ကချင်နဲ့ တအာင်းပလောင် ထိန်းချုပ်နယ်တွေက ထိတွေ့ငြင်းခုံမှုများ
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၈ မြင်ကွင်း
မိုးမခ၊ ဇန်နဝါရီ ၂၉၊ ၂၀၂၅
ကချင်နဲ့ တအာင်းပလောင် ထိန်းချုပ်နယ်တွေက ထိတွေ့ငြင်းခုံမှုများ
ခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ TNLA လက်နက်ကိုင် အဖွဲ့ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ထိစပ်ရာဒေသတွေမှာ စစ်ဆေးရေး ဂိတ်ဖွင့်လှစ်တာ၊ အထိုင်ရုံးဖွင့်လှစ်ထားတာတွေ နဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ရဲ့ အောက်ခြေ အဆင့် တပ်ခွဲ၊ တပ်စုတွေ အချင်းချင်း ငြင်းခုံတာ၊ တွန်းထိုးရန်ဖြစ်တာတွေ ဖြစ်ပွားနေပြီး တနေ့က ဖြစ်ရပ်တခုမှာ KIA တပ်ဖွဲ့ဝင် တဦးနဲ့ TNLA တပ်ဖွဲ့ဝင် တဦးတို့ ယှဥ်ပြိုင်ထိုးသတ်ကြတဲ့ အဖြစ်အပျက်ဗီဒီယိုနဲ့ ဓါတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပြီး သတင်းဌာနအချို့က ဖေါ်ပြချက်အရ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ရဲ့ တောင်ဘက်မှာ တည်ရှိတဲ့ မုံးဝီးမြို့ အနီးက ကျေးရွာတရွာမှာ ဖြစ်ပျက်ကြတာလို့လည်း သိရှိရပါတယ်။
ဗီဒီယိုထဲမှာ အင်အား ၅၀ /၆၀ လောက်ရှိကြတဲ့ နှစ်ဘက် လက်နက်ကိုင်အဖွဲ့တွေက လက်ဗလာနဲ့ ထိုးသတ်ကြတဲ့ ရဲဘော်နှစ်ဦးကို နှစ်ဖက်လက်နက်ကိုင် အဖွဲ့ဝင်တွေက အော်ဟစ်အားပေးနေကြတာတွေ့ရပြီး မိနစ်အတန်ကြာမှာ ထိုးသတ်မှုကို အဆုံးသတ်လိုက်ကြပြီး ၂ ဦး နှုတ်ဆက်ကြတဲ့ မြင်ကွင်းတွေ တွေ့မြင်ရတာဖြစ်ပါတယ်။ အချို့သော ဆိုရှယ်မီဒီယာမှတ်ချက်တွေမှာတော့ လက်ဗလာနဲ့ ထိုးသတ်ကြရာမှာ ရှုံးနိမ့်တဲ့သူရဲ့ လက်နက်ကိုင် အဖွဲ့က ဒီနေရာက ဆုတ်ခွာပေးရမယ်ဆိုတဲ့ ကတိစကားနဲ့ ထိုးသတ်ကြတာ ဖြစ်ပြီး TNLA ဘက်က ရှုံးတယ်လို့ မှတ်ချက်ပေးထားတာလည်း တွေ့ရပါတယ်။ အဆိုပါ ပြောဆိုချက်က ဘယ်လောက်ထိ မှန်ကန်သလဲဆိုတာတော့ အတည်မပြုနိုင်ပါဘူး။
အဆိုပါ မုံးဝီးအဖြစ်အပျက် မတိုင်ခင် တရက်က လားရှိုးနဲ့ မူဆယ်ကြား ပြည်ထောင်စုလမ်းမပေါ်က KIA တိုက်ခိုက်သိမ်းယူထားတဲ့ နမ့်ဖတ်ကာမှာ TNLA လက်နက်ကိုင်အဖွဲ့နဲ့ KIA တပ်ဖွဲ့တို့ အငြင်းအခုန်ဖြစ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပြီး အဲဒီဖြစ်ရပ်ရဲ့ ဗီဒီယိုဖိုင်လည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဒါ့အပြင် အခုရက်ပိုင်းတွေမှာ အခြားတနေရာမှာ KIA နဲ့ TNLA တပ်ဖွဲ့ဝင်တွေ ကျေးရွာတရွာမှာ အငြင်းအခုံဖြစ်တဲ့ ဗီဒီယို၊ နောက်အဖြစ်အပျက်တခုမှာ KIA နဲ့ TNLA အောက်ခြေ တာဝန်ခံတွေ အခြေအတင်ဆွေးနွေးကြတဲ့ ဗီဒီယိုတွေလည်း ပေါ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီနေ့သတင်းတပုဒ်မှာတော့ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်နိမိတ် နမ့်ခမ်းမြို့အနီးက ရွှေလီတံတားကို လက်နက်ကိုင် ၂ ဖွဲ့က အသီးသီး ပိတ်ထားကြပြီး ဖြတ်သန်းသွားလာခွင့် မရှိတော့ဘူးဆိုတဲ့ သတင်းလည်း ပေါ်ထွက်လာပါတယ်။ နမ့်ခမ်းမြို့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှိပြီး မြို့ကနေ အနောက်မြောက်ဘက်ကို အနည်းငယ်သွားရင် ရွှေလီမြစ်နဲ့ မြစ်ဖြတ်ကူးတံတားရှိပြီး တံတားလွန်သွားတဲ့ခါ ကချင်ပြည်နယ် အရှေ့တောင်ဘက် မံစီကို ဆက်သွယ်ထားတဲ့ လမ်းနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
အထက်က မုံးဝီးမြို့အနီးက ကျေးရွာက ဖြစ်ရပ်နဲ့ ပတ်သက်လို့ မြန်မာဖေ့စ်ဘွတ်သုံးစွဲသူတွေကတော့ လက်နက်ကို ဘေးဖယ်ထားပြီး လက်ဗလာချင်း ထိုးသတ်ကြတဲ့အဖြစ်ကို မဟာမိတ် အချင်းချင်း အကြားဖြစ်ပွားတဲ့ ပဋိပက္ခကို ကောင်းမွန်တဲ့ ဖြေရှင်းနည်း အဖြစ်နဲ့ ချီးကျူးရေးသားနေကြတာလည်း တွေ့ရှိရပါတယ်။ မိတ်ဖက်ပဋိပက္ခကို အခုလိုဖြေရှင်းကြပြီး သေနတ်မပေါက်၊ လက်နက်အား မသုံးပဲ ငြင်းခုံကြ ဖြေရှင်းကြတယ်ဆိုတဲ့ ရှုထောင့်ကနေ ချီးမွမ်းကြတာလည်း ဖြစ်ပါတယ်။
KIA နဲ့ TNLA အကြားက နယ်မြေ သိမ်းယူမှု၊ အုပ်ချုပ်မှု၊ မြို့တွေ ရွာတွေ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေမှာ အခွန်အကောက် ကောက်ယူမှုသို့မဟုတ် စစ်ဆေးမှုတွေ နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ၊ ဖိအားပေးမှုတွေ၊ ဂိတ်တွေ၊ စခန်းတွေကို ဖျက်ဆီးတာတွေက ခပ်စိပ်စိပ် ဖြစ်ပွားလာနေတာကို အားလုံး သတိပြုမိကြပါလိမ့်မယ်။ အောက်ခြေအဆင့်က ပြဿနာနဲ့ ပတ်သက်လို့ လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်ပိုင်း အချင်းချင်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေသလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိကြရပါဘူး။ ပဋိပက္ခက လူသိရှင်ကြား ဖြစ်လာနေပြီး ဒီပဋိပက္ခရဲ့ အကြောင်းခံဖြစ်တဲ့ နယ်မြေ စိုးမိုးမှု၊ ထိန်းချုပ်မှု၊ အခွန်ကောက်ခံခွင့်၊ ထိစပ်နေတဲ့ ဒေသတွေမှာ စစ်မှုထမ်း ဆင့်ခေါ်မှုစတာတွေက လက်နက်ကိုင် ၂ ဖွဲ့အကြား ပြဿနာဖြစ်လာ စေနိုင်ပါတယ်။ အမှန်တကယ်တော့ ရှမ်းမြောက်မှာ လက်နက်ကိုင် ၂ ဖွဲ့တင်မကပဲ ရှမ်းလက်နက်ကိုင် အဖွဲ့တွေလည်း လူဦးရေအရ၊ အခြေချ နေထိုင်မှုအရ သက်ဆိုင်တဲ့ အဖွဲ့အစည်း အဖြစ်နဲ့ ပါဝင်လာနိုင်ပါသေးတယ်။ နမ့်ခမ်းနဲ့ မူဆယ်အကြား ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ SSPP လှုပ်ရှားတဲ့ ဒေသတွေလည်း ရှိနေသလို ကျောက်မဲ၊ သီပေါတို့လို ဒေသတွေမှာလည်း SSPP လက်နက်ကိုင် အဖွဲ့ လှုပ်ရှားနေတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်မတိုင်မီမှာတော့ KIA ခေါင်းဆောင်တွေ နဲ့ TNLA ခေါင်းဆောင်တွေ သီးခြားစီ ပြောဆိုထားတဲ့ မှတ်ချက်စကားတွေ ရှိပြီး အဲဒီမှတ်ချက်စကားတွေမှာ တပ်နေရာချထားမှုတွေ နဲ့ပတ်သက်တာကို လောလောဆယ် နယ်မြေ အငြင်းပွားမှုလို့ ဆိုနေကြတာဖြစ်ပြီး နိုင်ငံရေးအရ ဖြေရှင်းနိုင်ရင် ဒီပြဿနာတွေပြေလည် သွားလိမ့်မယ်လို့ KIA ခေါင်းဆောင်က ပြောဆိုထားပြီး၊ အခြား KIA ခေါင်းဆောင်တဦးကလည်း TNLA နဲ့ ကိစ္စဟာ လက်နက်နဲ့ သွေးထွက်သံယိုမဖြစ်အောင် လူကြီးတွေနဲ့ ပြောထားကြောင်း နဲ့ ခုကာလဟာ လက်နက်နဲ့ နယ်မြေချဲ့ထွင်တဲ့ ခေတ်လည်း မဟုတ်တော့ပါဘူးလို့ ဆိုပါတယ် TNLA ခေါင်းဆောင်ကတော့ TNLA ဟာ အခြားသော လက်နက်ကိုင်အဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ရရှိတဲ့ အသီးအပွင့်တွေကို လေးစားကြောင်းနဲ့ တော်လှန်ရေး အင်အားစုက တိုက်ခိုက်သိမ်းပိုက်ရရှိတဲ့ နယ်မြေတွေကိုလည်း အသိအမှတ်ပြု တန်ဖိုးထားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီပြောဆိုချက်တွေအရ နိုင်ငံရေးအရ ဖြေရှင်းမှုက အဓိကကျတဲ့ ဖြေရှင်းမှုဖြစ်ပြီး လောလောဆယ်မှာ နိုင်ငံရေးအရ ဖြေရှင်းမှုကို လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။နေ့စဥ်လိုလို ဟိုနားသည်နား အောက်ခြေ လက်နက်ကိုင်တပ်တွေအကြားမှာ ဖြစ်ပွားနေတာ၊ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကို သီးခြားစီ လူမှုကွန်ရက်တွေပေါ် မှာ ဖြန့်ဝေနေကြတဲ့ အနေအထားကတော့ ကောင်းမွန်တဲ့ အနေအထားမဟုတ်ပါဘူး။ ဒီလို ဝါဒဖြန့်မှုတွေက လူမျိုး ၂ မျိုး အကြားအမုန်းပွားမှုတွေကို အားပေးစေမှာ ဖြစ်ပြီး နေ့စဥ်လိုလို ဖြစ်ပွားနေတဲ့ အောက်ခြေက ပွတ်တိုက်မှုတွေကနေ လက်နက်ကိုင် ပဋိပက္ခဆီ ဦးတည်သွားစေနိုင်တဲ့ အန္တရာယ်လည်း ရှိနေတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar