အာရှတန်ဖိုးနဲ့ အာရှအင်အားတွေက ကမ္ဘာမှာ ရှေ့တန်းရောက်လာပြီလား
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၂ မြင်ကွင်း
(မိုးမခ) ၊ အောက်တိုဘာ ၃ ၊ ၂၀၂၆
အာရှတန်ဖိုးနဲ့ အာရှအင်အားတွေက ကမ္ဘာမှာ ရှေ့တန်းရောက်လာပြီလား
မျက်မှောက်မြင်ကွင်းမှာ အနောက်အင်အားစုတွေက အေအိုင်လို့ ခေါ်ကြတဲ့ ခေတ်လွန်နည်းပညာခေတ်ကို ကြွေးကြော်ကြတယ်။ အေအိုင်ကို မထိန်းကျောင်းရင်ဘဲ ကမ္ဘာကြီးပျက်တော့မယ်။ လူတွေ မျိုးတုံးတော့မယ် လို့ ဟစ်ကြွေးသံ ပေးကြတယ်။ အမေရိကန်သမ္မတ ထရန့်က အေအိုင် Artificial Intelligence မဟုတ်ဘူး၊ ဒါက Super Intelligence လို့ ခေါ်မယ်ဆိုပြီး အမိန့်ထုတ်တယ်။ ဉာဏ်ရည်တု မဟုတ်တော့ဘူး၊ သူက နတ်မျက်စိလို့ ခေါ်ချင်တဲ့ သဘောလို့ ပြောရမလားပဲ။ အနာဂတ်ကမ္ဘာကို သူတို့တွေ (အမေရိကန်နဲ့ မဟာမိတ်တွေ) ကပဲ ဆက်ပြီး အပိုင်စီး ဦးဆောင် ဖန်တီးဦးမယ်လို့ သူတို့ ဘယ်လောက်ပဲ လေသံပစ်ပစ်၊ ဟန်ရေးပြပြ ပကတိအခြေအနေမှာ အမေရိကန်၏ ဩဇာက ရိုသေလေးစား အထင်ကြီးရတဲ့ အဆင့်အတန်းကနေ လူတကာ ကြောက်ရွံ့ စက်ဆုတ်ရတဲ့ အနိုင်ကျင့်တဲ့ လူကြမ်းကြီးလို အနေအထားမျိုးလို့ ဆိုရမယ် ထင်ပါတယ်။
သက်သေတခုကတော့ ယခင်လက ကျင်းပတဲ့ ကမ္ဘာကုလ အထွေထွေညီလာခံမှာ သမ္မတထရန့်က နိုင်ငံတကာက သူ့စကားနားမထောင်သူတွေကို ရန်ထောင်စကားတွေ ထွက်ပြောသွားတဲ့ဖြစ်ရပ်ကို ပြနိုင်ပါတယ်။ အီရန်ကို အမေရိကန်နဲ့ အစ္စရေးကပဲ စစ်ရေးအရ ကျူးကျော်တိုက်ခိုက်ပြီး ယခုအချိန်ထိ စစ်ကို မရပ်စဲနိုင်သေးဘဲ အီရန်တပြည်လုံး အမှုန့်ချေပစ်မယ်လို့ ကုလစင်မြင့်ကနေ ခြိမ်းခြောက်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်ဖို့ ဝန်မလေးဘူးလို့ တရားဝင် ပြောလိုက်တာ ဖြစ်ပါတယ်။ သူ့နောက်ကနေပြီး အစ္စရေး၊ အီရန်၊ ရုရှား စတဲ့ နိုင်ငံတကာက Bully တွေ ဗိုလ်ကျအနိုင်ကျင့်သူတွေက ကုလစင်မြင့်ကနေ နင်ပဲငဆ ရန်ထောင်တဲ့ စကားတွေ ပြောဆို ဟိန်းဟောက်ကြတာပဲ ဖြစ်ပါတော့တယ်။ အစ္စရေးဝန်ကြီးချုပ်က သူ ကုလစင်မြင့်ပေါ်တက်လာချိန်မှာ သူ၏ စစ်မက်ကျူးကျော်တိုက်ခိုက်မှုတွေကို ကန့်ကွက်တဲ့ သဘောနဲ့ ကုလအဖွဲ့ဝင် နိုင်ငံအတော်များများ နေရာကနေ ထထွက်သွားကြတာကို မင်းတို့လို သူရဲဘောကြောင်သူတွေ ထွက်သွားကြလို့ လှမ်းပြီး စော်ကားတဲ့ စကားပြောလိုက်ပါသေးတယ်။
သည်တော့ မေးခွန်းက အမေရိကန်၏ အခန်းကဏ္ဍက ဘယ်လိုနေရာကို ရောက်နေသလဲ။ ကမ္ဘာကြီး၏ အနာဂတ်ကို သူတို့ ပိုင်စိုးတယ်လို့ အမေရိကန်က ပြောနေတာက အကောင်းတွေအတွက်လား အဆိုးတွေအတွက်လားဆိုရင် လက်ရှိအခြေအနေကတော့ အဆိုးတွေ ဖြစ်လာဖို့ သူတို့လက်ထဲမှာ ရှိတယ်လို့ မျက်မှောက် အခြေအနေက ပြဆိုနေတယ် ဆိုရပါမယ်။
အီရန် ကျူးကျော်စစ်၊ ဗင်နီဇွဲလား မတရားစစ်ဆင်ရေး၊ ကုန်သွယ်ရေးအခွန် မတရားတိုးကောက်နေတဲ့ ကုန်သွယ်စစ်၊ မဟာမိတ်တွေနဲ့ ဆက်ဆံရေးတွေ ကန့်သတ် လျှော့ချခြင်း၊ ကုလသမဂ္ဂလ အခန်းကဏ္ဍကနေ ဆုတ်ခွာခြင်း၊ ပြည်တွင်းမှာလည်း စီးပွားရေး လူမှုရေး အကျပ်အတည်းမျိုးစုံ ဆိုက်နေခြင်းတွေကို နေ့စဉ် သတင်းခေါင်းစဉ်တွေကနေ လျင်လျင်မြန်မြန် ဆွဲထုတ်ပြနိုင်ပါတယ်။ လုပ်ကြံဖန်တီးပြီး ပြောနေစရာ မလိုတဲ့ အနေအထား ဖြစ်နေပါပြီ။ သူတို့ ဖန်တီး ဖြန့်ကြက်ထားပါတယ်ဆိုတဲ့ အေအိုင် ဆိုတာတောင် လောကနိဗ္ဗာန် ရောက်ဖို့ နေနေသာသာ လွှတ်ထားရင် လူသားမျိုးတုံးဖို့ များတယ်လို့ ပညာရှင်တွေက ဟောကိန်းထုတ် သတိပေးနေကြတော့ သူတို့လက်ထဲမှာ အကောင်းဖြစ်လာဖို့ မရှိတာ သေချာတယ်လို့ ပြောတာ လွန်မယ် မထင်ပါဘူး။
အမေရိကန်တွေ၏ တန်ဖိုးနဲ့ အမေရိကန်အိပ်မက်တွေက မှေးမှိန်လာနေတယ်ဆိုရင် သူတို့နေရာကို လာယှဉ်ပြိုင်မဲ့ အခြားပထဝီဒေသက တန်ဖိုးတွေ အိပ်မက်တွေက ဘာတွေ ဖြစ်လာမလဲ။ အနောက်က တန်ဖိုးနဲ့ အိပ်မက်ကို အမြဲပြိုင်နေတာကတော့ အရှေ့က (အာရှက) တန်ဖိုးနဲ့ အိပ်မက်လို့ ပြောရင် ရပါတယ်။ အာရှ၏ တန်ဖိုးနဲ့ အိပ်မက်တွေကို ပညာရှင်တွေက ဦးလှည့် အာရုံပြုကြတဲ့ အချိန်လို့ ဆိုချင်ဆိုနိုင်ပါတယ်။ ပညာရှင်တွေကတော့ ပညာဂုဏ်မောက်နေတဲ့ အမေရိကန်မှာ သီလနဲ့ ဒါန တရားတွေ အားနည်းလာတာကို ထောက်ပြကြပါတယ်။ ဥစ္စာဓနဂုဏ်၊ အမျိုးသားရေးဂုဏ်ကိုပါ မော်ကြွားနေတော့ သူ့ကို အိမ်နီးချင်းတွေက ခပ်ဝေးဝေးနေကြတယ်။ အဲသည်အချိန်မှာ အာရှဒေသက နိုင်ငံတွေ emerging countries ဖွံ့ဖြိုးတိုးတက်လာဆဲ နိုင်ငံတွေက သူတို့ကိုယ်ပိုင်တန်ဖိုးတွေ သူတို့ကိုယ်ပိုင်အိပ်မက်တွေကို ပြန်ဆင်ခြင်ကြ၊ ပြန်ပြီး မွမ်းမံလာကြတယ်လို့ ဆိုပါတယ်။
သမိုင်းမှာ “Asian Values” လို့ အထင်ရှားဆုံး ပြောခဲ့ကြသူတွေထဲမှာ စင်ကာပူခေါင်းဆောင် လီကွမ်ယုနဲ့ မလေးရှားခေါင်းဆောင် မဟာသီယာ မိုဟာမက်တို့ ပါဝင်ပါတယ်။ သူတို့နဲ့ ဆက်စပ်တဲ့ Asian Values အယူအဆတွေမှာ လူတစ်ဦးချင်း အခွင့်အရေးတစ်ခုတည်းထက် မိသားစုနဲ့ လူမှုအသိုင်းအဝိုင်း၊ လူမှုသဟဇာတဖြစ်မှု၊ တာဝန်ဝတ္တရား၊ ခေါင်းဆောင်မှုအပေါ် လေးစားမှု၊ consensus နဲ့ လူမှုတည်ငြိမ်မှုတို့ကို ပိုမိုအလေးထားခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က စပြီး အမေရိကန်မှာ ထရန့်အစိုးရ တက်လာချိန်ကစပြီးတော့ အာရှနိုင်ငံတွေအားလုံးက သူတို့အာဏာရအစိုးရတွေနဲ့ နိုင်ငံရေးပါတီကြီးတွေ၏ ချိန်ညှိခြင်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။ အစိုးရချင်းနဲ့ နိုင်ငံရေးပါတီတွေအချင်းချင်း နိုင်ငံရေးခေါင်းဆောင်တွေအချင်းချင်း ဆက်ဆံရေးဟာ ကြီးမားတဲ့ အပြောင်းအလဲ မရှိကြဘူးလို့ အာရှနိုင်ငံတွေဘက်က သဘောထားခဲ့ကြပုံပါပဲ။ အာရှနိုင်ငံသားတွေအတွက်ကတော့ အနောက်နိုင်ငံတွေကို မှီတည်ပြီး ပညာရေး၊ လူမှုရေးနဲ့ စီးပွားရေးအရ ရပ်တည်နေရခြင်းတွေမှာ အပြောင်းအလဲတွေ လုပ်ခဲ့ကြရတယ်လို့ ဆိုနိုင်ပါတယ်။ အမေရိကန်၏ အထောက်အပံ့၊ ဩဇာ၊ ခွင့်ပြုချက်တွေနဲ့ လုပ်ကိုင်နေကြရတဲ့ ပညာရေး၊ သုတေသန၊ ကုန်သွယ်ရေး၊ လူမှုရေးလုပ်ငန်းတွေအကုန်လုံးနီးပါးက ပြုပြင်ပြောင်းလဲရပါတယ်။ အမှီအခိုကင်းအောင် ပြင်ဆင်ကြရပါတယ်။
၁၉၉၇–၉၈ အာရှဘဏ္ဍာရေးအကျပ်အတည်း မဆိုက်ခင် အဲသည်တုန်းက အာရှခေါင်းဆောင်တွေ ဝင့်ကြွားခဲ့ကြတဲ့ အာရှတန်ဖိုး အာရှအိပ်မက်ဆိုတာတွေဟာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ အသံတိုးတိမ်သွားခဲ့ပေမဲ့ ၂၀၀၁ အမေရိကန်ကို အစွန်းရောက်များ တိုက်ခိုက်သည့်နိုင်းအီလဲဗင်းအရေးအခင်း၊ ၂၀၀၈ အမေရိကန်စီးပွားကျချိန်၊ ၂၀၂၀ ကိုဗစ်ကပ်ဆိုက်မှုတွေမှာ အာရှနိုင်ငံတွေက အနောက်တန်ဖိုးနဲ့ မတူညီတဲ့ သီးခြား ရပ်တည်မှု ရုန်းကန်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။
ငယ်ရွယ်သော မျိုးဆက်သစ်လူဦးရေနဲ့ တိုးပွားနှုန်း များစွာ သာလွန်ခြင်း၊ ပြည်တွင်းစားသုံးမှု ဝယ်ယူမှုကို မကျဆင်းသွားအောင် ထိန်းသိမ်းထားနိုင်ခြင်း၊ အထက်မှ အောက်သို့ စီးဆင်းသော နာခံမှု သည်းခံမှုတို့ လက်ခံထားခြင်း၊ မိသားစုနဲ့ အမျိုးသားရေးလက္ခဏာကို တိုင်းပြည်အလိုက် ကိုင်စွဲခြင်း၊ နယ်နိမိတ်အတားအဆီးများကို စောင့်ရှောက်ခြင်း စတဲ့ အချက်တွေ (သူများ ပြည်တွင်းရေးကို မစွက်ဖက်ခြင်း အပါအဝင်) က အာရှတန်ဖိုး အာရှအိပ်မက်လို့ ခေါ်ခဲ့ကြတာကို အခုမျက်မှောက်မှာ ပိုလို့ သက်ဝင်လှုပ်ရှားလာတယ်လို့ ဆိုချင်ပါတယ်။
အာရှနိုင်ငံများဟာ အမေရိကန်နဲ့ အနောက်အုပ်စုတွေ၏ နိုင်ငံရေးနဲ့ စီးပွားရေး အကျိုးအမြတ်တွေ၏ လက်ဝေခံနိုင်ငံတွေအဖြစ်ကနေ အာရှကျားတွေလို့ ဖြစ်လာရာက ၂၀၂၀ နောက်ပိုင်း အနောက်ကမ္ဘာ၊ အရှေ့အလယ်ပိုင်းဒေသတို့၏ မငြိမ်သက်မှုတွေနောက်မှာ ပိုပြီး တည်ငြိမ်၊ ပိုပြီး အမှီအခိုကင်းတဲ့ အာရှအုပ်စုကြီး ဖြစ်လာပြီလို့ မြင်လာရပါတယ်။
ယူကရိန်း-ရုရှား စစ်မှာ ကုလ၏ မူဘောင်ထက် ကျော်ပြီး စွက်ဖက်တာမျိုး အာရှနိုင်ငံတွေ (အာဆီယံနိုင်ငံတွေ)က မလုပ်ခဲ့ကြပါဘူး။ မြန်မာစစ်တပ်က အာဏာသိမ်းပြီး ပြည်တွင်းစစ်ကြီး ဖြစ်ပွားလာချိန်မှာလည်း အာဆီယံဟာ Five-Point Consensus ကို အဓိကမူဘောင်အဖြစ် ဆက်လက်ကိုင်စွဲထားပြီး အကြမ်းဖက်မှုရပ်တန့်ရေး၊ လူသားချင်းစာနာမှုအကူအညီနဲ့ သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးရေးတို့ကို ထပ်တလဲလဲ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်နိုင်ငံတခုရဲ့ အတွင်းရေးကို တိုက်ရိုက်ဝင်ရောက်ဖြေရှင်းတဲ့ နည်းလမ်းမျိုးကိုတော့ ရှောင်ရှားထားတာ တွေ့ရပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်အရေးအခင်းမှာလည်း ဘက်လိုက်မှုမရှိဘဲ ကင်းကင်းနေကြသူတွေ ဖြစ်နေပြန်ပါတယ်။ အမေရိကန်-အီရန် စစ်ဖြစ်လို့ လောင်စာဆီ အကျပ်အတည်းဆိုက်ကြပြန်တော့လည်း မိမိတို့ပြည်တွင်းတည်ငြိမ်ရေး၊ ဒေသတွင်း အနှောင့်အယှက်များ မဖြစ်စေရေးကို အလေးထား ဆောင်ရွက်ကြတာ တွေ့ရပါတယ်။ နိုင်ငံရေးပါတီများ၊ ခေါင်းဆောင်များက မိမိတို့ အာဏာရဖို့ အနိုင်ရဖို့အတွက် ပြည်သူလူထုကို သိမ်းသွင်းစည်းရုံး အသုံးချကြတယ် ဆိုပေမဲ့ လူထုအုံကြွမှုတွေကနေ တိုင်းပြည်တွေ ပြိုလဲတဲ့ အဖြစ်အပျက်မျိုးတွေအထိ မသွားအောင် အာရှနိုင်ငံတော်တော်များများက သတိကြီးကြီးထားကြတယ်လို့ ဆိုချင်ပါတယ်။
ဒါကြောင့် ၂၁ ရာစုအတွင်းမှာ အာရှနိုင်ငံတော်တော်များများမှာ တိုင်းပြည်ပြိုလဲခြင်း ဖြစ်တဲ့ အဆင့်ကို ရောက်တဲ့ နိုင်ငံရယ်လို့ မရှိသေးဘူးလို့ ဆိုချင်ပေမဲ့ မိမိတို့မြန်မာနိုင်ငံကတော့ အရေးပေါ်အခြေအနေမှာ ရောက်နေပါတယ်။
နိဂုံးချုပ်ရင် အရှေ့ကမ္ဘာမှာ တရုတ်၊ အိန္ဒိယနဲ့ ဂျပန် ရယ်လို့ အင်အားကြီးပြီး ‘’စွာ” ချင်တဲ့ နိုင်ငံရယ်လို့ ရှိပြီး၊ နယ်စပ်ဖြတ်ကျော်တဲ့ ပြဿနာတွေထဲမှာလည်း လူကုန်ကူးမှု၊ ကျားဖြန့်အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင်ကုန်သွယ်မှုတွေဟာ အာရှနိုင်ငံအများအပြား အတူတကွရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ ပြဿနာတွေ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း တောင်တရုတ်ပင်လယ်၊ ထိုင်ဝမ်ရေလက်ကြားနဲ့ နယ်နိမိတ်အငြင်းပွားမှုလို နိုင်ငံအချင်းချင်းကြား လုံခြုံရေးပြဿနာတွေ ဆက်ရှိနေဆဲပါ။ ဘာသာရေး အစွန်းရောက် အကြမ်းဖက်မှုတွေ အဖွဲ့အစည်းတွေ မွေးဖွားရာ ဖြစ်တည်ရာ ခြေကုပ်ယူရာ ပထဝီဒေသမဖြစ်အောင် အထူးရှောင်ရှားကြတယ်လို့ ဆိုနိုင်ပါတယ်။
အမေရိကန်နဲ့ အနောက်အုပ်စုတွေရဲ့ သူတို့၏ အယူဝါဒနဲ့ ဩဇာတွေ စွက်ဖက်မှုတွေကို ကမ္ဘာလှည့် ဖြန့်ကျက်ခဲ့တဲ့ ကိုလိုနီခေတ်လွန်ကာလမှာ အာရှနိုင်ငံတွေထဲက အထူးသဖြင့် အာဆီယံနိုင်ငံတွေ၏ တန်ဖိုး၊ အတွေးအမြင်နဲ့ စိတ်ကူးတွေကို စောင့်ကြည့်လေ့လာကြဖို့ အချိန် ရောက်ရှိလာပြီလို့ ဆိုလိုက်ချင်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
