ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဘုန်းဘုန်းတို့ဘတ်ဒေးက စကတ်လေး
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဘုန်းဘုန်းတို့ဘတ်ဒေးက စကတ်လေး
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၂၄
မဘသတွေအဖို့တော့ ဘုရားဒကာကြီးနဲ့ ကျောင်းအမလေးကြား လတ်လျားလတ်လျား လုပ်မရတဲ့အခြေအနေ။
ဘုရားဒကာအုပ်စုက နိုင်ငံတကာက ဒေါ်စု လွှတ်ရေး အသံကျယ်လာချိန်မှာ ဒေါ်စုကို ချိုးနှိမ်ဖို့ ဟားဖို့ ချဉ်ရဲပြေ ဂွင်တဂွင် ဆင်လာတယ် ဆိုပါစို့။ ဒီတခါ အလှည့်ကျလာတာက ဖြူဖြူထွေး။ သူ့မှာ မဘသပရိသတ်နဲ့ ရွာပရိသတ်ရှိတယ်။ အဲဒါကို အသုံးချချင်တာ။ မဘသတွေ အကြောအချဉ်မဆန့်သာ ထုံနာ ကျဉ်နာ ဖြစ်နေ တချို့လည်း လေဖြတ်လုနီးနီး ဖြစ်နေတာ ကြာပကိုး။ ရွာတွေကလဲ မီးတိုက်ထားတာ များပကိုး။ များဆို ကုန်သလောက်ပါဘဲ။ ခုဖြင့် ကြံ့ဖွတ်ရွာတွေတောင် လေကြောင်းက ဒွတ်လို့ ဖွတ်သထက် ညစ်နေတာကြာပေါ့။ အဲဒါတွေ အကြောအချဉ်ဆန့်ခွင့်ပေးဖို့၊ ရွာတွေကို နှစ်သိမ့်ဖို့ လိုနေတဲ့ခြေနေမှာ ဆရာတော်ကြိုက် ရွာဆော်ကြိုက်ဖြစ်နေတဲ့ကောင်မလေးက အရေးပါလာသကိုးနော့။ "ခြံစည်းရိုးမယ်တော်" "ဟောင်စု"ဘာညာလုပ်လိုက်တာ ထောက်လှမ်းရေးပွေးကွက်တွေပါ ပေါ်လာတော့တာဘဲ။ ထောက်စုပ်တွေက နိုင်တီးဂွမ်တီးတုန်းက စာပေစိစစ်ရေးဆိုတာကြီး လက်ထဲကိုင်ပြီး မီဒီယာ အနိုင်ကျင့်လာတဲ့ခေတ် ကုန်မှန်းသိပုံမရ။ ဟိုတုန်းက ပုံနှိပ်မီဒီယာသတင်းစာနဲ့ စစ်အုပ်စုတီဗီဘဲ ရှိတဲ့ခေတ်၊ စာပေစိစစ်ရေးဆိုပြီး စာပေကင်ပေတိုင် လုပ်လို့ရသလေ။ ဘာစာမဆို သူတို့ ခွင့်ပြုမှ၊ မပြုရင်မထုတ်ရ၊ မှင်မဲသုတ် ဖြုတ်ပစ်တဲ့ စာဖက်ဆစ်ခေတ် မရှိတော့တာ သိပုံမရ၊ အိုင်တီခေတ်မို့ ခုတွေး ခုရေး ခုဖြန့် ခုပြန့်ဆိုတာ နားလည်ပုံမရ။ အဲလိုမှမဟုတ် ကြင်စိုး ကြိုးစင်မတက်ခင် အိုစရိတ် နာစရိတ် ရသလောက်ယူကြတာပေါ့ ဆိုတဲ့ သဘောနဲ့ ငပေါကို ဂျင်းထည့်တာလဲ ဖြစ်နိုင်။ ဟိုကောင်က ကြိုးစင်မတက်ခင် ရေနစ်နေသကိုး။ သလိုဆိုတော့ ဉာဏ်နီဉာဏ်နက်တို့အရှင် ထောက်ပြုတ် ကောက်ရိုးမျှင်ကို လှမ်းဆွဲတော့တာပေါ့။ တလောက ထောက်ပြုတ်တွေ တရုတ်သွားလို့ အဟုတ်လားမှတ်တယ်၊ ဟိုက စစ်နိုင်တဲ့ ကီယာကိုပင့် ဂီယာဝင့်ပေးလိုက်တယ်။ ဘယ်သူက ရှုံးတဲ့ကောင် ပန်းကုံးစွပ်မလဲ။ အဲဒါကြောင့် တဂွင်ရှိုး ဈေးဖိုးတောင်းဖို့ကြံတာလေ။
ထောက်ပြုတ် ထောက်ယုတ်ရဲ့ အကြံက ဟောင်စုနဲ့ ဖွမယ်၊ ဟိုဘက်ကလိုလို သတိပေးစာထုတ်မယ်၊ ဖဖထကို သတ်မယ်၊ PDFက သတ်သလိုလို UGက ကိုင်သလိုလိုဆို ဆရာတော်တွေတင်မက ရွာဆော်တချို့ပါ ပါလာပြီး ရေနစ်သူကြင်စိုးကို ဂုတ်က မ ရေပေါ်ခဏ ဖော်ပေး အသက်ရှူလမ်းကြောင်းလေး ဖွင့်ပေးနိုင်မယ် တွက်တာပေါ့။ ဖော်ခ ဖွင့်ခက မြိုးမြိုးမြက်မြက် ရမှာ မဟုတ်လား။ သန်းရွှေ ကောင်းမှုနဲ့ ထောက်နာမျိုးကန်းကနေ ထောင်နာကျိုးကန်းဖြစ်ခဲ့ ခွင်ပျောက်ခဲ့တာ ကြာပလေ။
ခုတော့ စိတ်ကူးနဲ့ရိုက်တဲ့ဖဲ ဘူရှိရာ ကုလားတက်လာ ဆိုသလို ကြေညာတဲ့အဖွဲ့ကလဲ စောက်တလွဲနာမည်နဲ့၊ အသက်သုံးဆယ်မကျော်လောက်တဲ့ ဇာတ်ညွှန်းဖက်တီးကလဲ ထောက်ခေတ်ဟောင်းအောက်မေ့ဖွယ် ဝေါဟာရတွေနဲ့ တက်လာတော့ ဂွမ်းတာပေါ့။
ဗော်လန်တီယာ တကိုယ်တော်တွေတင်မက မမနုကြည်ကပါ ထောက်မသန်တွေရဲ့ စောက်အကြံကို ဖော်ပေးလိုက်တော့ ဖြူဖြူထွေးတော့ တရက်တန်သည်၊ နှစ်ရက်တန်သည် ကံကောင်းသွားတယ်ဆိုရမှာပေါ့။ မဟုတ်ရင် ကောင်မလေး ကွေးကွေးလေးမဒန့်နိုင်ဘဲ ဆန့်နေလောက်ပြီ။
ဒါမဲ့ အာ့ကို သူ့မဘသ ဘကတွေက သူ့ဘုရားဒကာအုပ်စုအကြောင်း သိတော့ စိတ်မချ။ ကျောင်းအမလေးအတွက် ဗြောင်လဲ မဟရဲ။ ဘယ်သူတွေနဲ့ ဘာအဖွဲ့ရယ်လို့လဲ အသိမခံဘဲ စာကလေး ဘာလေး ထုတ်ကြ လုပ်လာကြတယ်။ အဲသမှာ ဒေါ်စုဘက်က နာသလိုလို လေသံပါလာတော့ ဘုရားဒကာဘက်က တင်းလာပြန်ရော။ ဘုန်းဘုန်းဘုရားတွေခမျာ အပူလုံးကြွ ကတုံးမလှဖြစ်ရတာပလေ။ အရုပ်လက်ဆောင် အထုပ်လက်ဆောင် ဒုတ်လက် အဲ မုန့်လက်ဆောင်ပေးတဲ့ဘုန်းဘုန်းတချို့လဲ မစို့နိုင် မဘုဉ်းနိုင် ငိုင်နေသတဲ့။ ဘယ်ရတက်အေးရှာမတုံး။ ဟိုကောင်တွေ ဘယ်လို ကိစ္စတုံးတတ်တာ သူတို့အသိ။
ကောင်မလေးကလဲ မအတော့ စလက်ခံကထဲက လုံးလုံးမသိဘူးတော့ မဟုတ်တန်ရာ၊ သူ ရေးတာမဟုတ်ကြောင်း ဖက်တီးပုတ်ကို ဂုတ်ဆွဲလာတာသာကြည့်။ အဲဖက်တီးပုတ်က ကောင်မလေးမို့ ဘွားတော် ဖြစ်သွားတာပါ ဆိုတဲ့ နှစ်ကျပ်ကွက်လောက်နဲ့ ဖောက်ထွက်လို့က မရ။ ဘယ်သူ့လက်ချက်လဲ သိဖို့တော့ လိုသလေ၊ ဘယ်သူဖော်ပေးမလဲ။ မဖော်ခင် ဒင်းတို့နှစ်ယောက် အသက်မပျောက်ဖို့ ဘာညာ အင်း ခုချိန်မှာ ဘယ်ကျောင်းကမှလဲ ခေါ်ထားရဲရှာမှာ မဟုတ်။ ပြဿနာက ဟိုဘက်က ဗျင်းမှာကတော့ သေချာသလောက်။ သူ့ဘုန်းဘုန်းတွေ စာထုတ်လာတာက သက်သေဘဲလေ။ ဒီဘက်ကတော့ ဒါလောက်က စာဖောက်စရာလဲ မဟုတ်။ အဝှာဖောက်စရာလဲ မဟုတ်။
ကဲ ကဲ ကိုယ်တော်တို့ အမျိုးဘာသာ လဘာဂျာတို့၊ ဘုရားဒကာအိုနာကြီးဘက်က လိုက်မလား၊ ကျောင်းဒကာမ ကျွမ်းသမလေးဘက်က ရပ်မလား၊ ပြတ်ပြတ်သားသား စကားပြောဖို့တော့ လိုပနော်။ မဟုတ်ရင် နောင် ဘတ်ဒေးပါတီမှာ စကတ်လေး မ ပါပြီ ဖြစ်သွားနိုင်ပါကြောင်း။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar