Breaking News

ကမ္ဘာ့အရေး ကိစ္စတွေကြားမှာ မြန်မာနိုင်ငံအရေး ရှေ့ရောက်လာနိုင်ပါ့မလား

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၇ မြင်ကွင်း

မိုးမခ၊ ဒီဇင်ဘာ ၈၊  ၂၀၂၄ဒီဇင်ဘာ ၇ ရက်

ကမ္ဘာ့အရေး ကိစ္စတွေကြားမှာ မြန်မာနိုင်ငံအရေး ရှေ့ရောက်လာနိုင်ပါ့မလား 

နိုင်ငံတကာမှာ လက်နက်ကိုင် ပဋိပက္ခတွေ၊ ကြီးမားတဲ့ ဖျက်ဆီးနိုင်စွမ်းရှိတဲ့ ခေတ်မှီလက်နက်တွေနဲ့ တဖက်နဲ့ တဖက် ပစ်ခတ်ဖျက်ဆီးမှုတွေ၊ အထပ်မြင့်အဆောက်အဦတွေ စက္ကန့်ပိုင်းအတွင်း မြေပြင်ပေါ် ပုံကျပျက်စီးသွားနိုင်တဲ့ ဗုံး၊ ဒုံးတွေနဲ့ လေကြောင်းက တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။  ရန်သူ တယောက် သို့မဟုတ် ၁၀ ယောက်အတွက် အရပ်သား ၁၀၀ သေဆုံးတာမျိုးကိုလည်း အရေးမစိုက်တဲ့ အစိုးရတပ်လို့ဆိုတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ကျူးလွန်နေကြပါတယ်။ အဲဒီလိုစစ်ပွဲတွေ အတွက် လက်နက်ဒုံးကျည်၊ စစ်လေယာဥ်၊ အမြှောက်၊ ဒုံးကျည်တွေကို ထုတ်လုပ်နေကြပြီး လက်တွေ့စစ်မြေပြင်မှာ စမ်းသပ်နေကြတဲ့ စစ်လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ ရှိနေပါပြီ။ ၄င်းတို့နဲ့ ပခုံးချင်းဖက်ပြီး စစ်ပွဲတွေကို တိုက်သင့်ကြောင်း နိုင်ငံရေး အာပေါင်အာရင်းသန်သန်နဲ့ ပြောဆိုနေကြတဲ့ အာဏာရ နိုင်ငံရေးသမားတွေ၊ သမ္မတ နဲ့ ဝန်ကြီးချုပ်တွေနဲ့ ပွဲစည်နေပါတယ်။ အထက်က ကမ္ဘာလုံးဆိုင်ရာ စျေးကွက်တွေကို ရည်ရွယ်ပြီး လက်နက်ခဲယမ်း၊ စစ်သုံးလက်နက် ကိရိယာတွေ ထုတ်လုပ်နေကြတဲ့ ကုမ္ပဏီတွေနဲ့ အစိုးရတွေရဲ့ အသံတွေကို ဝေဖန်ဆန်းစစ်ခြင်း မရှိတော့ဘဲ ပဲ့တင်ထပ်ကာ ဖေါ်ပြပေးနေကြတဲ့ သတင်းမီဒီယာတွေ က ကျွန်တော်တို့ နေ့စဥ်မြင်တွေ့နေရတဲ့ မြန်မာနဲ့ ကမ္ဘာ ပတ်ဝန်းကျင် ဖြစ်နေပါတယ်။ 

လက်ရှိအချိန် ကမ္ဘာမှာ သက်ရောက်မှုကြီးမားတဲ့ စစ်ပွဲဖြစ်ပွားရာ ဒေသ ၂ ခုရှိနေပြီး တခုက ယူကရိန်းနဲ့ ရုရှား နယ်နိမိတ်တွေ ဖြစ်တဲ့ ဥရောပ အရှေ့ပိုင်းဖြစ်ပါတယ်။ ဒုတိယ ဒေသက အရှေ့အလယ်ပိုင်း အစ္စရေးလ်၊ ဂါဇာ၊ လက်ဘနွန်၊ ဆီးရီးယား တို့ဖြစ်ပါတယ်။ ဒီဒေသ ၂ ခုရဲ့ စစ်ပွဲတွေမှာ အနောက်အုပ်စုလို့ ခေါ်ဆိုတဲ့ အမေရိကန် ဦးဆောင်တဲ့ နေတိုးအဖွဲ့ဝင်နဲ့ အနောက်ဥရောပ စက်မှုနိုင်ငံတွေနဲ့  အစ္စရေးလ် တို့က တဖက်ရှိပြီး တခြားတဖက်မှာ ရုရှား၊ အီရန်၊ မြောက်ကိုးရီးယား တို့လို နိုင်ငံတွေက အနောက်အုပ်စု ထောက်ခံတဲ့ ပဋိပက္ခဖြစ်ပွားရာ နယ်မြေဖြစ်တဲ့ ယူကရိန်း၊ ပါလစ္စတိုင်း နဲ့ ဆီးရီးယားတို့မှာ လူအင်အားဖြင့် သော်လည်းကောင်း လက်နက်ငွေကြေး အင်အားဖြင့်သော်လည်းကောင်း ပါဝင်ပတ်သက်ကြတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက အဆိုပါ ပဋိပက္ခ နေရာ ၂ ခုနဲ့ သက်ဆိုင်ခြင်းမရှိဘဲ နိုင်ငံတခုအတွင်းမှာ ဖြစ်ပွားတဲ့ ပြည်တွင်းစစ် အဆင့်၊ အခြားသောပြင်ပနိုင်ငံတွေကက လက်နက်အားဖြင့် ငွေကြေးအားဖြင့် တိုက်ရိုက်ပါဝင်ပတ်သက်မှု မရှိသေးတဲ့ ပဋိပက္ခအဆင့်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ 

မြန်မာ့အရေးဟာ ကမ္ဘာအရေးရဲ့ ရှေ့တန်းမျက်နှာစာကို ရောက်မလာခြင်းကလည်း ပြည်ပနိုင်ငံတွေက ပေါ်ပေါ်ထင်ထင် ပါဝင်ပတ်သက်နေတဲ့ ပြည်တွင်းစစ် မဟုတ်ခြင်းက အချက်တချက်လို့ ဆိုရင်လည်း မှားမယ်မထင်ပါ။ အခြားအကြောင်းအချက်ကတော့ အင်အားကြီးနိုင်ငံတွေရဲ့ အာဏာ၊ သြဇာယှဥ်ပြိုင်မှု  အကျိုးစီးပွားယှဥ်ပြိုင်မှုမှာ ဝင်ရောက်ပတ်သက်ခြင်း မရှိခဲ့ခြင်းကြောင့် အင်အားကြီး နိုင်ငံတွေရဲ့ အင်အားပြိုင်ရာ၊ သြဇာပြိုင်ဆိုင်ရာ စစ်မြေပြင်မဖြစ်ရတာလို့ လည်း ဆိုကောင်း ဆိုနိုင်ပါလိမ့်မယ်။ 

အခုလတ်တလော စစ်ပွဲအရှိန်ပြန်မြင့်လာတဲ့ ဆီးရီးယား ပြည်တွင်းစစ်ကို သာဓက အနေနဲ့ လေ့လာကြည့်ရင် အာဏာရှင် အာဆတ်ကို ပြုတ်ကျအောင် တိုက်ခိုက်နေကြတဲ့ သူပုန်အဖွဲ့တွေကို အစ္စလာမ် အခြေခံအယူအဆကို အားပေးတဲ့ ဒေသတွင်းက နိုင်ငံအချို့ကထောက်ခံသလို တဖက်မှာလည်း အာဏာရှင် အာဆတ်က အကူအညီတောင်းခံမှုနဲ့ ရုရှားလို အင်အားကြီးနိုင်ငံက စစ်ရေးအရ ပေါ်ပေါ်ထင်ထင် ပါဝင်တိုက်ခိုက်ပေးမှုကြောင့် ဆီးရီးယား ပြည်တွင်းစစ်ပွဲက ဆယ်စုနှစ်တခုတိုင် ကြာမြင့်ခဲ့ပြီး လတ်တလော စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲဖြစ်လာတဲ့ အနေအထားဖြစ်ပါတယ်။ လက်ရှိ စစ်မြေပြင်မှာ နယ်မြေတွေ လျင်မြန်စွာ သိမ်းယူနိုင်ပြီး အောင်ပွဲရနေတဲ့ HTS အဖွဲ့ဟာ စတင်ဖွဲ့စည်းစဥ်က အယ်လ်ကိုင်ဒါအကြမ်းဖက် အဖွဲ့နဲ့ ဆက်စပ်မှုရှိပြီး အကူအညီရယူခဲ့တဲ့ အဖွဲ့အစည်းတခုဖြစ်ကာ အစ္စလာမ်မစ် နိုင်ငံတော် တည်ထောင်မယ့် ရည်မှန်းချက်ထားတဲ့ ISIS အဖွဲ့နဲ့ လည်း နီးစပ်မှုရှိခဲ့တဲ့ နောက်ခံသမိုင်းရှိခဲ့တာပါ။ 

နိုင်ငံ့အာဏာကို ဖခင်ထံက အစဥ်အဆက် ဆက်ခံထိန်းချုပ်ခဲ့တဲ့ သမ္မတ ဘာရှားအာဆတ်ရဲ့ ရက်စက်တဲ့ အုပ်ချုပ်မှု၊ အာဏာရှင် စနစ်နဲ့ အခြားတဖက်မှာ အစ္စလာမ်အခြေခံဝါဒကို လက်ခံပြီး သတ်ဖြတ်မှု၊ လုပ်ကြံမှု၊ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ လက်နက်ကိုင် အဖွဲ့ တို့ရဲ့ စစ်မက်ပြိုင်ဆိုင်မှုမှာ ဘယ်ဘက်ကမှ အပြစ်ကင်းစင်နေကြတဲ့ အနေအထားတော့မဟုတ်ပါဘူး။ သို့ပေမယ့် အာဏာကို ဆယ်စုနှစ်များစွာ ချုပ်ကိုင်ထားသူ၊ ရက်စက်တဲ့ နှိပ်ကွပ်မှုတွေ၊ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အာဏာရှင်လက်အောက်နေ လွတ်မြောက်ဖို့အရေး အစိုးရ မဖြစ်ဖူးသေးတဲ့ လက်နက်ကိုင် အဖွဲ့တွေကို လူထုက ရွေးရမယ့် အနေအထားလို့ ဆိုရမလားတော့ မသိပါဘူး။ 

ယူကရိန်း၊ ပါလစ္စတိုင်းနဲ့ အခုဆီးရီးယား အရေးတွေက ကမ္ဘာ့သတင်းတွေ၊ နိုင်ငံတကာ အာရုံစိုက်မှုတွေကို သိမ်းကျုံးရယူသွားမယ့် အနေအထားမျိုးမှာ မြန်မာ့အရေးက နိုင်ငံတကာက မပြီးဆုံးနိုင်သေးတဲ့ ပဋိပက္ခ တခု၊ ရေရှည် ပဋိပက္ခတခု အဖြစ်မြင်ကောင်းမြင်နေကြမှာ ဖြစ်ပါတယ်။ 

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အာရုံစိုက်မှုတွေက လိုအပ်တာအမှန်ပဲ ဖြစ်ပေမယ့် တဆင့်ခံစစ်ပွဲရဲ့ စစ်မြေပြင်လို အဖြစ်မျိုးတော့ မဖြစ်ဖို့လည်း သတိကြီးကြီးနဲ့ လုပ်ဆောင်ကြဖို့ အရေးကြီးပါတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ ကစားပွဲမှာ နယ်ရုပ်မဖြစ်ဖို့ ကမ္ဘာပေါ်က နိုင်ငံရေးပထဝီ တွေရဲ့ ကစားကွက်ထဲက အသုံးချခံမဖြစ်ဖို့ကလည်း နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့ နားလည် သဘောပေါက်ပြီး စစ်အာဏာရှင်စနစ် အဆုံးတိုင်ရေးကို လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ရှုမြင်မိပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar