လင်းလက်နွေဦး - စစ်အတွင်းက အမေ
လင်းလက်နွေဦး - စစ်အတွင်းက အမေ
(မိုးမခ) ဒီဇင်ဘာ ၇ ၊ ၂၀၂၄
ဝမ်းကွဲအစ်မတစ်ယောက်က ဖုန်းဆက်လာတယ်၊ သူ့အဒေါ်ကို နေရာရွှေ့ပေးဖို့။ အမေက ကျနော့်ဆီ ဖုန်းဆက်တုန်းက အေးဆေးပဲ၊ သူ ခိုနေတဲ့နေရာကို စစ်ကြောင်းလာထိုးတယ်၊ စစ်ပြေးတွေ အကုန်လုံး စစ်မေးတယ်။ လူစစ်၊ ဖုန်းစစ်၊ အထုပ်မှန်သမျှ စစ်တာ။ မကျေလည်တဲ့သူ လေး ငါးယောက် ခေါ်သွားတယ်။ သား၊ သမီးတွေ အကြောင်းမေးလို့၊ နင့်အကြောင်းတော့ ထည့်ပြောလိုက်တယ်တဲ့။ ‘ခု ရက်ပိုင်း၊ ဆိုင်မသွားနဲ့အုံး’ ဒီလောက်ပါပဲ။ အဲဒီတော့ ကျနော်ကလည်း အေးဆေးပေါ့၊ ဒါ လုပ်ထုံးလုပ်နည်းပဲ၊ လူစစ် ဖုန်းစစ် ရှိသမျှ မွှေနှောက်၊ ကြိုက်ရင် ယူ၊ သံသယရှိသလိုလိုနဲ့ လူတွေ ဖမ်းခေါ်၊ ဆိုင်ရာပိုင်ရာတွေနဲ့ လာရင် ပြန်လွှတ်၊ မဆိုင်မပိုင်တွေ ဆိုရင်၊ အာရကေ ဘာညာပေါ့လေ။ ‘ဟဲ့ မဟုတ်ဘူး၊ အဲဒီကို လာဖမ်းတာ နာမည်စာရင်းနဲ့၊ အဒေါ့်နာမည်လည်း ပါတယ်’ ဆိုတော့၊ ကျနော် ခေါင်းကြီးသွားတယ်။ ဒလန်... ဒလန် သတင်းပေးလား။
အဲဒီတော့ နေရာရွှေ့ပေးဖို့၊ မြန်မြန်စီစဉ်ရတယ်။ မနီးလွန်း၊ မဝေးလွန်းနဲ့ စိတ်ချရမယ့် နေရာ။ ခုချိန် အစစ အရာရာ ကျပ်တည်းနေကြတော့၊ စားဝတ်နေရေး ဆိုတာ လူတိုင်းအတွက် ခက်ခဲလွန်းတယ် မဟုတ်လား။ ဆောင်းတွင်းကာလ ဆိုတော့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေက ပို’လိုတယ်။ စောင်ထူထူကြီးတွေ၊ သယ်ရတာ ခက်တယ်။ အဆင်သင့်ရှိနိုင်မယ့် အိမ်။ ရေ၊ မီး ကတော့ ထားပါတော့၊ တနိုင်ငံလုံး မှောင်မိုက်နေတော့၊ အများသူငှာလိုပဲ ဘုံပိုင် ရေတွင်းတွေမှာ ငင်ချိုးရုံပေါ့။ မီးကတော့ သမားစဉ်မပြတ် ဖယောင်းတိုင်းမီးပေါ့။ ရွာ ဆိုတော့ ထင်းပေါ ပါတယ်၊ ရွာ ရိုးကိုးပေါက် လျှောက်ကောက်ရုံနဲ့ လုံလောက်နိုင်တယ်။ အဲ... အရေးကြီးတာ ‘ဆေး’၊ နေ့စဉ် သောက်နေကျ ဆေးတွေပဲ။ အမေက သွေးတိုး၊ နှလုံးရောဂါ ရှိလေတော့၊ သွေးကျဆေးတို့၊ သွေးကျဲဆေးတို့၊ နှလုံးငြိမ်ဆေးတို့ နေ့တိုင်း သောက်နေရတယ်။ တစ်လစာ ဝယ်ထည့်ပေးရမယ်။
ကိုယ်ကသာ ခေါင်းတွင်းပွက်ပွက်ထနေတာ၊ အမေ့ဆီ ဖုန်းထပ်ဆက်တော့၊ ‘အေးလေ၊ ဟုတ်သားပဲ၊ ပထမ မေးတဲ့ တယောက်က ငါ့ကို မသိဘူး ထင်တယ်၊ ဟိုမေး ဒီမေးနဲ့ပဲ ပြီးသွားတာ၊ ဒါနဲ့ ငါလည်း လမ်းလျှောက်ရင်း ဘုရားစာလေး ရွတ်ရင်း ထွက်သွားတော့ နောက်တခေါက် ထပ်လာတယ်၊ မတွေ့လို့ ပြန်သွားတယ်တဲ့’။ အမေက အလှည့်ကျော်ပြီးရင် သူ့အလှည့် ထပ်မလာလောက်တော့ဘူး ထင်နေတဲ့ ပုံ။ ဖမ်းခေါ်ခံရတဲ့ အတူနေတွေထဲက တယောက်ယောက်ကများ အမေ့အကြောင်းကို ပြောလိုက်ရင်....။ အဲဒီစိတ်နဲ့ပဲ အမေရော အဖေ့ပါ အဲဒီ တရက်အတွင်း သွားခေါ်ပြီး၊ တခြားရွာ ပို့ထားလိုက်တယ်။ အိမ်ရှင် မိသားစုကိုတော့ တခုခု လိုတာရှိရင် ဖုန်းဆက်ပါ၊ လူကြုံနဲ့ ထည့်ပေးလိုက်ပါ့မယ်၊ အမေတို့ကိုလည်း အလားတူ မှာလိုက်ရတယ်။
ပထမ စီစဉ်တာက ဒီလို၊ သူတို့ နေတဲ့ နေရာကနေ မြို့ထဲ ပြန်မဝင်တော့ဘဲ၊ ဆိုင်ကယ်နဲ့ ခေါ်ထုတ်မယ်။ နောက်မှာ အခုနေတဲ့ အိမ်ကနေ လာကြိုမယ်ပေါ့။ ရွေးထားတဲ့ လမ်းကြောင်းက အယောက် ၅၀ လောက်နဲ့ စစ်ကြောင်းထိုးသွားတယ်လို့ ကြားပြန်ရော။ အဲဒီတော့ အကြိုထောက်မယ့် ဆိုင်ကယ်သမားတွေက သွားမခေါ်ရဲပြန်ဘူး။ ဖြစ်နေပုံ။ ကိုယ်ကလည်း မြို့အပြင် အထွက်ခက်။ အဝင်အထွက်တွေ အကြိုအကြားတွေ မကျန် ကင်းတွေ ချထားတယ်လေ။ ဒီကနေ၊ လမ်းတဝက်လောက်ထိတော့ ဒီကနေ ပို့ပေး၊ ကြိုဆိုရေးတွေက လမ်းတဝက်ထိ လာကြို၊ ပြီးတော့ ခရီးထောက်ဖြစ်တဲ့ ရွာတရွာကို ခေါ်သွား။ အဲဒီရွာကနေမှ အခုနေမယ့် ရွာအထိ တဆင့်သွားရမှာ။ ရှုပ်လိုက်တာနော်။ မြန်မာပြည်တွင်းတင်၊ တရားမဝင် ဝင်ရောက်နေထိုင်သူတွေလို မှောင်ခိုသွားလာနေရတယ်။
အဲဒီလို ဝရမ်းပြေးတွေလို၊ တရားခံပြေးတွေလို ပြေးရ ပုန်းရတဲ့ အမေတို့ခမျာ ဘာတစ်ခုမှ အမှားလုပ်ထားတာတော့ မဟုတ်ဘူး။ အသက်တွေက (၇၀) ကျော်၊ (၈၀) နားကပ်နေသူတွေ။ ရှေးထုံးအတိုင်း မစည်ကားအပ်တဲ့ ရဲစခန်းတို့ တရားရုံးတို့ ဆိုတာ တစ်ခါလေးတောင် ရောက်ခဲ့ဖူးသူတွေ မဟုတ်။ ‘ရုံးရောက် ဂါတ်ရောက်နဲ့ ရှက်စရာ ဖြစ်လိမ့်မယ်’ဆိုပြီး ရထိုက်တဲ့ အမွေတောင် ရအောင် ယူခဲ့သူတွေ မဟုတ်ပါဘူး။ အမွေဆိုတာ ထိုက်မှ ရတာဆိုပြီး မွေခံထိုက်စေ မဖြစ်ခဲ့တဲ့ သားသမီးအလိမ္မာကြီးတွေပေါ့။ မစည်ကားအပ်တဲ့ ဆေးရုံဆိုတာတောင် ကျနော်တို့ကို မွေးဖွားဖို့အတွက်ပဲ သွားခဲ့တဲ့ အမေ။ ခုလို အသက်ကြီးမှ၊ အတော်လေး နေထိုင်မကောင်းဖြစ်မှ၊ အတော်လေး တိုက်တွန်းလို့သာ မြို့ဆေးခန်းအထိ သွားပြ၊ ရောဂါအဖြေ သိ၊ နေ့စဉ်ဆေးသောက်နေရတာ။ အဲဒီလို ရုံးကန်ကန္နား ကြောက်ကြတဲ့သူတွေ။
ဒီအသက်အရွယ်ထိ၊ ကျနော် စဉ်းစားကြည့်တယ်၊ ခွန်းကြီးခွန်းငယ်နဲ့ တခြားသူစိမ်းတွေနဲ့ စကားများ ရန်ဖြစ်ဖူးလားဆိုတော့၊ မှတ်မှတ်ရရ မရှိလှဘူး။ မရှိသလောက်ကို ရှားပါတယ်။ အဲ၊ ဆွေမျိုးသားချင်းတွေနဲ့လည်း အဲဒီလိုပဲ။ အမေ့ပုံစံက သူ စိတ်တိုရင်၊ စိတ်ထဲ မကြည်တော့ရင် စကားကို မပြောတော့ဘူး။ စိတ်ကောက်နေလိုက်တာပဲ။ အဲဒီလူကို အရေးမလုပ်တော့ဘူး၊ မခေါ်တော့ဘူး၊ ဝေးဝေးရှောင်နေလိုက်တာပဲ။ နင်ပဲငဆ ပြောမနေဘူး။ ဒါပဲ။ အဲ... ဒါပေမဲ့ အဲဒီစိတ်ဆိုးတာကြီးက နှစ်ရှည်လများတော့ ကြာတယ်။ ပြောရမယ်ဆိုရင် အမေက စိတ်ကြီးတယ်၊ အမှတ်သည်းခြေကြီးတယ်ပေါ့။
အဖေ ဆိုရင်လည်း ကျနော် လူမှန်းသိတတ်တဲ့အချိန်ကနေပြီး ခုထိ လက်သီးလက်မောင်းတန်း၊ ဒေါသတကြီး အော်ဟစ်ဆဲဆိုတာမျိုး မကြားခဲ့ပါဘူး။ သူက ဟို စကားလေးကို ကြိုက်တယ် ထင်တယ်၊ ‘ရန်သူ မရှိ၊ မိတ်ဆွေ ရှိ’ ဆိုတာလေ။ ဆရာကြီး ဒဂုန်တာရာ ခရေစီ ထင်ပါရဲ့။ ကျောင်းမလိုက်ချင်တဲ့ ကျနော့်ကိုတော့ တစ်ခါ ရိုက်ခဲ့ဖူးပါတယ်၊ သုံးချက်တိတိ။ အဲဒီနောက် အဖေဟာ လေသံမာမာနဲ့တောင် မငေါက်တော့ပါဘူး။
အဲသလို ရုံးကန်ကန္နား ကြောက်၊ အမှုအခင်း ဖြစ်မှာ ကြောက်၊ သူတပါးကို မတရား လုပ်မိမှာ ကြောက်ကြတဲ့သူတွေ၊ အခု ခေတ်ပျက်ကြီးမှာ ပြေးရလွှားရနော်။ စစ်ကြောင်းထိုးလို့၊ ရွာ မီးရှို့ခံရလို့၊ လေယာဉ်တွေနဲ့ ဗုံးကြဲလို့ ပြေးရတဲ့အပြင်၊ အခုက အပိုထပ်ဆောင်း ပြေးရတာပေါ့။ ‘နာမည်နဲ့ လာဖမ်းတာ၊ ချက်ချင်း ရှောင်ရမှာပေါ့’လို့ အမေ့ကို ခပ်မာမာ ပြောမိတယ်။ ‘ဗုဒ္ဓစက္ခုံ ကိုယ်လုံး ခြုံ လုံစေသော်...’ အဲဒါလေး ရွတ်နေတာ၊ လွတ်သွားတယ်တဲ့။ အမေဟာ နောက်တစ်ခါ လာဖမ်းရင်လည်း ဒီဂါထာရွတ်နေရင် ရသားပဲလို့များ တွေးနေသလား မသိ။ အဖေရော ဘယ်သွားလဲဆိုတော့၊ လက်ဖက်ရည်ဆိုင် ခဏဆို ထွက်သွားတာဟဲ့။ အဖေဖြင့် ဘာမှ မရွတ်ဘူး၊ အဖေက ပိုတောင် ကံကောင်းသေးတယ်။ မမြင်ချင်တဲ့ မျက်နှာတွေ မမြင်ရဘူးလေ။ အဲသလို ကွန့်ပြမနေတော့ပါဘူး၊ အဖေဆီ အကျိုးအကြောင်း ပြောပြလိုက်တယ်။ ကျနော့်အရင် အစီအစဉ်ကို ပြောပြတော့၊ ဆိုင်ကယ်သမား ရှာမယ်ဆိုပြီး အဖေက ဖုန်းတွေ ဟိုဆက် ဒီဆက်ပေါ့။
တကယ်က ကျနော်ကလည်း ဒီရွာမှာ သူစိမ်းပဲ။ အာဏာသိမ်းခံရပြီး နောက်ပိုင်းမှ ဒီရွာ ရောက်လာတာလေ။ အဖေတို့ကလည်း စစ်ကြောင်းထိုးခံရလို့ ထွက်ပြေးတော့ တစ်နေရာစီ ဖြစ်ကုန်တယ်။ ကျနော့်အစီအစဉ်ကို အကောင်အထည်မဖော်နိုင်ပါဘူး။ အဖေက သူ့မိတ်ဆွေရဲ့ ကားတစ်စီး ခေါ်လာပြီး အမေနဲ့ အထုပ်အပိုးတွေ သယ်၊ ကျနော် စီစဉ်ပေးတဲ့ အိမ်အထိ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပါတယ်။ မနက်ခင်းက ဖြစ်တယ်၊ ခဏနေ အစ်မ ဖြစ်သူက ဆက်တယ်၊ ကျနော်က အမေတို့ကို ရွှေ့ပေးဖို့ စီစဉ်တယ်၊ နေ့လယ်ပိုင်းမှာ အဖေ့အကူအညီနဲ့ အောင်မြင်သွားတယ်။ ရေးပြနေတော့ အကြာကြီး ထင်ရတယ်နော်။ အမေတို့ တည်းအိမ်ရောက်တော့မှ ကျနော်လည်း ‘ဟင်း’ချနိုင်တော့တာပဲ။ ကျနော် တစ်ယောက်တည်းတော့ မဟုတ်ပါဘူး၊ ကျနော့်နားက လူတွေလည်း အပူ တွေ ဟပ်ကုန်တာပါပဲ။
ကျနော် တစ်ယောက်တည်းအတွက်ဆို အမေတို့ ဒီလောက် ဒုက္ခမရောက်နိုင်ပါဘူး။ သူလိုကိုယ်လို ပြေး လိုက်၊ အိမ်ပြန်လိုက်ပေါ့။ စစ်ကြောင်းဟေ့ဆိုရင်၊ တရွာလုံး ထွက်ပြေးကြ။ လေယာဉ် ဝဲ၊ လက်နက်ကြီးကျည်ကျ၊ သူများ ပြေး ကိုယ်လိုက်ပြေးပေါ့။ ခုတော့ အမေတို့ဟာ မပြောကောင်း မဆိုကောင်း နူရာ ဝဲစွဲ ဖြစ်ရတယ်။ ကျနော့် ညီတစ်ယောက်က နာမည်ထွက်လာတယ်။ ‘ပီ’သင်တန်းဆင်းတဲ့။ ဖရဲသီး ဆိုတဲ့သူက ပြောလာတယ်၊ ဖမ်းတော့မယ် ဆိုလို့ ပြေးသွားတာ ကြာပေါ့။ (၂) နှစ်ကျော်ပြီ။ ဘယ်ရောက်လို့ ဘယ်ပေါက်နေလဲ မသိတော့ပါဘူး။ တကယ် ‘ပီ’လား၊ သူတို့ ဖမ်းမယ် ဆီးမယ်ဆိုမှ ‘ပီ’ဖြစ်သွားတာလား မသိပါဘူး။ သူ့ကိစ္စ အေးသွားတော့၊ အမေတို့လည်း သူတို့အိမ်မှာ အေးဆေး၊ ဟန်မပျက်ပါပဲ။
ကျနော့်အထင်တော့ ကျနော့်အစ်ကိုကြောင့် ထင်တာပဲ။ ကျနော့်တို့ မိသားစုမှာ အစ်ကိုက ‘ဇ’အပြင်းဆုံးပဲ။ ၈ လေးလုံးမှာကတည်းက ခြေပြင်းလာတာ၊ နောက် လူငယ်စည်းရုံးရေးမှူး ဖြစ်တဲ့အထိ မပြီးသေးဘဲ၊ ခုထိ ဆက်လုပ်နေလိုက်တာ။ သူ့အစား ရင်မောရတယ်။ တခါက အစ်ကို့ကို ပြောဖူးတယ်၊ ‘ခင်ဗျား တသက်လုံး လုပ်လာတာဗျာ၊ ဖုန်းဆင်းကတ်တစ်ခုပဲ ရတယ်’လို့ ပြောတော့ ရှူးရှူးရှဲရှဲ ဖြစ်သွားတယ်။ အဲနောက် ကျနော်လည်း အသာကြည့်နေလိုက်တယ်။ ရွာအခြေပြု ဆန္ဒပြပွဲတွေ လုပ်တယ်၊ အသာကြည့်နေလိုက်တယ်။ ကျနော် လုပ်နိုင်တာ လုပ်ခဲ့ပြီးပြီ သဘောနဲ့ပေ့ါ။ အစ်ကို့ကို လိုက်ဖမ်းကြတယ်။ လူလွတ်ပေမယ့်၊ အိမ်ချိပ်ပိတ်ခံရတယ်။ မိသားစုလိုက်ပြေးရတယ်။ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိ။ နွေဦးဆယ်လီလည်း မဖြစ်သေး။ ကျနော်တို့ကိုလည်း အဆက်အသွယ် မလုပ်။ ဒါပေမဲ့ ၁၀၂၇ လှိုင်းနဲ့အတူ တနိုင်ငံလုံး လှိုင်းကြီးလာတော့၊ ကျနော်တို့နယ်မှာလည်း ရိုက်ခတ်မှုတွေ ရှိလာတယ်။ ဟိုဘက်က တွေးမယ်၊ နယ်ခံ‘ပီ’တွေ ပြန်လာပြီပေါ့။ ဒါဆို သူတို့ မိဘဆွေမျိုးတွေကို စစ်မေးရမယ် ဆိုပြီး။
အမေတို့ဟာ ဆောင်းတွင်းကြီးမှာ ချွေးပြန်နေရပေါ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar