သုံးပေတဂိတ်နဲ့ နိဋ္ဌိတံလို့မရ
သုံးပေတဂိတ်နဲ့ နိဋ္ဌိတံလို့မရ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း (မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၅
၁၂လက်မ တပေ၊ ၃ပေ တဂိတ် ကိစ္စနတွေတော့ စကိုင်ပြီ။ မကိုင်လို့ကလဲ မရ။ ပွထနေပြီ။ ခရီးသွားပြည်သူတွေလဲ ငြိုငြင်လာကြပြီ။ တိုက်ကနေ တောင်းဘက်ပြောင်းလာပြီဆိုတော့ တော်လှန်ရေးတစုံလုံးပါ မျောသွားနိုင်တယ်။ ဝါးတားဂိတ်ကိစ္စက ဝါးတားတားလုပ်လို့မရ။ ကိုယ့်တိုင်းကိုယ်တိုက်ကြရတော့မယ့်အချိန်မှာ ဂိတ်နဲ့ပိတ် ဝိတ်နဲ့ဖိ အပြန်အလှန်ဂိအောင်လုပ်နေလို့မရတော့။ ဟိုအကောင်က စပယ်ရှယ်ဗုံးကြဲနိုင်မယ့်လေယာဉ်တွေထပ်ဝယ်ထားပြီ။
သေနတ်ရပြီးမတိုက်တဲ့အမိန့်ရအဖွဲ့နဲ့ သေနတ်ရော ထောက်ပံ့ကြေးပါမရဘဲ တိုက်နေတဲ့အဖွဲ့နဲ့ နောင်ဂျိန်ပလေးဖို့ကလဲ နီးလာပြီ။ ငါသာလျှင် တရားဝင်ဝန်ကြီးချုပ်ဆိုပြီး တော်လှန်ရေးအခွင့်ထူးခံလုပ်နေသူတွေကလဲ မှိုထက်များလာပြီ။ တော်လှန်ရေးနယ်မြေမှာ အကုန်လုံးက နောက်ကျည်ကြောက်နေရပြီဆိုတော့ ရှေ့သို့မချီနိုင်ကြတော့ဘူး။ ရှေ့ချီနိုင်တာ လင်းလင်းသီချင်းထဲမှာဘဲရှိတော့တဲ့နေရာတွေများလာပြီ။ အဲဒါဟာ တော်လှန်ရေးအားပျော့သွားတဲ့အဓိကအချက်ဘဲ။
အဲဒီလိုမျိုးက မူသဘောထားအမှား တော်လှန်ရေးဖြူဖြူထွေးများကြောင့် တစစနဲ့ သန္ဓေတည်ရာကနေ မွေးဖွား အကောင်ထွားလာပြီ။ အဲအကောင်ကို ဝိတ်မချနိုင်ရင် အဲပျော့ကွက်အနင်းခံရမှာဘဲ။ အဲဒီဟာကနေ တိုက်စွမ်းရည်ချည့်နဲ့စေနေတာလေ။ မတိုက်တဲ့သူထက်မြက်ခွင့်ပေးထားတော့ တိုက်တဲ့သူစိတ်ပျက်စေတယ်။ နာခံချင်စရာမကောင်းတော့ အမိန့်နာခံမှု မရတော့။ ဒမြသူခိုးပါ ထကြွလာတယ်။ အဲဒီထဲမှာ တော်လှန်သူတွေပါ တွဲပါလာတယ်။ အဲဒါဟာ ရသင့်တဲ့အထောက်အပံ့မရတာရော၊ မရသင့်တဲ့သူ ရနေတာရောကြောင့်ဖြစ်တယ်။
တော်လှန်ရေးသမားချင်း ဂျောင်ပိတ်ရိုက်တာမျိုးတွေ လုပ်လာကြတာကိုး။
အဲဒီဂိတ်တွေက ငွေလုပ်စက်ဖြစ်လာတော့ ကိုယ့်နယ်ထဲ တကယ်တိုက်ပေးမယ့်သူလာတာတောင် လက်မခံချင်တော့။ နေရာမစ္ဆရိယစိတ် ငွေသပြာမစ္ဆရိယစိတ် ဩဇာအာဏာမစ္ဆရိယစိတ်နဲ့ နဂ္ဂတစ်အမြင်တွေ ဖြန့်လာ လွှမ်းလာ ရမ်းလာကြတယ်။ တော်လှန်ရေးဟာ လေးစားစရာအသွင်ပျက်လာတယ်။ အားထားစရာအသွင်အက်လာတယ်။ ယုံကြည်ဖို့ခက်လာတယ်။ အချိန်ကြာတာကို သည်းခံဖို့ စိတ်မထည့်ချင်တော့။
တချို့ပသုံးလုံးတွေ တော်လှန်ရေးကာလမှာ မန်း ရန်ကုန် မုံရွာ ရှမ်းဘက်တွေမှာ အိမ်ခြံတိုက်တာကားရှယ်တွေဝယ်ထားနေတာဆို များလှပေါ့။ ဖမ်းဆီး ငွေတောင်း ပြန်လွှတ်တွေလဲ မနည်း။ တော်လှန်ရေးစကထဲက အလိုအလျောက်အာဏာရကြသကိုး။ ဘယ်နေမှန်းမသိတဲ့အမတ်တွေက လုပ်ပိုင်ခွင့်အရ လာခြင်းကောင်းမကောင်းမသေချာဘဲ ကိုယ့်လူကိုယ်ကောက်ခန့်လိုက်တာတွေကိုက အတော်ဆိုးနေတော့ အမတ်ကိုယ်တိုင်အုပ်ချုပ်နေရသူတွေဆို ပိုဆိုးကြပေါ့။ ဆိုးခွင့်လိုင်စင်ရနေကြပေါ့။
ပသုံးလုံးတင်မကဘဲ နုကြည်အပေါ်ပိုင်းအထိပါ ထိရောက်မြန်ဆန်မှန်ကန်မှုအတွက် လုပ်ဆောင်ရမယ်လို့ သမတကြီးကတော့ ပြောလာတယ်။ တော်လှန်ရေးအရွေ့တွေမှာ ဆီမထိုးတဲ့လှည်းဘီးတွေလို တကျွီကျွီဒရွတ်ဆွဲနေလို့ မဖြစ်တော့ဘူးလေ။ ရှေ့ကနွားတွေ မရုန်းမကန်မသွားတော့ရင် ဘာမှ မတတ်နိုင်ဘူးမဟုတ်လား။ မြန်မာမှန်ရင် တော်လှန်ရေးထဲ ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ဆန်ကိုယ့်အိုးနဲ့ ကိုယ့်မီးကိုယ်ထိုးနေကြလို့သာ ဒီလောက်ရွေ့နေတာလေ။ တော်လှန်ရေးအပေါ် ဘယ်သူမှ အချောင်တက်စီးနေလို့မရဘူးမဟုတ်လား။
ခုဆို စေ့စပ်ဆွေးနွေးရေးကမ်းလှမ်းပြောဆိုထားတဲ့တိုင်းရင်းသားအဖွဲ့တွေတောင် လေသံပြောင်းကာ စစ်မောင်းပြန်တီးဖို့ ပြင်နေကြပြီ။ မန်းနဲ့အပြိုင် ကိုင်ဖို့က စစ်ကိုင်းက အသင့်ဖြစ်နေရမှာကိုး။ မလုပ် ငရှုပ်တွေ ဖြုတ်ပစ်မှရမယ်။ ချင်းတွင်း ဧရာဝတီ ဇော်ဂျီ ရေကြည်ချမ်းမြ အတူသောက်ကြစို့။ ရေနှောက်သူတွေဖယ် ရေဝယ်ရောင်းတွေရှင်း ဗျင်းချိန်။
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar