Breaking News

အမေရိကန် သမ္မတရဲ့ အမိန့်နဲ့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ ရဲ့ ဒုက္ခ

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၇ မြင်ကွင်း

မိုးမခ၊ ဇန်နဝါရီ ၂၈၊ ၂၀၂၅

အမေရိကန် သမ္မတရဲ့ အမိန့်နဲ့ ထိုင်း-မြန်မာနယ်စပ်ကဒုက္ခသည်တွေ ရဲ့ ဒုက္ခ

ရွေးကောက်ပွဲ အနိုင်ရ သမ္မတ ထရန့်ဟာ အာဏာလွှဲပြောင်းရယူတဲ့နေ့မှာပဲ မဆိုင်းမတွ သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ထုတ်ပြန်တဲ့ အမိန့် ၂၆ ခုကို စာပွဲပေါ်ပုံထားပြီး တခုပြီးတခု လက်မှတ်ထိုးတဲ့ သတင်းဓါတ်ပုံ၊ ဗီဒီယိုတွေ သတင်းတွေမှာ တွေ့မြင်ကြရပါတယ်။ ဘယ်ဥပဒေကတော့ဖြင့် ပြည်သူလူထုက ဖြစ်စေချင်နေတာ ဆယ်စုနှစ်နဲ့ချီရှိနေပြီ စသဖြင့်ပြောဆိုရင်း တရားမဝင် ဝင်ရောက်လာသူတွေနှင်မယ့် ဥပဒေ၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ လွှတ်တော်ကို ဝင်စီးခဲ့ကြတဲ့ အထဲ အကြမ်းဖက်မှုကျူးလွန်ခဲ့ကြသူတွေ အပါအဝင် လူပေါင်း ၁ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးတဲ့ ဥပဒေ၊ အခြေခံဥပဒေ ပြင်ဆင်ချက်ဖြစ်တဲ့ မွေးရာပါနိုင်ငံသားဖြစ်ခွင့်ဥပဒေ တို့ကိုပယ်ဖျက်တဲ့ အမိန့်စတာတွေ ကိုလက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။   အဲဒီလို လက်မှတ်ထိုးနေချိန်မှာ အိမ်ဖြူတော် သတင်းထောက်တွေလည်း သမ္မတရဲ့ မျက်နှာချင်းဆိုင်ဘက်မှာ ရှိနေကြပြီး မေးခွန်းတချို့ မေးမြန်းနေခဲ့တာလည်း ဗီဒီယိုမှာ ကြားရပါတယ်။ အဆိုပါ ဥပဒေတွေအနက် နိုင်ငံတကာ အကူအညီတွေအားလုံး ရက် ၉၀ ဆိုင်းငံ့ထားပြီး ပြန်လည်စိစစ်မယ်ဆိုတဲ့ အမိန့်လည်း ပါဝင်ခဲ့ပါတယ်။ နောက်ရက်အနည်းငယ်အတွင်း နိုင်ငံခြားရေးဝန်ကြီးအသစ်က အထက်က အမိန့်အပေါ် ထပ်ဆင့် ညွှန်ကြားတဲ့ ညွှန်ကြားချက်က သတင်းဌာနတွေက ဖတ်ရှုရပြီး အီဂျစ်နဲ့ အစ္စရေးလ်ကို ကင်းလွတ်ခွင့်ပေးပြီး ကျန်တကမ္ဘာလုံးက အမေရိကန်အကူအညီတွေကို ဆိုင်းငံ့ထားဖို့ ဇန်နဝါရီလ ၂၄ ရက်နေ့ အထိသာ အသုံးစရိတ် သုံးစွဲခွင့်ပေးပြီး ၂၅ ရက်နေ့က စလို့ ဘယ်လို အသုံးစရိတ်မှ မသုံးစွဲဖို့ဆိုတဲ့ ညွှန်ကြားထားကြောင်း သတင်းဖေါ်ပြချက်တွေအရ သိရှိရပါတယ်။ 

ဒါရဲ့ အကျိုးဆက်က ထိုင်း-မြန်မာ နယ်စပ်အနီး ထိုင်းနိုင်ငံထဲက ဒုက္ခသည်စခန်းက ဆေးရုံလည်း အမေရိကန် အစိုးရရဲ့ အကူအညီ ရန်ပုံငွေနဲ့ လည်ပတ်နေတာ ဖြစ်လို့ နေ့ချင်းရပ်ဆိုင်းပြီး လူနာတွေကို ဆေးရုံက ဆင်းခိုင်းရတဲ့ အဖြစ်၊ ဒုက္ခသည်စခန်းကနေ ဆေးရုံပြမယ့်သူတွေကို ပို့ဆောင်ပေးတဲ့ INGO အဖွဲ့အစည်းရဲ့ ဝန်ဆောင်မှုလည်း ရပ်ဆိုင်းပြီး ဆေးရုံပြမယ့်သူတွေလည်း မသွားနိုင်တော့တဲ့အထိ နေ့ချင်းညချင်း ကျန်းမာရေးဝန်ဆောင်မှုတွေ  အားလုံးရပ်ဆိုင်းသွားတဲ့ အဖြစ်နဲ့ ကြုံကြရပါတယ်။ 

ဒီဒုက္ခသည်စခန်းမှာ နေထိုင်နေကြသူတွေဟာ ၁၉၉၀ ပြည့်နှစ်လယ်နဲ့ နှောင်းပိုင်းတွေတုန်းက ကရင်ပြည်နယ်ထဲ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာတွေ မီးရှို့ခံရ၊ အသက်အန္တရာယ် ဘေးလွတ်ရာ နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ နယ်စပ်မျဥ်းအနီး တဲအိမ်တွေ ဆောက်လုပ်ပြီး နေထိုင်ခဲ့ကြတဲ့ သူတွေဖြစ်ပါတယ်။ အဲဒီကာလတွေတုန်းက ကေအန်ယူရဲ့ ခြေကုပ်စခန်းတွေ ဌာနချုပ်တွေအထိ ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းတဲ့ နအဖ စစ်တပ်က သိမ်းယူဖို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပြီး အဲဒီလို တိုက်ခိုက်ရာမှာ နအဖ စစ်တပ်နဲ့အတူ DKBA (ထိုစဥ်က ဗုဒ္ဓဘာသာကရင်လက်နက်ကိုင် အဖွဲ့ အဖြစ်သိရှိကြတဲ့) အဖွဲ့က ပါဝင်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်တခုထည်းမဟုတ်ပဲ ကရင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ကရင်နီပြည်မှာလည်း ထိုးစစ်ကြောင့် ဒုက္ခသည်တွေ ထိုင်းနယ်စပ်ဘက်မှာ စခန်းချ နေထိုင်ခဲ့ကြရပါတယ်။ ဒီဒုက္ခသည်စခန်းတွေအနက် သတင်းတွေထဲ မကြာခဏ ပါရှိတဲ့ အုန်းဖြန်၊ မယ်လ စတဲ့ စခန်းနာမည်တွေ ကြားဖူးကြပါလိမ့်မယ်။ ကြီးတဲ့ စခန်းတခုကို ဒုက္ခသည် သောင်းဂဏန်းအထိ နေထိုင်ကြတာ ဖြစ်ပြီး နယ်စပ်တလျှောက် စုစုပေါင်း ဒုက္ခသည်ဦးရေ ၁ သိန်းကျော် အထိရှိခဲ့ကြတာ ဖြစ်ပါတယ်။ 

အဆိုပါ ဒုက္ခသည်တွေကို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ၊ နိုင်ငံတကာ အစိုးရတွေက ကူညီပေးခဲ့ကြပြီး ဆယ်စုနှစ်ချီကြာမြင့်တဲ့ ဒုက္ခသည် ပြဿနာဖြစ်ခဲ့ပါတယ်။ 

သိန်းဂဏန်းနဲ့ ချီရှိတဲ့ ဒုက္ခသည်တွေထဲက  ၂၀၁၀ ခုနှစ် မတိုင်မီအထိ တတိယနိုင်ငံကို သောင်းဂဏန်းနဲ့ချီ ရောက်ရှိခဲ့ကြပြီး ဖြစ်ပေမယ့် ဒုက္ခသည်စခန်းမှာနေထိုင်ရင် နောက်မျိုးဆက်တဆက် ကြာမြင့်လာတဲ့ အထိ ရှည်ကြာခဲ့တဲ့ ပြဿနာဟာ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲနဲ့ အာဏာရလာတဲ့ ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူညီချက်တွေ ရခဲ့ပေမယ့်လည်း ထိုင်းနယ်စပ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စလိုမျိုး အထိ မဖြေရှင်းနိုင်ခဲ့ကြပါဘူး။ 

ဒီဒုက္ခသည်စခန်းတွေကနေ တတိယနိုင်ငံရောက်သွားခဲ့ကြသူတွေ အများအပြားရှိပေမယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီး ဦးသိန်းစိန် အစိုးရတက်လာတဲ့နောက် တတိယနိုင်ငံခေါ်ယူရေး အစီအစဥ်ကို ရပ်ဆိုင်းခဲ့တာ ၂၀၂၁ ခုနှစ်မှာ တပြန် စစ်အာဏာသိမ်းတဲ့ အထိဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တတိယနိုင်ငံ ခေါ်တဲ့ အစီအစဥ် ပြန်လည်စတင်ပေမယ့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ထွက်ပြေးလာကြတဲ့ မြို့ပေါ်က ဒုက္ခသည်တွေက နယ်စပ်မျဥ်းအနီး ဒုက္ခသည်စခန်းမှာ ဆယ်စုနှစ်ချီ နေထိုင်နေကြရသူတွေ ရဲ့ အရင် ထွက်ခွာသွားခဲ့ကြပြီး မကြာမီကာလတွေမှာမှ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို ပို့ဆောင်တဲ့ အစီအစဥ်တွေ ပြန်လည်စတင်ခဲ့ကြတာပါ။ 

ဒီလို ပြည်တွင်းလက်နက်ကိုင်စစ်ပွဲတွေရဲ့ အကျိုးဆက်နဲ့ ဒုက္ခသည်စခန်းမှာ နေထိုင်နေကြရသူတွေဟာ မျိုးဆက်တဆက်ရဲ့ သက်တမ်းကို ကျော်လွန်လာကြပြီး ဒုတိယမျိုးဆက်တွေတောင် ဒုက္ခသည်စခန်းတွေမှာ ကြီးပြင်းလာ အရွယ်ရောက်လာကြတဲ့ အခြေအနေဖြစ်ပါတယ်။  အခုတော့ အမေရိကန်ရဲ့ သမ္မတသစ် အမိန့်နဲ့ အကူအညီ ရက် ၉၀ ရပ်ဆိုင်းလိုက်တာရဲ့ အကျိုးဆက်က နယ်စပ်က ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို ထပ်ပြီး ဒုက္ခရောက်စေတာ ဖြစ်ပါတယ်။ 

ဆေးရုံတက်နေတဲ့ လူနာတွေကို နှင်ချရလောက်တဲ့အထိ သုံးစွဲနေတဲ့ အကူအညီ ငွေအကုန်လုံး ရပ်ဆိုင်းပါဆိုတဲ့ အမိန့်က လူသားမဆန်ရာကျသလို ဘယ်လို ယုတ္တိဆင်ခြင်မှုမျိုးနဲ့ ထုတ်ပြန်သလဲဆိုတာ စဥ်းစားလို့မရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ဒီလို အကူအညီရပ်ဆိုင်းတာတွေနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ ၃ ရက်လောက်က  မြန်မာသတင်းအယ်ဒီတာတဦးက ဆိုရှယ်မီဒီယာပေါ်မှာ “ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အခြေပြုတဲ့ အင်တာနေရှင်နယ်လစ်ဇင် ပြိုပြီ” လို့ မှတ်ချက်ပြုရေးသားထားပါတယ်။ ဆိုလိုရင်းက ဒီမိုကရေစီအရေးတွေမှာ ကူညီဖို့  ကျားမရေးရာ တန်းတူဖြစ်မှု၊ ခွဲခြားဆက်ဆံမှုတွေကို ဆန့်ကျင်ဖို့၊ လူအခွင့်အရေးကို လေးစားလိုက်နာဖို့၊ လူသားချင်းစာနာမှု အကူအညီပေးအပ်ကြဖို့ ဆိုတဲ့အရေးမှာ ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ အမေရိကန်ပြည်ထောင်စုက အကူအညီဖြတ်တာ၊ တရားမဝင် ဝင်ရောက်လာသူတွေဆိုပြီး အလုပ်ခွင်၊ နေအိမ်တွေမှာ ဝင်ဖမ်းပြီး ခါး၊ ခြေထောက်နဲ့ လက်ထိတ် သံကြိုးခတ်ကာ စစ်လေယာဥ်တွေပေါ် တင်ပြီးမူလနိုင်ငံကို ပြန်ပို့တာတွေကို သမ္မတ ထိုင်ခုံမှာ ဖင်မပူခင် အလောတကြီး လုပ်ဆောင်နေတာကို ရည်ညွှန်းပြီး မှတ်ချက်ချ ပြောဆိုပါတယ်။ 

တကယ်တော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအခြေခံတဲ့ အင်တာနေရှင်နယ်လစ်ဇင်က ပြိုနေတာ ခုမှတော့ မဟုတ်ပါဘူး။ အကျိုးစီးပွားကို အခြေခံတဲ့ လစ်ဘရယ် ဒီမိုကရေစီမျက်နှာဖုံး ကွာကျတဲ့ သဘောလို့ ကောက်ချက်ချရင် ပိုမှန်ကောင်းလည်း မှန်ကန်ပါလိမ့်မယ်လို့သာ ဆိုချင်ပါတော့တယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar