မိုးကျော်ဌေး - အပြန်လမ်း
အပြန်လမ်း
မိုးကျော်ဌေး
(မိုးမခ) ဒီဇင်ဘာ ----၊ ၂၀၂၄
လာလမ်းမှာ သေချာမှတ်သားခဲ့တဲ့
ရွှေရောင်သစ်ပင်ကြီးလဲမရှိတော့ဘူး
ပက်ကြားအက်နေတဲ့ မျက်နှာတစ်ခုပေါ်က
ညှိုးခြောက်ခြောက် အပြုံးတွေ
ညိုမလိုလိုနဲ့ မည်းမှောင်သွားရတဲ့ ညနေတွေအကြောင်း
ခေါင်းတလားကိုထုထုပြီး မေးနေရ
အမှားကို ငါချစ်မိတာ မှားလား
မှားလား ငါချစ်မိတာ အမှားကို
လာလမ်းမှာ သာခဲ့တဲ့ရွှေကျေးလေးက ခုဘယ်မှာ
လင်းနို့တွေအုပ်ဖွဲ့ကြချိန်
ဘယ်သူ့ရှိုက်သံက ပိုကျယ်မှန်း
ကြိတ်ငိုသူချင်း ချစ်ခဲ့ဖူးကြတဲ့ ဘဝဖြစ်စဥ်
အချစ်နဲ့ချိန်းဆိုထားတဲ့ အမှန်တရားရေ
မုန်းတယ်
ပြန်လည်မြင်ယောင်ခြင်း၌သာ
ကောင်းသောမျက်စေ့တို့ ကွယ်စေချင်
လွမ်းပင်လွမ်းငြား
ဘုရားတပါးပါးဆီက ပြတ်ထွက်လာတဲ့ လက်တစ်ဖက်နဲ့
ကမ္ဘာမြေကို ကြက်ခြေခတ်ခဲ့မယ်
နှုတ်ဆက်ကြစို့ရဲ့
အပြန်လမ်းမှာ ထိုသို့ ခမ်းနားခဲ့ပါ့မယ် ။
(မေ ၁၈၊ ၂၀၂၃)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar