သဘောထားတွေ ထုတ်ပြန်နေကြတာကနေ လက်တွေ့အလုပ်တွေ ဖြစ်လာဖို့
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၄ မြင်ကွင်း
မိုးမခ၊ ဇန်နဝါရီ ၂၅၊ ၂၀၂၅
သဘောထားတွေ ထုတ်ပြန်နေကြတာကနေ လက်တွေ့အလုပ်တွေ ဖြစ်လာဖို့
ယနေ့လက်ရှိအချိန်အထိ တရုတ်နဲ့ ထိုင်းအစိုးရတွေက မြန်မာပြည်တောင်ပိုင်းနယ်စပ်ဒေသက ကျားဖြန့် ငွေလိမ်ပြန်ပေးဂိုဏ်းတွေကို နှိမ်နင်းဖို့ သတင်းတွေ ထုတ်ပြန်တာ၊ ညှိနှိုင်းဆွေးနွေးကြတာတွေအပြင် နယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့အသီးသီးကို ဖိအားတွေ ပေးလာကြပါတယ်။ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဒရုန်းကင်းစောင့်တပ်သဘောမျိုး ကောင်းကင်ကနေ ကင်းလှည့်စောင့်ကြည့်မှုတွေ စတင်နေပြီလို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
မြန်မာစစ်ကောင်စီဘက်က စွပ်စွဲထားတာကတော့ ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အခြားအဖွဲ့အစည်းတွေက ကျားဖြန့်ဂိုဏ်းတွေကို ကာကွယ်ပေးတယ်။ အကျိးအမြတ်တွေ ရယူနေတယ်လို့ ဆိုပါတယ်။ မြန်မာပြည်တောင်ပိုင်း၊ KNU ၏ တပ်မဟာအလိုက် ထိန်းချုပ်ထားတဲ့ ဒေသတွေက တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ စစ်ကောင်စီနဲ့ အပေါင်းအပါ နယ်ခြားစောင့်တပ်တွေ၊ လတ်တလော စစ်ရေးအကျပ်အတည်းတွေကြောင့် အသွင်ပြောင်းအမည်ပြောင်း KNA တို့လို အဖွဲ့အစည်းတွေက ကျားဖြန့်ဂိုဏ်းတွေနဲ့ အပေးအယူတွေ အကျိုးအမြတ်တွေ ရင်းနှီးမြုပ်နှံမှုတွေ ရှိနေတယ်လို့ ထုတ်ပြန်ထားကြပါတယ်။
ဘယ်လိုပဲ ထုတ်ပြန်မှုတွေ ရှိနေစေကာမူ ပြန်ပေးဆွဲခံ၊ အဓမ္မဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းစစ်တပ်က ပြန်လည်ခေါ်ထုတ်ရာမှာ စစ်ကောင်စီနဲ့ လက်တွဲထားတဲ့ BGF တွေကပဲ ၎င်းတို့ထိန်းချုပ်ဒေသတွေက စီးပွားရေးနယ်မြေတွေကနေ သွားရောက်ခေါ်ဆောင် ပေးအပ်နေကြတာက အထင်အရှား ဖြစ်ပါတယ်။
ယနေ့သတင်းတွေထဲက လူထုနွေဦးက ဆိုရင် - ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တရုတ်နိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် ကရင်နယ်ခြားစောင့်တပ်(BGF) က တရုတ်အစိုးရထံ ဆက်သွယ် အ ကြောင်းကြားရာ တရုတ်နှစ်သစ်ကူးပြီးမှ ပြန်ခေါ်ရန် စီစဉ်မည်ဟု အကြောင်းပြန်လာကြောင်း BGFနှင့် နီးစပ်သည့် ရွှေကုက္ကိုလ်ဒေသရှိ လူထုနွေဦး၏ သတင်းရင်းမြစ်က ပြောသည်ဟု ထုတ်ပြန်ထားပါတယ်။ ယခုနှစ် တရုတ်နှစ်သစ်ကူးနေ့က ဇန်နဝါရီ ၂၉ရက်နေ့ဖြစ်ပြီး အဆိုပါရက်ပိုင်းများအတွင် ပွဲတော်များပြုလုပ်မှာမို့ ဖေဖော်ဝါရီလဆန်းမှာ အဓမ္မလူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသားတွေကို ပြန်လွှတ်ပေးမယ့် သဘောဖြစ်နိုင်ပါတယ်။ မြဝတီဒေသမှာ ကျားဖြန့်ဂိုဏ်းများ၏ လူကုန်ကူးခံရပြီး ပိတ်မိ နေသူ ၆၀၀၀ ကျော်အထိရှိနေသည်ဟု နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းအချို့က သတင်းထုတ်ပြန်ထားတာကြောင့် အဆိုပါ လူဦးရေကို ပြန်လည် လွှတ်ပေးရင် ကျားဖြန့်ကိစ္စ ပြေလည်သွားမှာလားလို့ မေးခွန်းလည်း ရှိပါတယ်။
တရုတ်အစိုးရက သူတို့အလိုရှိတဲ့ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များ၊ အဓိက ရာဇဝတ်သားများ၏ အမည်စာရင်းကို ထုတ်ဖော်ပြီး ဖမ်းဆီးအရေးယူရန် ဘယ်နိုင်ငံတကာအဖွဲ့အစည်းကို ပေးအပ်ထားသလဲဆိုတာ သတင်းများ မထွက်ပေါ်သေးပါဘူး။ မြောက်ပိုင်းမဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေးမှာ ကိုးကန့်ဒေသက ကျားဖြန့်ဂိုဏ်း တရားခံတွေ တာဝန်ရှိသူတွေကို ဖမ်းဆီးပြီး အရေးယူတာမျိုး ဆောင်ရွက်ခဲ့သလို၊ မြန်မာစစ်ကောင်စီဘက်ကလည်း သူတို့စစ်တပ်အတွင်းက ကျားဖြန့်ရာဇဝတ်ဂိုဏ်းနဲ့ ပတ်သက်သူတွေကို ဖမ်းဆီးအရေးယူတာမျိုး လုပ်ပြခဲ့တာ ရှိပါတယ်။ ယခု မြ၀တီနဲ့ BGF နယ်မြေတွေက ကျားဖြန့်တွေအပေါ် ဘယ်လိုမျိုး ပစ်မှတ်ထားတယ်၊ ဘယ်အထိ နှိမ်နှင်းလိုတယ်ဆိုတာမျိုးကို တရုတ်၊ ထိုင်းနဲ့ မြန်မာဘက်က သဘောထားတွေ ထုတ်ပြန်နေတာပဲ ရှိပြီး လက်တွေ့ မမြင်ရသေးပါ။
သို့သော် ထိုင်း မြန်မာ နယ်စပ်က မြန်မာတိုင်းရင်းသား အလုပ်သမားတွေ၊ နယ်စပ်ဖြတ်ကျော် ခိုလှုံနေကြရသူ တိုင်းရင်းသားလူမျိုးပေါင်းစုံအတွက်ကတော့ နေ့စဉ် စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်နေရတဲ့ အကြပ်အတည်းကို ရင်ဆိုင်နေပါတယ်။ ကျားဖြန့်ဂိုဏ်းတွေက ထိုင်းနယ်စပ်အတွင်းက ရပ်ရွာထဲမှာလည်း ခြေကုပ်ယူထားတာ၊ နားခိုပုန်းရှောင်ရာတွေ ပြင်ဆင်ထားတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အဲသည်လိုမျိုး သူတို့ခြေလှမ်းတွေ အရိပ်တွေ လျို့ဝှက်စခန်းတွေ ရှိနေတာကြောင့် မြန်မာအလုပ်သမားတွေ နိုင်ငံရေးအရ နယ်စပ်ဖြတ်ကျော် ခိုလှုံနေရသူ မိသားစုတွေ အားလုံးက ထိုင်းရဲတွေ၏ ရှောင်တခင် စစ်ဆေးရေးတွေ ထောက်လှမ်းရေး စစ်ဆင်ရေးတွေမှာ ကြားထဲက ဖမ်းဆီးထိန်းသိမ်းခံရမှာတွေ၊ နယ်စပ်ကနေ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေလက်ထဲ ထိုးအပ်ခံရမယ့် အန္တာရယ်ကိုလည်း စိုးရိမ်နေရပါတယ်။ ယခင်ကဆိုရင် ထိုင်းဒေသခံလုံခြုံရေးအဖွဲ့တွေနဲ့ ညှိနှိုင်းအပေးအယူလုပ်ပြီး ပြေလည်မှု ရှာနိုင်ပေမယ့် အထူးစစ်ဆင်ရေးကာလာမျိုးဆိုရင် အသက်အန္တာရယ်အထိ စိုးရိမ်ရတယ်လို့ ထိုင်းနယ်စပ်ဖြတ်ကျော် ခိုလှုံသူတွေက ပြန်ပြောကြပါတယ်။
အဲသည်လို ကာလမှာ - နွေဦးတော်လှန်ရေး၏ စစ်ဆင်ရေးများက တောင်ပိုင်းစစ်ဒေသမှာ ရပ်နားခြင်း မရှိသေးပါဘူး။ PDF များနဲ့ တိုင်းရင်းသားမဟာမိတ် တပ်ဖွဲ့များက BGF ထိန်းချုပ်ဒေသတွေနဲ့ စစ်ကောင်စီစိုးမိုးနေရာတွေကို ဆက်လက်တိုက်ခိုက် ဖယ်ရှားနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးကိုလည်း ပြန်လည် တိုက်ခိုက်ချေမှုန်းနေကြဆဲ ဖြစ်ပါတယ်။
ကတိုင်တိ ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ကို တပ်မဟာ (၅) လက်အောက်ခံတပ်ဖွဲ့ဝင်များ ၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၂) စစ်ဒေသခွဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် Force for Federal Democracy (FFD) တပ်များက ဇန်နဝါရီလ ၂၃ ရက်တွင် ထိုးစစ်ဆင်တိုက်နေတယ်လို့ Myanmar NOW သတင်းက ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ PDF များက မဟာမိတ်များနဲ့ သဘောထားထုတ်ပြန်ရာမှာလည်း နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ကျားဖြန့်ကို နှိမ်နင်းမယ်လို့ ပြောထားပါတယ်။
သတင်းများမှာ - တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အရပ်ဘက်အဖွဲ့တွေဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး (NMSP –AD)၊ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) နဲ့ အခြား အဖွဲ့အစည်းတွေကလည်း နယ်စပ်တစ်လျှောက် ဖြစ်ပွားနေတဲ့ Cyber လိမ်လည်မှု၊ ရာဇဝတ်ဂိုဏ်းပြဿနာတွေကို ဖြေရှင်းဖို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောထားပြီး အာဆီယံအပါအဝင် ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားထားပါတယ်။
သည်တော့ တော်လှန်ရေးအဖွဲ့တွေက ကျားဖြန့်အပေါ် သဘောထားတွေကို တရုတ်၊ ထိုင်း၊ စစ်ကောင်စီတွေလို ထုတ်ပြန်ထားပြီးဖြစ်တဲ့အပြင် နွေဦးတော်လှန်ရေး မဟာမိတ်တွေ ပူးပေါင်းတပ်ဖွဲ့တွေက ၎င်းတို့ စစ်ဆင်ရေးများကို တပ်မဟာဒေသတွေအခြေပြုပြီး ဆက်လက် တိုက်ခိုက်နေတာတွေကနေ ကျားဖြန့်ဂိုဏ်းအခြေစိုက်နေရာတွေအထိ ဖြန့်ကျက်တိုက်ခိုက်လာတာ၊ ဝိုင်းပတ် ပိတ်ဆို့ထားတာအထိ လုပ်လာမလားဆိုတာကို စောင့်ကြည့်ကြရမယ်လို့ အကဲခတ်အချို့က ဆိုလာကြ ပါတယ်။ အဲသည်လိုပဲ စစ်ကောင်စီကိုယ်တိုင်ကကော ၎င်းကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် ပြန်လည် တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေကို ကျားဖြန့်နှိမ်နင်းရေးအတွက် အမည်တပ်ပြီး အမြတ်ထုတ်တာ၊ အသုံးချတာတွေနဲ့ နိုင်ငံတကာနဲ့ တရုတ်၊ ထိုင်းတို့ဆီက ထောက်ခံမှုတွေ အားပေးမှုတွေ တောင်းဆိုလာမယ့် ခြေလှမ်းတွေကိုလည်း စောင့်ကြည့်ရမယ်လို့ ဆိုကြပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar