Breaking News

မောင်လူမွှေး - ကြောက်ရွံ့ခြင်း သေတ္တာထဲမှာ

 

မောင်လူမွှေး - ကြောက်ရွံ့ခြင်း သေတ္တာထဲမှာ

မိုးမခ ၊ အောက်တိုဘာ ၄ ၊ ၂၀၂၆



ပြီးခဲ့တဲ့ နှစ်နှစ် နှမ်းရိတ်သိမ်းချိန်။ လင်မယား နှစ်ယောက်ဟာ တောထဲမှာ မိသားစုလိုက် ပြောင်းနေပြီး တောင်သူလုပ်ငန်းကို လုပ်ကိုင်နေကြပါတယ်။ စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုးကတည်းက သူတို့မိသားစုဟာ ရွာမှာ မနေတော့ဘဲ တောထဲမှာပဲ အပြီးပြောင်းနေကြတာပါ။   

တစ်ရက်မှာတော့ လင်မယားနှစ်ယောက်လုံး နှမ်းရိတ်ရာကနေ တဲကို ပြန်လာတော့ သူတို့ရဲ့ ငါးနှစ်သားအရွယ် ကလေးကို မတွေ့လို့ ရှာကြဖွေကြပါတယ်။ နောက်ဆုံးတော့ တဲပေါ်က ကျွန်းသေတ္တာထဲမှာ အသက်မဲ့နေတဲ့ ကလေးရဲ့ ကိုယ်ခန္ဓာကိုသာ တွေ့ကြရပါတော့တယ်။   

မောင်လူမွှေးတို့ဒေသမှာ နှမ်းရိတ်သိမ်းချိန်ဟာ မိုးဦးကာလ ဖြစ်တာကြောင့် ရာသီဥတုဟာ ပြင်းထန်ပါတယ်။ နေပူရင် အသားကုန်ပူပြီး ပူနေတဲ့ကြားထဲကပဲ မိုးရုတ်တရက်ရွာ၊ ပြီးရင် ပြန်ပူနဲ့ ခန့်မှန်းရခက်လှပါတယ်။ လေထုထဲမှာ စိုထိုင်းဆများပြီး နေရထိုင်ရခက်တဲ့ အချိန်ပါ။ ဒီလို ရာသီဥတုအနေအထားမှာ သေတ္တာထဲ ပိတ်မိနေတဲ့ ကလေးဟာ အောက်ဆီဂျင်ပြတ်ပြီး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ကျွန်းသေတ္တာထဲမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ကလေးဟာ လက်နက်သံတွေ၊ လေယာဉ်သံတွေကို အခြားကလေးတွေထက် ပိုကြောက်တတ်ပါတယ်။ လေယာဉ်သံ ကြားရင် တဲပေါ်က သေတ္တာထဲကို ဝင်ပုန်းလေ့ရှိတယ်လို့ ဆိုပါတယ်။ မိဘတွေ နှမ်းခင်းထဲ အလုပ်လုပ်နေတုန်း လေယာဉ်သံ ကြားတော့ သူ သေတ္တာထဲကို ဝင်ပုန်းခဲ့တာပါ။ သေတ္တာထဲကို ဝင်ပြီး သေတ္တာအဖုံးကို ပိတ်လိုက်တာမှာ သော့ခတ်နိုင်အောင် တပ်ထားတဲ့ သေတ္တာအဖုံးက မျောက်လက်ဟာ သေတ္တာကိုယ်က ကွင်းကို သွားစွပ်ပြီး အပြင်ကနေ ဂျက်ချထားသလို ဖြစ်သွားခဲ့တာပါ။

ကလေးဟာ သေတ္တာကို အထဲကနေ ဖွင့်ဖို့ ကြိုးစားရင်း အသက်ဆုံးခဲ့ရပါတယ်။ သူ့အဖေ အမေကို ဟစ်အော်ခေါ်ဆိုခဲ့မှာလည်း သေချာပါတယ်။ အလှမ်းဝေးတဲ့ နေရာမှာ နှမ်းရိတ်နေတဲ့ မိဘနှစ်ပါးဟာ မကြားနိုင်ခဲ့ကြပါဘူး။ အသက်ငါးနှစ်ဝန်းကျင် ကလေးငယ်ဟာ သူ့အသိဉာဏ်လေးနဲ့ လေယာဉ်ကို ပုန်းရှောင်ရင်း သေဆုံးခဲ့ရပါတယ်။

"အဲ့ဒီကလေး ဆုံးတုန်းက သားဦးဇင်းတို့ ကြွရသေးတယ်" လို့ ဦးလေးကြီးက အဖြစ်အပျက်ကို အဆုံးသတ်လိုက်ပါတယ်။   

မောင်လူမွှေးဟာ ရွာမှာ နေထိုင်သူဖြစ်လေတော့ ရွာထဲက အိမ်တချို့က မောင်လူမွှေးကို ရေနွေးကြမ်းသောက် ခေါ်တတ်ကြပါတယ်။ နွေနေပူပူကို ရေနွေးကြမ်းဖန်ဖန်နဲ့ ခုခံရင်း စကားစမြည် ပြောကြရပါတယ်။ မောင်လူမွှေးကို ရေနွေးကြမ်းသောက် ခေါ်တဲ့သူတွေဟာ အသက်အရွယ်ကြီးသူတွေ ဖြစ်လို့ ရှေးဟောင်းနှောင်းဖြစ်တွေလည်း ကြားရတတ်ပါတယ်။ ခုလည်း မောင်လူမွှေး ရွာထဲက အိမ်တစ်အိမ်မှာ ရေနွေးသောက်ရင်း ရေနွေးဝိုင်းထဲက ဦးလေးကြီးတစ်ယောက် ပြောပြတဲ့ အထက်ပါ အကြောင်းအရာကို နားထောင်ခဲ့ရပါတယ်။ ပြောပြတဲ့ ဦးလေးကြီးဟာ သေဆုံးခဲ့တဲ့ ကလေးမိဘ နှစ်ယောက်လုံးနဲ့ ရင်းနှီးသူလို့ သိရပါတယ်။   

"လွန်ခဲ့တဲ့ နှစ်နှစ်၊ ၂၀၂၃ တုန်းကလောက်က ဖြစ်ခဲ့တာ ဆရာ" လို့ မောင်လူမွှေး ထိုင်နေတဲ့ ရေနွေးကြမ်းဝိုင်းထဲက အဒေါ်ကြီးတစ်ယောက်က ဝင်ပြောပါတယ်။   

မောင်လူမွှေး ထိုင်ခဲ့တဲ့ ရေနွေးကြမ်းဝိုင်းထဲမှာ အဖြစ်အပျက်ကို ပြောပြတဲ့ ဦးလေးတစ်ယောက်ရယ်၊ အဒေါ်ကြီးနှစ်ယောက်ရယ်၊ အိပ်နေတဲ့ ငါးနှစ်ဝန်းကျင် ကလေးတစ်ယောက်ရယ်၊ မောင်လူမွှေးရယ် ငါးယောက် ရှိပါတယ်။   

"ကျမလည်း ဒီမြေးပဲ စိတ်ပူနေရတာ..." လို့ အိပ်ပျော်နေတဲ့ ငါးနှစ်အရွယ် ယောက်ျားလေးရဲ့ အဖွားဖြစ်သူက ကျနော်တို့ အားလုံးကို ရည်ရွယ်ပြီး ပြောပါတယ်။ ကျနော် စိတ်မကောင်းစွာနဲ့ပဲ ရေနွေးကြမ်းဝိုင်းကနေ ထခဲ့ပါတယ်။ အပြင်မှာ နေက ချစ်ချစ်တောက်ပူနေပါတယ်။

စစ်ကောင်စီရဲ့ လေယာဉ်တွေကြောင့် မောင်လူမွှေးနေတဲ့ ဒေသက ကလေးတွေ ပညာကို ဖြောင့်ဖြောင့် မသင်ရပါ။ ဒီလိုအချိန်တွေ ကြာလွန်းသွားရင် ကြောက်ရွံ့ခြင်း သေတ္တာထဲမှာ ဘဝများစွာ ပိတ်မိသွားမလားလို့ မောင်လူမွှေး တွေးပူနေမိပါတယ်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar