Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နပခမှ ကပစသို့

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နပခမှ ကပစသို့

(မိုးမခ) ဒီဇင်ဘာ ၂၃ ၊ ၂၀၂၄


နခခ-၅ ကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်ဘက် ကမ်းကူးဖို့ စောင့်နေ‌တဲ့ တပ်မ ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးတော့ ကိုယ့်မိုင်းကိုယ်နင်းမိပြီး တေတွားသတဲ့။ မင်းနဲ့မှ ချစ်တတ်၊  အဲလေ  မိုင်းနဲ့မှ လစ်တတ်ပြီပေါ့။ တေပုံကလဲ သွေးထွက်လွန် သေသွားတာတဲ့။ ကုရာနတ္ထိ ဆေးရုံမရှိဘဝဆိုး။ အမယ် အသည်းအသန် ခုခံတိုက်ခိုက်ရင်း သေသွားသလား မှတ်တယ်၊ ခိုးရာပါ တိုက်ရာပါ ရွှေတုံးငွေထုပ်တွေနဲ့ဆိုကိုး။ AAက အဲဒီကာလဒါနလေးကို အမျှတော့ ဝေပေးလောက်ပါရဲ့။ သူများတွေဆီ ဓားပြတိုက်၊ ဆေးရုံတွေ ဗုံးကြဲ၊ ဆရာဝန်တွေ ထောင်ချ၊ ဆေးဝါးမသွင်းရအောင်ပိတ်ဆို့၊ လူပတ်သတ်ခဲ့တာတွေ တထိုင်တည်း အကြေဆပ်သွားသလားတောင် ထင်ရ။

သပိတ်ကာလ လူငယ်လေးတွေကို စစ်ကြောရေးတင် ညှဉ်းဆဲသတ်ဖြတ်၊ ရခိုင်စစ်ပွဲမှာ လူသားတံတိုင်းတွေလုပ် အငတ်ထား သတ်ဖြတ်လာတဲ့ စကခ-၁၅ စကခမှူး အာဆတ်သား တပည့်ဗိုလ်မှူးချုပ်သူရိန်ထွန်း ဆိုတဲ့ အယုတ်တမာကောင်လဲ ခုတော့ သူ့ငရဲမီးနဲ့သူ လောင်မြိုက်နေရောပေါ့။ အလှည့် အတုံ့ ဝဋ်ကြွေး။

အဲလို တောင်ကုတ် စကခ ကျသွားတော့ ပြည်ဒကစထဲ ပွက်လောရိုက်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ယတြာချေဖို့ ပြင်ဆင်နေကြသတဲ့။ ပြည်သူကို ဒုက္ခပေးတာနဲ့ ယတြာချေတာဘဲတတ်တာလေ။ သူတို့ဆီက သိမ်းလို့ရတာဆိုလို့ အင်းနဲ့ ဂါထာစာရွက်ချည်းပဲလို့တောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောခဲ့သေးသကိုး။

ပြည်-ဒကစဆီ စစ်ရေး မကူးစက်လာရေးအတွက် အထက်အဆင့်ဆင့် ညှိနှိုင်းယတြာချေဖို့ လုပ်နေကြသတဲ့။ ခွပ်လက်ကျနေတဲ့ ကြက်နာကြီး မအလကိုယ်တိုင်လာပြီး ယတြာချေမတဲ့။ အမယ် ပြည်ဝင်၊ ပြည်ထွက်ဆိုပြီး ပြည်ဒကစ မကျဖို့က ဓာတ်သဘောအရ အရေးကြီးသတဲ့။ စစ်ရေးပိုင်းကိုလဲ မရှိတဲ့ အင်အားတိုးချဲ့။ AA က ဘယ်ဆီနေမယ် မသိဘူး။ ပြည်ဒကစကတော့ တော်တော်တုန်လှုပ်နေပြီ ဆိုကဘဲ။

ရှမ်းမြောက်တစ်ခုလုံး ၁၀၂၇ နဲ့ အုံးနေတုန်းကဆို စောက်ရူးချုပ်ကြီးကိုယ်တိုင် မျောက်အရှင်သုံးကောင်ကို နာရီအတော်ကြာ ဇောက်ထိုးဆွဲပြီးမှ တောထဲ လွှတ်ပေးတဲ့ ယတြာနဲ့ တိုင်းနှင့် ပြည်နယ် ၁၄ ခုလုံး အော်မနေရအောင် ဥဩ ၁၄ ကောင်ကို လွှတ်တဲ့ယတြာလဲ လုပ်ခဲ့သေးတာလေ။ အဲလို အောင်ကြူကြူ ခေါင်းဆောင်နဲ့ အူကြောင်ကြားတပ် ဒီပွဲမှ အမြစ်မပြတ်ရင် ဘယ်ပွဲအမြစ်ပြတ်မလဲ။

ကြာပျောက် ကြောက်ပြာမယ်ဆို ပြာစရာကိုး။ AA လက်ထဲ ရောက်သွားတဲ့ တောင်ကုတ်နဲ့ ပြည်က ၁၁၄ မိုင်ဘဲ ဝေးတော့တာလေ။

စကားမစပ် စွသုံးမကျလို့ ပြုတ်သွားတဲ့ ကာဝန်ကို ဒုဝန်ကြီးချုပ် နေရာပို့ ထိန်းသိမ်းလိုက်တော့ ဒုဝကခက ခြောက်ယောက် ဖြစ်သွားလို့ ရောင်ခြောက်ဆယ်နဲ့ စောက်ပေါတသိုက် ဆိုပြီး တပ်ထဲမှာ ဟားနေကြသတဲ့။ 

ခု ရောင်ခြောက်ဆယ် မင်းအောင်လှိုင်က စစ်ဆရာဝန်တွေပါ လိုအပ်ရင် တိုက်ပွဲတွေမှာ ဝင်တိုက်ပေးဖို့ ပြောလို့ ဆရာဝန်တွေလဲ ငါကိုင်တုတ်နေကြပြန်ပတဲ့။ ဒီကောင်ကတော့ သူနဲ့ သူ့မိသားစု အသက်မှ တရက်ပိုရှည်ရှည် ဘယ်သူ့ကိုမဆို ဆိုင်ဆိုင် မဆိုင်ဆိုင် ထွက်တိုက်ခိုင်းမှာဘဲ။ စစ်သင်တန်း တက်ထားတဲ့ ကောင်တွေတောင် တရစပ် သေနေတာ ဆေးသင်တန်းပဲ တက်ထားတဲ့ကောင်တွေတော့ မပြောနဲ့။ ဟောတယောက် ဟောတယောက်ကြီးဘဲ လာမှာ။ အမ်းမှာလဲ အလံဖြူထောင်တဲ့ ဆရာဝန်သူနာပြုတွေ အများကြီး။ စစ်ဆရာဝန်တွေဟာ ခြေလျင်စစ်သည်များနဲ့အတူ နိုင်ငံတော်လုံခြုံရေးအတွက်တဲ့၊ အမှန်ကတော့ သူ့မိသားစုလုံခြုံရေးအတွက်ပဲ။ အဲဒါ လိုအပ်ရင် စစ်ဆင်ရေးတာဝန်များကိုပါ ထမ်းဆောင်ရမယ်လို့ မင်းအောင်လှိုင်က ချုပ်တော့ မအလချင်း မိုးမွှန်လို့တဲ့။

ပြူးလွင်ဗိုလ်သင်တန်းဆင်းပွဲမှာလဲ ဗိုလ်လောင်းတွေကို လိုအပ်ပါက တိုင်းပြည်အတွက် အသက်စွန့်ပေးဖို့ လိုတယ်ဆိုပြီး အသက်ကို ဗြောင်တောင်းသေးတာ။ 

အခု အမ်းကျပြီဆိုတော့ ပိုဆိုးတာပေါ့လေ။  ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၅ တပ်နဲ့ အကြီးစားစက်ရုံ တကစ ၄ ခုက ကောင်တွေပါ ပြာပြာလှုပ်လှုပ် ဖြစ်နေပြီ။ အခန့်မသင့်ရင် သူတို့လဲ ထွက်တိုက်ရတော့မယ်လေ။ အဲဒီထဲက ကပစတပ်ပေါင်း ၂၀ နီးပါးဟာ ပုသိမ်-မုံရွာလမ်းရဲ့ တဖက်တချက်စီမှာ တည်ထားတာ။ သူတို့ဆီ ဆင်းလာတော့မှာမဟုတ်လား။

 ငဖဲ ကပစ ၁၄၊ စေတုတ္တရာ ကပစ ၂၀၊ လောင်းရှည် ကပစ ၂၅ တပ်တွေ အဓိက တိုက်ခိုက်ခံရနိုင်သတဲ့။ ကဇွန်းမ ကပစ ၂၁ ၊ ရွေဘိုးကျွန်း ကပစ ၂၂၊ ပေါက် ကပစ ၂၄ တို့လဲ ဖြဲခံရနိုင်သတဲ့။

အမ်း နပခ ကျဆုံးသွားရင် တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပုသိမ်-မုံရွာလမ်းဘေးတကြောက ကပစတပ်တွေဆီကို ရောက်ရှိဖို့ ကြားထဲမှာ စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ် အတားအဆီးတခုမှမရှိတော့ဘဲ  အလွယ်တကူ ဆက်လက်ထိုးစစ်ဆင်နိုင်မယ့် အခြေအနေတဲ့။ လှချက်တော့။

တောင်ကုတ်ကို သိမ်းပိုက်ထားနိုင်တာကြောင့် ရခိုင်ရိုးမဖြတ်လမ်း နောက်တခုဖြစ်တဲ့ ပန်းတောင်း-တောင်ကုတ် လမ်းပိုင်းနံဘေးမှာရှိတဲ့ ပန်းတောင်းမြို့နယ်ထဲက ကပစ ၃၊ ၅၊ ၆၊ ၉ တပ်တွေဟာလဲ တိုက်ခိုက်ခံရနိုင်သတဲ့။

ငဖဲ ကပစ ၁၄ နဲ့ စေတုတ္တရာ ကပစ ၂၀ တို့ဟာ လေယာဉ်ပစ်လက်နက်တွေဖြစ်တဲ့  SAM-16 IGLA၊ Air to Air Missile၊ Laser Beam Guided Missile တွေ ထုတ်လုပ်နေတာဖြစ်ပြီး ကပစ ၂၁ ကတော့ တိုက်လေယာဉ်တွေမှာ တပ်ဆင်အသုံးပြုနေတဲ့ 100 kg, 150 kg, 200 kg, 300 kg ဗုံးသီးတွေ အဓိကထုတ်လုပ်ပေးနေတဲ့ စက်ရုံ ဖြစ်သတဲ့။

အဲဒီစက်ရုံတွေမရှိရင် လေတပ်လဲ ခြေပြတ်ပြီ။ လေမရှိရင် ခြေရာလဲ ပျောက် ရေလဲနောက်ပြီလေ။ အာ့ဆို ပြေးစရာမြေမရှိတဲ့ မိအောင်လှိုင်လေးခမျာ... ဒန် တန့် တန်ရုံရှိတော့တာမဟုတ်လား။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar