အမုန်းတရား၊ အမျိုးသားရေးဝါဒနဲ့ စစ်ရာဇဝတ်မှု
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၃ မြင်ကွင်း
မိုးမခ၊ ဇန်နဝါရီ ၂၄၊ ၂၀၂၅
အမုန်းတရား၊ အမျိုးသားရေးဝါဒနဲ့ စစ်ရာဇဝတ်မှု
ရခိုင်ပြည်နယ်ရဲ့ ဒေသတခုခုမှာ ဖြစ်ပွားတာလို့ ယူဆရတဲ့ ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ညှင်းဆဲရိုက်နှက်ပြီးနောက် လည်ပင်းလှီးသတ်ဖြတ်တဲ့ ဗီဒီယိုဖိုင် တဖိုင် ယခုသီတင်းပတ်တွေအတွင်း လူမှုကွန်ရက်မီဒီယာတွေမှာပျံ့နှံ့လာပြီးနောက် ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ Fortify Rights လူ့အခွင့်အဖွဲ့က ဒီဗီဒီယိုဖိုင်ပါ Arakan Army ရဲ့ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး International Criminal Court က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းတဲ့ ထုတ်ပြန်ချက်ကို တမြန်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ စစ်သုံ့ပန်းကို နှိပ်စက်သတ်ဖြတ်တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သတင်းဌာနတွေက Arakan Army ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သူခကို မေးမြန်းခဲ့ရာမှာ အဖြစ်အပျက် ဖြစ်ပျက်ခဲ့တာ ယမန်နှစ် ဖေဖေါ်ဝါရီလကဖြစ်ပြီး ဖြစ်ပွားတဲ့နေရာက ကျောက်တော်မြို့နယ်ထဲမှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ကျောက်တော်မြို့နယ်ထဲက စကခ (၉) ကို AA က သိမ်းယူဖို့ ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ကာလမှာ ဖြစ်ပွားတာဖြစ်ပြီး AA တပ်ဖွဲ့ဝင်တွေ အနေနဲ့ ၄င်းတို့ရဲ့ မိသားစုဝင်တွေလည်း စစ်ကောင်စီတပ်ရဲ့ လက်ချက်နဲ့ သတ်ဖြတ်ခံခဲ့ကြရတဲ့ ခံစားချက်ပေါ် အခြေခံကာ လက်စားချေ သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျူးလွန်တဲ့ သူတွေကိုလည်း AA က အရေးယူအပြစ်ပေးပြီး ဖြစ်သလို ဒီဖြစ်ရပ်မှာတာဝန်ရှိတဲ့ AAက အချို့တပ်မှူးတွေလည်း စစ်ကောင်စီနဲ့ တိုက်တဲ့ တိုက်ပွဲတွေမှာ သေဆုံးသွားခဲ့ပြီလို့ ဖြေကြားထားတာတွေ့ရပါတယ်။
အခုလို ဖြေကြားချက်ကို ကြည့်ရင် ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ Fortify Rights က တိုက်တွန်းချက် မထုတ်ပြန်မီကတည်းက AA အနေနဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ သိရှိထားပြီး ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ၄င်းတို့ အနေနဲ့ စစ်စည်းကမ်းချိုးဖောက်ကာ စစ်သုံ့ပန်း ၂ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်အတွက် အရေးယူခဲ့ပြီး ဖြစ်တဲ့ သဘောလို့ ပြောဆိုချက်အရ သိကြရပါတယ်။ အခုလို စစ်ပွဲတွေမှာ ရန်သူဘက်က သူတွေအပေါ် လက်စားချေ သတ်ဖြတ်ခြင်းက တဖက်နဲ့ တဖက်အကြား ဖြစ်ပျက်နေကျ အဖြစ်အပျက် သဖွယ်လို ဖြစ်လာပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေကို သတင်းမီဒီယာတွေ အနေနဲ့ စုံစမ်းဖော်ထုတ် တင်ပြကြဖို့ ဝန်မလေးကြပေမယ့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ၊ NUG လက်အောက်က ပကဖ တပ်ဖွဲ့တွေ၊ NUG အောက်က မဟုတ်တဲ့ ဒေသအလိုက်ဖွဲ့ထားကြတဲ့ PDF အဖွဲ့တွေက ကျူးလွန်မှုတွေကို ပုဂ္ဂလိက သတင်းမီဒီယာတွေက ဖေါ်ပြဖို့ ဝန်လေးလေ့ရှိကြတာလည်း ဖြစ်ပါတယ်။ သတင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာတဲ့ အခြေအနေမျိုးမဟုတ်ရင် အထက်ကလို ဖြစ်ပွားတဲ့ သတင်းမျိုးတွေကို ဖေါ်ပြခဲ့ရင် ဒလန်မီဒီယာ၊ စစ်ဘောမ မီဒီယာ စသဖြင့် စွပ်စွဲပြောဆိုခံရနိုင်ခြေ ရှိတာကြောင့် အဲလိုအခြေအနေမျိုးကို ရှောင်လွှဲတဲ့အနေနဲ့ ဖေါ်ပြခြင်း မရှိကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်ပွဲတွေ ဖြစ်ပွားလာရာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖွဲ့စည်းပြီး လူအင်အားစုဆောင်းကြဖို့ ၊ ရံပုံငွေရှာဖွေကြဖို့ အရေးကြီးသလို တဖက်ရန်သူကို တိုက်ခိုက်အနိုင်ယူနိုင်ဖို့ရာအတွက် ရန်သူရဲ့ ရက်စက်မှု၊ ယုတ်မာမှု၊ မတရားဖိနှိပ်မှုတွေကို စုစည်းပြီး လူထုကို လှုံ့ဆော်ကြတာမျိုးလည်းတွေ့မြင်ကြရပါတယ်။ ရန်သူကို လူအဖြစ်နဲ့ မမြင်ဖို့၊ လူမဟုတ်တဲ့ အတွက် ၄င်းတို့ကို ညှင်းဆဲတာ၊ သတ်ဖြတ်တာ၊ နှိပ်စက်တာတွေဟာလည်း အပြစ်မရှိတဲ့ သဘောမျိုး ခံစားရအောင် အမုန်းတရားကြီးမားလာအောင် လှုံ့ဆော်ကြရတဲ့ သဘောလည်း တွေ့မြင်ကြရပါတယ်။ လက်နက်ကိုင် တပ်၊ လက်နက်ခဲယမ်း နဲ့ ယန္တရားတွေရှိရုံမျှနဲ့ စစ်ပွဲတပွဲကို နိုင်ဖို့ မသေချာသေးပါဘူး။ ဒီစစ်ပွဲကို အင်တိုက်အားတိုက် တိုက်ခိုက်ဖို့အတွက် စစ်ပွဲနဲ့ ပတ်သက်တဲ့ ဝါဒရေးအမုန်းတရား၊ လူမျိုးရေးအမုန်းတရား စတာတွေလည်း ဝါဒဖြန့်တာတွေလုပ်ဆောင်လေ့ရှိကြပါတယ်။ စစ်နဲ့ အချစ်မှာတရားမျှတမှု ဆိုတာမရှိဘူးဆိုတဲ့ ဆိုရိုးစကားလိုပဲ စစ်ပွဲတွေဖြစ်လာရင် အနိုင်ရဖို့ ရလဒ်က အဓိကဖြစ်ပြီး တရားမှု မျှတမှုတွေက အရေးမကြီးတော့တဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်ပွဲတွေမှာ လက်နက်ခဲယမ်း မလုံလောက်ရင်လည်း အနိုင်ရဖို့ မလွယ်ကူသလို စစ်တိုက်ဖို့ မောင်းနှင်အားဖြစ်တဲ့ အမုန်းတရားကို မလှုံ့ဆော်နိုင်ကြရင်လည်း မောင်းနှင်အားမရှိတဲ့ လက်နက်ကိုင် တပ်အဖြစ်နဲ့ အနိုင်ရဖို့ အားနည်းနေမယ့် သဘောဖြစ်ပါတယ်။ သို့ပေမယ့် အမုန်းတရားကို လှုံ့ဆော်မှုလွန်ကဲတာ၊ လူမျိုးကြီးဝါဒ၊ လူမျိုးရေးမုန်းတီးမှုတွေအထိ လှုံ့ဆော်ရောက်ရှိလာတဲ့အခါ လက်စားချေမှု၊ စစ်ရာဇဝတ်မှုကနေ အကြမ်းဖက်မှု အမြင့်ဆုံးနဲ့ အဆိုးရွားဆုံး အဆင့်ဖြစ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေဆီ ရောက်ရှိစေနိုင်တာလည်း ဖြစ်ပါတယ်။ အခုအဖြစ်အပျက်ဟာ အမှန်တကယ်ဖြစ်ပွားခဲ့တယ်ဆိုရင် စစ်ရာဇဝတ်မှုမြောက်တဲ့ ကျူးလွန်မှုလို့ ယူဆရမှာဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ မိမိတို့တပ်ဖွဲ့ဝင်တွေကို ဘယ်လို အပြစ်ပေးသလဲဆိုတဲ့ နောက်ဆက်တွဲမေးခွန်းလည်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့သူ၊ အမိန့်ပေးသူ၊ သို့မဟုတ် ၄င်းအနေနဲ့ အမိန့်ပေးတာ မဟုတ်ခဲ့ရင်တောင် တာဝန်ခံရမယ့်တပ်မှူး စသဖြင့် အဆင့်ဆင့် လုံလောက်တဲ့ တာဝန်ခံမှု နဲ့ နောက်နောင် အခုလို ဖြစ်ရပ်မျိုး မဖြစ်အောင် လုံလောက်တဲ့ အရေးယူမှု နောင်မဖြစ်ပွားဖို့ စစ်စည်းကမ်းအရ အသိပေးမှု၊ တင်းကြပ်တဲ့ စည်းမျဥ်းစည်းကမ်း ချမှတ်တာတွေ လုပ်ဆောင်ထားရှိသလား စတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ အင်းဒင်ရွာ လူသတ်မှုလို စစ်ရာဇဝတ်မှုတွေ၊ အဲဒီနောက် မင်းကြီးရွာမှာ ရိုဟင်ဂျာရွာသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြတဲ့ သတ်ဖြတ်မှုတွေက လူမျိုးရေး အမုန်းတရားကို အခြေခံပြီး ဖြစ်ပွားခဲ့ကြတာလို့ ကောက်ချက်ချရင် မှားမယ် မထင်ပါဘူး။
ဝါဒရေးအရ အမုန်းတရားက လူမျိုးရေး၊ ဘာသာရေးကို အခြေခံတဲ့ အမျိုးသားရေးဝါဒ အမုန်းတရားထက်စာရင် တော်သေးတယ်လို့ ဆိုရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ လူမျိုးရေး အမုန်းတရားက စစ်ပွဲရဲ့ ရည်မှန်းချက် ဖြစ်တဲ့ နယ်မြေ သိမ်းယူနိုင်ရေး၊ ကိုယ့်ကြမ္မာကိုယ်ပြဌါန်းခွင့်ရှိရေး ဆိုတာတွေထက်ကို ကျော်လွန်ပြီး မတူတဲ့လူမျိုး၊ မတူတဲ့ ဘာသာဝင်တွေကို ချေမှုန်းဖယ်ရှားရေး၊ မောင်းထုတ်ရေးတွေ အထိ ရောက်ရှိလာစေနိုင်တဲ့ အန္တရာယ်လည်း ရှိနေတာဖြစ်ပါတယ်။
အခုလတ်တလော ရခိုင်ပြည်နယ်က ဖြစ်ရပ်က စစ်ရာဇဝတ်မှုမြောက်တဲ့ အဖြစ်အပျက်တခု ဖြစ်နိုင်ပြီး လွန်ခဲ့တဲ့ ၄ နှစ်နီးပါးကာလအတွင်း အလားတူ ဖြစ်ရပ်မျိုးတွေ စစ်ပွဲတွေနဲ့ ယှဥ်ပြီး ဖြစ်ပျက်နေခဲ့လိမ့်မယ်လို့ မှန်းဆကြည့်နိုင်ပါတယ်။ စစ်ကောင်စီတပ်က ကျူးလွန်တဲ့ စစ်ကိုင်းတိုင်း ဘုတလင် စီပါရွာ အဖြစ်အပျက်လို၊ မုန်တိုင်ရွာက အမျိုးသား ၂၈ ဦး သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တွေ ရှိနေခဲ့သလို၊ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအကြားမှာလည်း ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့တာပါ။ စစ်သုံ့ပန်းတွေကို သတ်ဖြတ်တာ၊ လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း တိုက်ပွဲမှာမဟုတ်ဘဲ ဖမ်းဆီးသတ်ဖြတ်တာ၊ PDF တပ်ဖွဲ့တခုက ယောနယ်မှာ အရပ်သား မိသားစုတွေကို သတ်ဖြတ်တာ၊ အရွယ်မရောက်သေးတဲ့ ကလေးအရွယ်တွေ ပါဝင်တဲ့ လူငယ် ၆ ယောက် ၇ ယောက်ကို သတင်းထောက်လှမ်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ချောင်းဦးမြို့နယ်ထဲမှာ PDF တပ်ဖွဲ့ဝင်တချို့က သတ်ဖြတ်ခဲ့တာတွေလည်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အထက်က ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အချုပ်ပြောရရင် အမုန်းတရား သို့မဟုတ် အမျိုးသားရေးဝါဒဟာ စစ်ပွဲတွေမှာ အနိုင်ရဖို့ မောင်းနှင်အားတခုလည်း ဖြစ်သလို စစ်ရာဇဝတ်မှုတွေကျူးလွန်ဖို့ စေ့ဆော်တဲ့ မောင်းနှင်အားလည်း ဖြစ်နေတယ်ဆိုတာကို လေးလေးနက်နက် သတိပြုဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar