ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တော်လှန်ရေးအမွန်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တော်လှန်ရေးအမွန်
(မိုးမခ) ဒီဇင်ဘာ ၈ ၊ ၂၀၂၄
မအလကတော့ သေလမ်း ပို့တာတောင် ကျေးဇူးတရား အောက်မေ့ရမယ်လို့ မသာလောင်းသင်တန်းဆင်းပွဲမှာ ဟောင်နေလေရဲ့။ ဟိုကောင်တွေက ဘယ်လောက် ကျိန်ဆဲနေမယ် မသိ။ ဘာတဲ့ တပ်မတော်ပုံရိပ် ဆင်းစေဖို့ မီဒီယာတွေက လုပ်နေသတဲ့၊ တတပ်လုံး ခွေးဖြစ်အောင် လုပ်နေတဲ့ ပြူးလွင်ရောက် နောက်ဆုံးတခေါက် အမှတ်တရ အူပြလိုက်သေးတယ်။
ဂွမလဲ ကြွကုန်တာ များတော့ မုဆိုးမတော်လှန်ရေး ပေါ်လာမှာ ကြောက်ပြီး တပ်တွေမှာ လုံခြုံရေးပိုချထားရသတဲ့။ ဒီကြားထဲ ဘီငှက်သိုက်ကို မြို့ပြကြွက်တွေ ဝင်ကိုက်သွားလို့ ငှက်ရော ကြက်ရော ဇရက်ရော အသက်ကလေးရယ်တဲ့ ကြွေစေလို မှော်ဘီလေ တပ်စခန်းမယ် လှမ်းလာခဲ့ဆိုတွေဘာတွေဖြစ်။ အော် လေဘဲတို့ ကြေကွဲဖို့။ ဗန်းမော်ကလဲ ဆော်သလေလေ့ ဆော်သလေလေဘဲ။ အမ်းမလဲ စစ်ဌာနချုပ်ကလွဲလို့ တဲတောင် မကျန်တော့ဘူးတဲ့၊ အကိုချေတို့ ချွေပုံများ။ အဲဒီဌာနချုပ်ကလဲ စစ်သားဖြုန်းဖို့ တမင်လှပ်ထားပုံရ။ လာချလိုက်၊ ပြာကျလိုက်။ အနောက်တံခါးကို အပြောက်အကျားမရှိ ထိန်းချုပ်ပြီးကြောင်းမအလရဲ့ ဗိုလ်သင်တန်းဆင်းပွဲနေ့ ဆပ်ပရိုက်တိုက်ထားသေး။ ဒီကြားထဲ ယူအန်က မြန်မာထိုင်ခုံအတွက် ဦးကျော်မိုးထွန်းကိုဘဲ မဲမခွဲဘဲ ပလ္လင်အပ်လိုက်တော့တာ။ အင်း မအလရေ အူလှိုက်သဲလှိုက် အူပေတော့။ နင့်အတွက် စွဲထားတဲ့ သတ်မှုတွေကလဲ လသားကနေ အသက်ရာကျော် အဖိုးအဖွားထိ။ မြန်မာပြည်မှာ ရှိတဲ့ လူမျိုး ၁၃၅ မျိုးလဲ နင်မသတ်ဖူးတဲ့လူမျိုး မရှိ။ မီးမရှို့ဘူးတဲ့ ရပ်ရွာ မရှိ။ မဖြိုမဖျက်ဖူးတဲ့ နေရာမရှိ။ နင့် ရာဇဝတ်မှုတွေက နင့်ကို အခါတထောင် သတ်ပြီးမြှုပ်လဲ ကုန်စရာမရှိ။ ဒါတောင် တပ်ပြင်စည်းရုံးရေး လုပ်ဖို့တဲ့၊ အိမ်ပေါက်စေ့ စစ်မှုထမ်း ပတ်ဖမ်းနေတဲ့ကောင်က မတန်မရာတွေချည်း ထထဟောင်တာ။ သွေးရူးသွေးတန်း ခွေးကန်းအူဟောင် ကြောင်တောင်တောင်ချိန်ကိုး။
နင်နဲ့ ပေါင်းတော့ တရုတ်လည်း မဟုတ်တရုတ် ဘွဲ့ထူးကြီးနဲ့ တကယ့် ငလူးလို့ ရောဆဲခံနေရ။ မြန်မာတွေ စွမြင်ကပ်ရင် အန်ကယ်ဆန်နဲ့ ပလန်ရုံနော်။ ထိုထိုဤဤလဲ မိုဒီနဲ့ လုပ်စရာက ပေါမှပေါ။ တချိန်ကဆို တွဲမလား ခွဲမလားထိ ရှိခဲ့တဲ့ နိုင်ငံတွေနော်။ ပေါက်ဖော်လဲ ဇွတ်ကြီး ဖိလိုက် ဖြဲလိုက်တွေ လျှော့တော့။ တနိုင်ငံလုံး နင်တို့လုပ်စာ ထိုင်စားနေရသလိုလို၊ တရုတ်ပြည်ရဲ့ ပြည်နယ်ခွဲလိုလိုနဲ့ ထင်သလို ဝင်စီမံ အဲဒါတွေက ဖျင်ဘဲခံတတ်တဲ့ စစ်အုပ်စုတွေနဲ့ပဲ ရမယ်။ နင့်ကို တကမ္ဘာလုံးက မြန်မာတွေက ဆန့်ကျင်တော့မှာ။ တကမ္ဘာလုံးက နင် လူလည်ကျခံနေရတဲ့သူတွေနဲ့ပေါင်းစပ်တော့မှာ။ တောင်တရုတ်ပင်လယ်မှာလဲ အကောင်လုပ် ဖျင်ကျယ်နေတာ များပလေ။ ထိုင်ဝမ်လည်း အပိုင်ကြံချင်သေး။ တကမ္ဘာလုံးမှာ အာဏာရူးတွေကို လာဘ်ထိုးပြီး လုပ်ထားတဲ့တဖက်သတ် အကျိုးအမြတ်ယူစီမံကိန်းတွေကို ဆိုင်ရာနိုင်ငံက ဘယ်ပြည်သူမှမကြိုက်။ ချီးထုတ်ကြီး ဆက်မလုပ်ချင်နဲ့၊ မဟုတ်ရင် ပေါက်ဖော်ဆို ကောက်ဆော်ကွာတွေ တကမ္ဘာလုံးချီလာတော့မှာ။
ဒီရက်ပိုင်း ခေါင်းဖြတ်တဲ့ကိစ္စတွေအပေါ် NUG က ချက်ချင်းကိုင်တွယ်လာတာဟာ တော်လှန်ရေးဂုဏ်သိက္ခာအတွက် အင်မတန်ကောင်းပါတယ်။ ပသုံးလုံးတချို့ရဲ့ ရပ်ရွာပြည်သူနဲ့ လိုကယ်တွေအပေါ် အနိုင်အထက်ပြုမှုတချို့ဟာ ဘယ်သဘောထားက မြစ်ဖျားခံလာသလဲ ဆိုတာကိုပါ သုံးသပ်ပြင်ဆင် အရေးယူနိုင်ရင် တော်လှန်ရေးအရှိန်အဟုန် ပိုကောင်းလာပါလိမ့်မယ်။ ထောက်ပို့နဲ့ မဟာမိတ်ဖြစ်ရမယ့်သူတွေကို ရန်သူလုပ်နေတာ ရပ်ရပါလိမ့်မယ်။ တိုင်းရင်းသားဒေသတွေမှာလဲ သူ့အကျပ်အတည်း၊ သူ့ဖိအားနဲ့သူ ဆိုတော့ ကိုယ့်ဒေသကို စည်းရုံးရေးနဲ့ မဟာမိတ်မူအသေချာအချာချကျင့်သုံး စုရုံးတော်လှန်ကြရမယ့် အနေအထားပါ။
စည်းရုံးရေးအရရော လုပ်ဆောင်ရပ်တည်မှုအရပါ အသိအမှတ်ပြုထိုက်သူတွေကို ပြုရပါမယ်။ မဟာမိတ်မူ မရှိဘူး ဆိုတဲ့အထိ အသာစီးရသွားချိန်မှာ အောက်ခြေလွတ်တတ်တဲ့ သဘာဝကို ဆက်အညွှန့်တက်ခံလို့ မဖြစ်ပါဘူး။ တော်လှန်ရေးဟာ ခရီရှည်ခရီးကြမ်းကြီးပါ။ ဘယ်အတ္တနဲ့မှ အရူးမထသင့်အောင်ကို ဆုံးရှုံးနစ်နာမှုက ကြီးလွန်းပါတယ်။ ဘယ်အတ္တအတွက်မှ နေရာပေး အလုပ်လုပ်ရန်လည်း အကြောင်းမရှိပါဘူး။ တော်လှန်ရေးဟာ တဦးတယောက်တည်းရဲ့ ကိစ္စ မဟုတ်ပါဘူး။ ဆိုင်ရာလူသားတွေ သားစဉ်မြေးဆက် သယ်ဆောင်လာတဲ့ အမွန်အမြတ်တာဝန်ပါ။ ဆက်လည်း ထမ်းရွက်သယ်ဆောင်ကြရမယ့် လူသားတာဝန်ပါပဲ။ တယောက် တခေတ်နဲ့ ပြီးမသွားပါဘူးလေ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar