မှာလည်း မိမိနိုင်ငံသားတွေ အပေါ် အာဏာရှင်စနစ်နဲ့ ဆယ်စုနှစ်များစွာ အုပ်ချုပ်ပြီး ရက်စက်စွာဖိနှိပ်တဲ့ အီရန် အစိုးရကိုလည်း ထောက်ခံဖို့ မလိုပေမယ့် အီရန်နိုင်ငံရဲ့ အနာဂတ်ဟာ အီရန်နိုင်ငံက ပြည်သူတွေကသာ ဆုံးဖြတ်ခွင့်ရှိပြီး အီရန်နိုင်ငံ အနာဂတ်ကို ကိုလိုနီပြုလိုတဲ့နိုင်ငံ ဘယ်အင်အားကြီးနိုင်ငံကမှ ဆုံးဖြတ်ခွင့် မရှိစေရဘူးဆိုတဲ့ မူဝါဒကို ခိုင်ခိုင်မာမာ ကိုင်စွဲဖို့ လိုအပ်ပါတယ်။ 

နွေဦးတော်လှန်ရေးရဲ့ အခြေခံတဲ့ မူဝါဒတွေ၊ တန်ဖိုး စံနှုန်းတွေဟာ ရိုးသားမှုရှိပြီး အနိုင်ကျင့်သူ၊ ဗိုလ်ကျသူ၊ သယံဇာတနဲ့ နယ်မြေစိုးမိုးရေးအတွက်ဆို လက်နက်အင်အား စစ်ရေးအင်အားကို လိုတာထက် ပိုမိုအသုံးပြုပြီး အရပ်သားတွေ ထောင်သောင်းနဲ့ချီသေဆုံးစေတဲ့ အထိ သတ်ဖြတ်ဗိုလ်ကျ အနိုင်ကျင့်တဲ့ ဘယ်လိုနိုင်ငံကိုမှ အားပေးထောက်ခံတာမျိုး မလုပ်မိဖို့ သတိကြီးစွာထားရမှာ ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar