Breaking News

၂၀၂၄ ခုနှစ် တနှစ်တာ ဖြစ်ရပ်များ (၂)

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၈ မြင်ကွင်း

မိုးမခ၊ ဒီဇင်ဘာ ၂၉၊ ၂၀၂၄


၂၀၂၄ ခုနှစ် တနှစ်တာ ဖြစ်ရပ်များ (၂) 

၂၀၂၄ ခုနှစ်ဆန်းပိုင်း ဇန်နဝါရီလက စပြီး လအတန်ကြာ ဆီဆိုင်မြို့နဲ့ ၄င်းနယ်တဝိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ ဒေသခံ ထောင် သောင်းချီ နေအိမ်တွေကနေ တိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း လူနေအိမ် ရာထောင်ချီ ပျက်စီး ဆုံးရှုံးခဲ့ကြရသလို ပအိုဝ်းဒေသက ဒေသခံတွေ တန်ဖိုးထားကြတဲ့ ဘာသာရေးအဆောက်အဦ ဘုန်းတော်ကြီးကျောင်း အများအပြားလည်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးခဲ့ကြရခြင်းဟာ လူမှုအသိုင်းအဝိုင်းရဲ့ တန်ဖိုးထားရတဲ့ အဆောက်အဦ ယဥ်ကျေးမှု လက်ရာတွေ ဆုံးရှုံးကြရတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ 

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည် လွိုင်ကော်တို့အကြားမှာ တည်ရှိတဲ့ ပအိုဝ်းဒေသမှာ PNLO/PNLA ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အစည်းအရုံး/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် အပြင် စစ်ကောင်စီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ PNO/PNA ပအိုဝ်းအမျိုးသားအစည်းအရုံး/ပအိုဝ်းအမျိုးသားတပ်မတော် (၂၀၀၉ ခုနှစ်နောက်ပိုင်း နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်း) လည်း လူအင်အား၊ ငွေကြေးအင်အား ကြီးကြီးမားမား နဲ့ လှုပ်ရှားနေတာ ဖြစ်ပြီး စစ်ကောင်စီရဲ့ ထောက်ပံ့မှုနဲ့ လူသစ်စုဆောင်းတာ လက်နက်တပ်ဆင်တာတွေကို ၂၀၂၄ ခုနှစ်ထဲမှာ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ PNA/PNO က ပအိုဝ်းဒေသမှာ စစ်သားစုဆောင်းရာမှာ အင်အား ၁ သောင်းကနေ ၃ သောင်းအထိ စုဆောင်းရရှိခဲ့တယ်လို့ သတင်းနဲ့ စုဆောင်းခံရတဲ့ ယူနီဖောင်းဝတ် လူငယ်တွေရဲ့ ဓာတ်ပုံတွေပါဝင်တဲ့ စုဝေးတဲ့အခမ်းအနား အကြောင်း သတင်းတွေမှာ ဖေါ်ပြခဲ့ကြတာလည်း တွေ့ရပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းလူမျိုးတွေ နေထိုင်ကြတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတဲ့ PNA နဲ့ PNLA တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပေါ်လာမယ့် အခင်းအကျင်းတွေလည်း ပိုမိုမြင်တွေ့လာရတဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ်ထဲမှာ ကရင်နီပြည် အနေနဲ့တော့ လွိုင်ကော်မြို့ သိမ်းတိုက်ပွဲ အစပိုင်းမှာ အောင်ပွဲရရှိခဲ့ပြီး နှစ်လယ်ပိုင်းမှာတော့ လွိုင်ကော်မြို့ကို အပြီးတိုင်သိမ်းယူနိုင်ရေးထက် ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် သိမ်းယူတဲ့ တိုက်ပွဲတွေမှာ KNDF တပ်ဖွဲ့တွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး ကရင်နီပြည်က နယ်မြေသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေထက် ရှမ်းမြောက်ဒေသ စစ်ရေးအင်အားတစုတစည်းတည်း ပူးပေါင်းတိုက်ခိုက်မှုကို ဦးစားပေး လုပ်ဆောင်ခဲ့ကြတဲ့ အနေအထားလို့ အချို့သော သတင်းဖော်ပြမှုတွေအရ သဘောပေါက် နားလည်ရပါတယ်။ ၂၀၂၄ ခုနှစ် မေလထဲမှာ ကရင်နီတော်လှန်ရေးတပ်တွေအနေနဲ့ ဖားဆောင်းမြို့ကို သိမ်းယူခဲ့တဲ့ စစ်ရေးအောင်မြင်မှုရရှိခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ်ထဲမှာ ကရင်နီပြည် အနေနဲ့ ကြုံရတဲ့ သဘာဝဘေးအန္တရာယ်ကတော့ မြန်မာနိုင်ငံ အချို့ဒေသတွေနဲ့အတူ မိုးနှောင်းပိုင်းရာသီ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးတဲ့ သဘာဝဘေးအန္တရာယ်ကို လွိုင်ကော်မြို့က ရပ်ကွက်တွေ လနဲ့ချီ ခံစားကြရတာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ပျက်စီးနေတဲ့ လွိုင်ကော်မြို့ဟာ ရေဘေးနဲ့ ထပ်မံ ကြုံကြရပြီး လက်နက်ကိုင် တပ်တွေရဲ့ ကန့်သတ်ပိတ်ဆို့မှုကြောင့် လူထုအချင်းချင်း အကူအညီပေးတာတွေလည်း ရယူခွင့်မရှိကြတဲ့ အနေအထားနဲ့ ရင်ဆိုင်ခဲ့ကြရတာ တွေ့ရပါတယ်။ ကရင်နီပြည် အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ အခြားသောဒေသတွေလို လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပြီး အရပ်သားတွေ သေဆုံးရတာ နေအိမ်တွေ ပျက်စီး ဆုံးရှုံးမှုတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့ကြရတာ ဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ်အတွင်း ကရင်ပြည်နယ်မှာတော့ ကော့ကရိတ်မြို့သိမ်းယူဖို့ တိုက်ခိုက်မှုတွေ လနဲ့ချီကြာမြင့်ခဲ့တဲ့ဖြစ်ရပ် မတ်လ နဲ့ ဧပြီလတွေမှာ သင်္ဃန်းညီနောင်ကျေးရွာအနီးက တပ်ရင်းစခန်း၊ မြဝတီမြို့ သိမ်းတိုက်ပွဲ သို့မဟုတ် ထိုင်း-မြန်မာ နယ်နိမိတ်တံတားအမှတ် ၂ အနီး သီတင်းပတ်ချီ ခုခံတိုက်ခိုက်မှုတွေနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်က စပယ်ဂူတံတား၊ မွန်ပြည်နယ် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းကြောင်းပေါ်က အနန်းကွင်းဗျူဟာ စတဲ့ စခန်းသိမ်းယူဖို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်နဲ့ ထိုင်းနိုင်ငံ နယ်စပ် ကုန်သွယ်ရေး အချက်အချာမြို့ဖြစ်တဲ့ မြဝတီမြို့ကို သိမ်းယူဖို့ KNLA တဲ့ PDF ပူးပေါင်းတပ်တွေရဲ့ ကြိုးပမ်းမှုတွေက နှစ်ဆန်းကာလတွေမှာပဲ ပေါ်ထွက်လာပြီး သင်္ဃန်းညီနောင် အနီးက တပ်ရင်းတွေကို သီတင်းပတ်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် တပ်ရင်းစခန်း ၃ ခုထက်မနည်း သိမ်းယူနိုင်ခဲ့ကာ ကော့ကရိတ်နဲ့ မြဝတီကို မြေပြင်ကလာမယ့် စစ်ကောင်စီစစ်ကူတွေကိုလည်း ကြားဖြတ်ဟန့်တား တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပတယ်။ 

မြဝတီမြို့ သိမ်းယူရေးမှာတော့ ယခင် BGF လို့ ခေါ်ဆိုပြီး မကြာခင်ကာလကမှ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ် BGF အဖြစ်ကနေ Karen National Army အမည်ပြောင်းခဲ့တဲ့ ဗိုလ်စောချစ်သူ ဦးဆောင်တဲ့ အဖွဲ့ရဲ့ ရပ်တည်ချက်၊ စစ်ရေးအရ ကစားမှုက KNU/KNLA အဖို့ မြဝတီမြို့ သိမ်းယူနိုင်ရေးမှာ လမ်းကြောင်း ပြောင်းလဲခဲ့ရတာ ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်ထဲက လက်နက်ကိုင် အဖွဲ့တွေအကြား လူမျိုးရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း အမျိုးမျိုးသော ရှုထောင့်တွေ ငဲ့ရမယ့် အကြောင်းအချက်တွေကြောင့် မြဝတီမြို့ကို စစ်ကောင်စီ လက်ထဲက သိမ်းယူနိုင်ခြင်း မရှိဘဲ KNA တဖြစ်လဲ BGF လက်နက်ကိုင်တွေ ရဲ့ ထိန်းချုပ်မှုအောက်မှာ လက်ရှိအချိန်ထိ ရှိနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

မွန်ပြည်နယ်မှာတော့ မွန်ပြည်သစ်ပါတီကနေ မွန်ပြည်သစ်ပါတီစစ်အာဏာရှင် ဆန့်ကျင်ရေး အဖွဲ့ဆိုတဲ့ အဖွဲ့ခွဲအသစ် ခွဲထွက်ခဲ့ပြီး NMSP  အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး အပါအဝင် အချို့သော သူတွေက ခွဲထွက်တဲ့ အဖွဲ့မှာ ပါဝင်ခဲ့ကြပြီး လအနည်းငယ်အကြာမှာ မွန်ပြည်သစ်ပါတီခွဲထွက် အဖွဲ့က မွန်လူမျိုးတွေ အများစုနေထိုင်ကြတဲ့ ဂျိုင်းမြစ်နံဘေးက ဓမ္မသကျေးရွာကို တိုက်ခိုက်သိမ်းယူဖို့ ကြိုးစားခဲ့ကြပြီး စစ်ကောင်စီဘက်က ပြန်လည်ခုခံမှု၊ မြစ်ကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေနဲ့  ကျေးရွာ မီးလောင်ကျွမ်းခဲ့တဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ပါတယ်။ မွန်ပြည်နယ်ရဲ့ မြို့နယ်တွေထဲက ရေးမြို့နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်တွေထဲမှာတော့ ဒေသအလိုက် ဖွဲ့စည်းလှုပ်ရှားနေကြတဲ့ PDF အဖွဲ့တွေ၊ KNLA နဲ့ပူးပေါင်းပြီး တိုက်ခိုက်မှုတွေ ရှိနေခဲ့ပေမယ့် မြို့တွေ တပ်ရင်းတွေ၊ တပ်စခန်းတွေ သိမ်းယူနိုင်တဲ့ အနေအထားမျိုးတော့ မဟုတ်ကြတာတွေ့ရပါတယ်။ မွန်ပြည်နယ်ရဲ့ အချို့သော မြို့နယ်၊ နယ်မြေတွေက KNLA ရဲ့ လှုပ်ရှားတဲ့ ဒေသတွေဖြစ်ပြီး MNSP မွန်ပြည်သစ်ပါတီ နဲ့ လက်နက်ကိုင်အဖွဲ့ကတော့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေအထဲမှာ စစ်ကောင်စီနဲ့ ခုချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ အဖွဲ့တဖွဲ့ဖြစ်ပါတယ်။ 

(ဆက်လက်ဖော်ပြပါမယ်)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar