Breaking News

ရက်စက်တဲ့ လက်စားချေ သတ်ဖြတ်မှုတွေရဲ့ အစဥ်အလာ

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၆ မြင်ကွင်း

မိုးမခ၊ ဒီဇင်ဘာ ၇၊  ၂၀၂၄


ရက်စက်တဲ့ လက်စားချေ သတ်ဖြတ်မှုတွေရဲ့ အစဥ်အလာ

ခုရက်ပိုင်းအတွင်း စစ်အာဏာရှင် တပ်ကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ ဒေသန္တရ PDF တပ်ဖွဲ့တဖွဲ့နဲ့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်က လက်နက်ကိုင် တပ်ရင်းတခုတို့က ပြည်သူ့စစ် ခေါင်းဆောင် နဲ့ ကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင်တို့ကို ဦးခေါင်းနဲ့ ကိုယ် တစစီဖြစ်အောင် သတ်ဖြတ်တာ၊ ခြေလက်ကိုယ်ခန္ဓာတွေကို ခုတ်ဖြတ်တာ ကန်ကျောက်တာတွေ လုပ်ဆောင်ခဲ့တဲ့ ဗီဒီယိုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ 

အဖြစ်အပျက် တခုက နေပြည်တော်-ကံပြားလမ်းပိုင်း တနေရာမှာ ပျူစောထီးခေါင်းဆောင် မင်းမင်းဆိုသူကို ဗိဿနိုး PDF တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး သတ်ဖြတ်ကာ ဦးခေါင်းနဲ့ ကိုယ်တခြားစီ ဖြစ်အောင် လုပ်ခဲ့တဲ့ ဗီဒီယိုဖိုင် ပြန့်နှံ့ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ အဖြစ်အပျက်ကတော့ NUG လက်အောက်က SOF တပ်ဖွဲ့ ဝင် ဖြစ်တဲ့ ၄င်းနာမည်ကို ရေးဘီလူးလို့ အမည်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်က ရေးမြို့နယ် ကွန်ဒူးကျေးရွာက ပျူစောထီး အဖွဲ့ဝင် တဦးဖြစ်သူ ခေါင်းဖြူ ခေါ် ဦးဇံမင်းကို ဖမ်းဆီး စစ်မေးပြီးနောက် ဓါးနဲ့ ခုတ်ကာ တစစီဖြစ်အောင် သတ်ဖြတ်ခဲ့တဲ့ ဗီဒီယိုဖိုင် တယ်လီဂရန်ချန်နယ်တွေမှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာ MOD အနေနဲ့ ခုံရုံးဖွဲ့စစ်ဆေး အရေးယူသွားမယ်ဆိုတဲ့ ပြောဆိုချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

မကြာသေးခင်က စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲမှာ အရပ်သား ၆ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ကျူးလွန်တယ်လို့ ယူဆရတဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုသတင်းတွေ ပေါ်ထွက်လာခဲ့ပြီး၊ ယခင်နှစ်တွေကလည်း မြင်းခြံခရိုင်မှာ PDF ခေါင်းဆောင် ဗိုလ်ဆင်ရိုင်းကို ဘီလူးစစ်ကြောင်းက သတ်ဖြတ်ကာ ကိုယ်နဲ့ခေါင်း တခြားစီဖြစ်အောင် ခုတ်ထစ်ပြီး ယူဆောင်သွားတဲ့ အဖြစ်တွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီလို ရက်စက်တဲ့ သတ်ဖြတ်မှုတွေ လုပ်ဆောင်ပြီး ဒေသခံတွေနဲ့ ၄င်းတို့ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို ကြောက်လန့်စေဖို့ ရည်ရွယ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တချို့သော အဖြစ်အပျက်တွေမှာ ပျူစောထီးလို့ခေါ်တဲ့ ပြည်သူ့စစ်တွေက ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။ 

စစ်အာဏာရှင်တပ်တွေ၊ ၄င်းတို့ကို ထောက်ခံတဲ့ ပျူစောထီး အဖွဲ့တွေက အထက်က ကျူးလွန်မှုတွေ လုပ်ဆောင်နေချိန်မှာ တဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေဘက်က လက်စားချေ လုပ်ဆောင်တယ်လို့ ယူဆရတဲ့ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်မှုအချို့ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဗိဿနိုး PDF  တပ်ဖွဲ့ဝင်တွေ ကျူးလွန်တယ်ဆိုတဲ့ အဖြစ်အပျက်က ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရေးဘီလူးအဖွဲ့ခေါင်းဆောင် ကျူးလွန်တဲ့ အဖြစ်အပျက်က လွန်ခဲ့တဲ့ ၅ လကျော် ၆ လ ဝန်းကျင်က ကျူးလွန်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပြီး ဗီဒီယိုဖိုင်ပါရှိတဲ့ ဖုန်းက တိုက်ပွဲတခုအတွင်း စစ်ကောင်စီဘက်က ရရှိသွားပြီးနောက် အဲဒီကျူးလွန်မှုက လူသိရှင်ကြား ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

ဒီအချက်ကို ထောက်ချင့်ရင် အများမသိရှိတဲ့ ကျူးလွန်မှုတွေလည်း ရှိနေခဲ့တယ်လို့ ယူဆစရာရှိပြီး သက်သေခံမယ့် ဗီဒီယိုဖိုင်တွေ ပျံ့နှံ့သွားတဲ့ အဖြစ်အပျက်တွေသာ စစ်ဆေးစုံစမ်းမှုတွေ လုပ်ဆောင်ကြတဲ့ သဘောလို့ ဆိုရမှာဖြစ်ပါတယ်။ 

အခုလို ဗိဿနိုး PDF နဲ့ MOD တို့က အရေးယူအပြစ်ပေးတာ၊ ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးမယ်လို့ အသိပေး သတင်းဖေါ်ပြချက်တွေ အောက်မှာ အချို့ကတော့ တဖက်ကလည်း  အခုလို ရက်စက်မှုတွေကျူးလွန်နေတာ ဖြစ်လို့ လက်စားချေတာ တရားတယ်ဆိုတဲ့ အမြင်တွေ ရှိနေကြသလို အချို့ကလည်း မိမိတို့ တပ်ဖွဲ့ဝင်တွေကို အခုလို အရေးယူတာ၊ ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးတာတွေ မလုပ်သင့်ဘူး၊ တော်လှန်ရေးကို အင်အားလျော့စေမှာ ဖြစ်တယ်လို့ ဝေဖန်မှတ်ချက်ပေးကြတာ တွေ့ရပါတယ်။ 

အချို့ကတော့ မိမိတို့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ စစ်ပွဲတွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာဖို့ အရေးကြီးသလို လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုလိုမျိုးတွေ မကျူးလွန်မိဖို့လည်း အရေးကြီးတယ်လို့ မြင်ကြတာပါ။ တဖက်က စစ်အာဏာရှင်တပ်တွေ ပျူစောထီးတွေ ပြုမူကျင့်ကြံသလို ရက်စက်တဲ့ သတ်ဖြတ်မှုတွေ လက်စားချေမှုတွေနဲ့ မတုံ့ပြန်သင့်ဘူးလို့ ယူဆသူတွေလည်း ရှိပါတယ်။ 

တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တဖက်လက်နက်ကိုင် အဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေ နဲ့ သတင်းပေးလို့ သံသယရှိသူတွေ အပေါ် အခုလို ရက်စက်တဲ့ လက်စားချေ သတ်ဖြတ်မှုတွေ မကျူးလွန်အောင် တင်းကြပ်တဲ့ စစ်စည်းကမ်း အုပ်ချုပ်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ အဲလို တင်းကြပ်တဲ့ စည်းမျဥ်း စည်းကမ်းတွေကို လိုက်နာစေခဲ့ရင် ခုလိုလူသိရှင်ကြား ပေါ်ထွက်လာတဲ့ အဖြစ်အပျက်မဟုတ်သော်လည်း အမှန်တကယ်ဖြစ်ပွားတဲ့ အဖြစ်အပျက်တိုင်းကို အပြစ်ပေးအရေးယူတဲ့ သာဓကတွေ ရှိနေမှာဖြစ်ပါတယ်။ ဒီနေရာမှာ တနိုင်ငံလုံးက MOD လက်အောက်က လက်နက်ကိုင် တပ်ဖွဲ့တွေကို Change of Command ရှိသလား မရှိသလား ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာမယ့် အနေထားဖြစ်ပြီး MOD လက်အောက်က မဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့တွေကို ဘယ်လိုအရေးယူ ထိန်းကျောင်းကြမလဲဆိုတဲ့ မေးခွန်းလည်း ရှိနေပြန်ပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက မိမိလက်အောက်က တပ်ရင်းတပ်ဖွဲ့တွေက ကျူးလွန်မှုတွေကို အရေးယူရမယ့် တာဝန်အပြင် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနတခု ဖွဲ့စည်းပါရှိထားပြီး ဖြစ်လို့ တရားရေးဝန်ကြီးဌာနအပြင် လူ့အခွင့်အရေးဝန်ကြီးဌာန အနေနဲ့လည်း အခုလို အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ တာဝန်ခံရမယ့် အနေအထားမျိုးတွေ ရှိလာနေတာ ဖြစ်ပါတယ်။ 

လူ့အခွင့်အရေး ချိုးဖောက်မှု၊ နောက်တဆင့် အနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာမျိုးကို အရေးယူအပြစ်ပေးတဲ့ စည်းကမ်း၊ ဥပဒေ မရှိခဲ့ရင် တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာ၊ ဒီမိုကရေစီ လူ့အခွင့်အရေး တန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်ကြတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ထိပါးစေနိုင်တဲ့ အချက်ကိုလည်း သတိပြုကြဖို့ အရေးကြီးလှပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar