လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ တော်လှန်ရေးရဲ့ ဂုဏ်သတင်း
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၅ မြင်ကွင်း
မိုးမခ၊ ဒီဇင်ဘာ ၂၆၊ ၂၀၂၄
လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ တော်လှန်ရေးရဲ့ ဂုဏ်သတင်း
လတ်တလော ဆိုရှယ်မီဒီယာမှာ လူပြောများနေတဲ့ ဖြူဖြူထွေးရဲ့ ပရုပ်ဆီကြော်ငြာ ဗီဒီယိုဖိုင်ကြောင့် ဖြူဖြူထွေးကို ရှင်းလင်းပစ်ဖို့ လှုံ့ဆော်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတွင်းမှာ နေထိုင်ပြီး အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေကို ဖမ်းဆီးသတ်ဖြတ်ခံရနိုင်တဲ့ အန္တရာယ်ကြားက လုပ်ဆောင်နေတဲ့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်းတဦး ဖြစ်တဲ့ ကိုနန်းလင်း က ဒီလိုသတ်ဖြတ်ဖို့ လှုံ့ဆော်မှုတွေ လုပ်ဆောင်တာ တော်လှန်ရေးရဲ့ မူနဲ့ မညီကြောင်း၊ ဖြူဖြူထွေး အနေနဲ့ တမင်ရည်ရွယ်ချက်ရှိခဲ့သည့်တိုင် ဒေါ်အောင်ဆန်းစုကြည်လို ကာယကံရှင်ကိုယ်တိုင်က သူ့ကို စော်ကားလို့ အခုလို ရှင်းလင်းသတ်ဖြတ်ဖို့ လှုံ့ဆော်တာမျိုးကို ဘယ်လိုမှ သဘောတူမှာ မဟုတ်ကြောင်း Facebook ဆိုရှယ်မီဒီယာ မှာ ဒီဇင်ဘာ ၂၅ ရက်နေ့နှောင်းပိုင်းမှာ ရေးသားခဲ့ပါတယ်။
ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်း လက်ရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုနန်းလင်းက အခုလို အသက်အန္တရာယ် ခြိမ်းခြောက်မှု၊ လှုံ့ဆော်မှုတွေဟာ နွေဦးတော်လှန်ရေးရဲ့ စံ၊ တန်ဖိုးတွေနဲ့ မကိုက်ညီ ကွဲလွဲကြောင်း ပြောဆိုခဲ့တာကို မကျေနပ်တဲ့ မှတ်ချက်အများအပြား အဆိုပါ ရေးသားမှုအောက်မှာ တွေ့မြင်ကြရတာလည်း ဖြစ်ပါတယ်။
ကိုနန်းလင်းရဲ့ ပြောဆိုချက်မှာ “ကျွန်တော်တို့ တော်လှန်ပြည်သူများဘက်ကလည်း နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက် ၊ စံတန်ဖိုးတွေကနေ လွဲချော်သွားတဲ့ လုပ်ဟန်၊ လုပ်ရပ်မှန်သမျှဟာ တော်လှန်ရေးကို ကိုယ်စားမပြုဘူး။ ဒီလို လုပ်ရပ်တွေကို လုပ်သူတွေဟာလည်း တော်လှန်ရေးသမား မဟုတ်ဘူး ဆိုတာကို အရှင်းလင်းဆုံး သဘောထားရှိဖို့လိုပါတယ်” လို့ ရေးသားထားတာကို ဘဝင်မကျတဲ့ ၊ အခုလို သဘောထားကြီးနေရင် နိုင်ငံရေး မလုပ်ဘဲ တရားထိုင်ဖို့၊ ဘုန်းကြီးဝတ်ဖို့ ဆိုတဲ့ မှတ်ချက်တွေနဲ့ တုံ့ပြန်ပြောဆိုကြတာ တွေ့ရပါတယ်။
အခြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကလည်း သတင်းမီဒီယာလို့ ဆိုတဲ့ သတင်းပေ့ချ် တခုမှာ အာဘော်အမြင်အဖြစ် ဖော်ပြတဲ့ သုံးသပ်ချက်တပုဒ်ကို ရည်ညွှန်းပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျဆုံးမှုတွေထဲမှာ စစ်အာဏာရှင် ဆန့်ကျင်တဲ့ မိမိတို့ဘက်က ရပ်တည်ထောက်ခံတဲ့ မီဒီယာတွေလည်း ပါဝင်နေတာကို ဝမ်းနည်းစရာတွေ့ရတယ်ဆိုတဲ့ post တခုလည်း ရေးသားခဲ့တာတွေ့ရပါတယ်။
ဒီနေရာမှာ ဒီမိုကရေစီ ရရှိရေးအတွက်ရည်မှန်းချက်ထားပြီး လက်နက်ကိုင်နည်းလမ်းနဲ့ ဖြစ်စေ၊ လူထုလှုပ်ရှားမှုနည်းလမ်းနဲ့ ဖြစ်စေ လုပ်ဆောင်နေကြတဲ့အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေအနေနဲ့ သတ်ဖြတ်ဖို့ လှုံ့ဆော်တာ၊ အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ မလုပ်မိကြစေဖို့ အကယ်၍ လူထုကြားထဲမှာ အဲလိုပြောဆိုမှုတွေ၊ ပြုမူမှုတွေ ဖြစ်ပေါ်နေတာတွေ့ရင်လည်း ထိန်းကျောင်းပြောဆိုကြဖို့ စံနှုန်းတွေ တန်ဖိုးတွေကို ပစ်ချပြီး တဖက်အာဏာရှင် လုပ်ရပ်နဲ့ အလားသဏ္ဍာန်တူတဲ့ ခြိမ်းခြောက်မှုမျိုး မလုပ်ကြဖို့ ထိန်းကျောင်းပြောဆိုရေးမှာ ဘယ်သူတွေ ဘယ်အဖွဲ့အစည်းတွေ တာဝန်ရှိကြသလဲ ဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်လာပါတယ်။
နိုင်ငံရေးမှာ ဦးဆောင်တဲ့ အခန်းကဏ္ဍက ရှိနေတဲ့ ပါတီ၊ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအတွက် လှုပ်ရှားကြတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ နိုင်ငံအဆင့်နဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ မှာ အခုလို မူဝါဒဆိုင်ရာ စံနှုန်း တန်ဖိုးဆိုင်ရာကိစ္စရပ်တွေ အများပြည်သူအကြား ငြင်းခုံမှု၊ ဆွေးနွေးမှု ပေါ်ထွက်လာတဲ့အခါ အများပြည်သူအမြင်တွေ လမ်းမှားမရောက်အောင် ဝင်ရောက်ပြောဆိုရမယ့် လမ်းညွှန်ကြရမယ့် ဝတ္တရားရှိနေတယ်လို့ ယူဆမိပါတယ်။ အဲဒီလို လမ်းပြတာ စံနှုန်း တန်ဖိုးတွေကို လက်တွေ့ဖြစ်ရပ်တွေနဲ့ နှိုင်းယှဥ် ဆွေးနွေးတာမျိုး မလုပ်တဲ့အခါ လူအုပ်စုအလိုက် အကြမ်းဖက် ခြိမ်းခြောက်ဖို့ စေ့ဆော်မှုတွေက လက်တွေ့ မြေပြင်မှာ အကောင်အထည်ဖော်တဲ့ အထိ ဖြစ်လာနိုင်ခြေရှိနေတာ ဖြစ်ပါတယ်။
ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်ဖြစ်စေ၊ စံနှုန်းနဲ့ တန်ဖိုးဆိုင်ရာကိစ္စရပ်တွေမှာ ဖြစ်စေ ဦးဆောင်မှုကဏ္ဍမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ရှုမြင်ချက်၊ သုံးသပ်ချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ တာဝန်ရှိနေတာ ဖြစ်ပါတယ်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုနန်းလင်း အနေနဲ့ အခုလို ဝင်ရောက်ပြောဆိုခြင်းဟာ အဆိုပါ လစ်ဟာနေတဲ့ လိုအပ်ချက်ကို ဝင်ရောက်ဖြည့်ဆည်းပေးတာလို့ နားလည်မိပါတယ်။ ယဥ်ကျေးစွာ၊ ဆီလျော်တဲ့ စကားလုံး အသုံးအနှုန်းနဲ့ အများပြည်သူကို နားလည်အောင် ပြောဆိုထားတာ ဖြစ်ပြီး အခုလို ယဥ်ယဥ်ကျေးကျေး ဖျောင်းဖျောင်းဖျဖျ ပြောဆိုတဲ့ လေသံကို အချို့ကလည်း အခုလောက် သဘောထားကြီးနေရင် တရားအားထုတ်ဖို့ ဆိုပြီး တုံ့ပြန်ဝေဖန်ကြတာ တွေ့ရပါတယ်။
နိုင်ငံရေး လုပ်ရင် အောင်နိုင်ဖို့ရာ ရက်စက်ရမယ်၊ လက်စားချေရမယ်၊ လက်ဦးမှုယူရမယ်၊ လူ့အခွင့်အရေး စံချိန်စံနှုန်းတွေ အရေးစိုက်စရာမလို ဆိုတဲ့ အများစုအမြင်တွေ ကျယ်ပြန့်လာခြင်းဟာ စစ်ရေးနိုင်ငံရေးအရ အောင်မြင်မှု ရဖို့အတွက် ကြီးမားတဲ့ အထောက်အကူ မဟုတ်ပေမယ့် တော်လှန်ရေးရဲ့ ဂုဏ်သတင်း၊ နိုင်ငံတကာက လက်ခံထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ စည်းမျဥ်းတွေ တန်ဖိုးစံနှုန်းတွေကို ဖောက်ဖျက်အလေးမထားရာကျမယ့် အန္တရာယ်လည်းရှိနေတာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ဖြည့်စွက်ချင်တာကတော့ - မြန်မာသတင်းမီဒီယာတွေက ဖြူဖြူထွေး၏ ပရုပ်ဆီကြော်ငြာအပြီး ပြည်သူတွေ၏ တုံ့ပြန်ချက်၊ အဆိုပါလုပ်ရပ်ကို ရှုတ်ချပြီး အကြမ်းဖက်အရေးယူမယ်ဆိုတဲ့ အဖွဲ့အမည်ခံပြီး ထုတ်ပြန်မှုများ၊ စတဲ့ အကြောင်းအရာတွေကိုအချက်အလက်စိစစ်ပြီး နောက်ဆက်သတင်းတွေ ပြန်ကြားကြတာကိုလည်း တွေ့ရပါတယ်။ မတိကျတဲ့ အချက်အလက်တွေကိုလည်း ပြန်စိစစ်ပြီး တည်းဖြတ်ကြတာမျိုးလည်း တွေ့ရှိရပါတယ်။
သတင်းအသက် တမနက်လို့ ဆိုကြပေမယ့် သတင်းတပုဒ်နောက်က တုံ့ပြန်ချက်တွေ၊ လှုံ့ဆော်မှုတွေ၊ အဲသည်ရဲ့ အကျိုးဆက်ဖြစ်ထွန်းမှုတွေဟာ နောက်ထပ် ဂယက်တွေ နောက်ထပ် မှတ်တမ်းတင်ရမယ့် သတင်းတွေ ဆက်လက်ဖြစ်ပေါ်ကြတာကိုလည်း သတိပြုနိုင်တာ ဖြစ်ပါတယ်။ တော်လှန်ရေးထဲက ခေါင်းဆောင် ဆိုသူတွေကလည်း သူများ၏ သဘောထားတွေကို ရောင်ပြန်ဟပ်တာတွေ ပြန်မျှဝေတာမျိုးလောက် လုပ်နေရုံ ဆိုတာထက် အရေးတကြီး ပြည်သူကို သိသင့် သိထားရမယ့် သဘောထား အမြင်မျိုးကိုလည်း ထုတ်ပြန်ပေးဖို့ လိုအပ်တဲ့အကြောင်း တိုက်တွန်းလိုက်ချင်ပါတယ်။
အမှန်တရား၊ တရားမျှတမှုနဲ့ လွတ်လပ်မှုအတွက် ချီတက်ကြတဲ့ မိမိတို့ပြည်သူတွေအချင်းချင်းကြားမှာ တဦးကိုတဦး လေးစားမှု၊ သီးခံမှုနဲ့ အနုတ်လက္ခဏာတွေ ဖယ်ရှားနိုင်မှုတွေလည်း အရေးကြီးပါကြောင်း တင်ပြလိုပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar