Breaking News

ထိုင်း-မြန်မာနယ်စပ်က လောင်းကစားနဲ့ ငွေလိမ်ဂိုဏ်းတွေနဲ့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှု

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၁၆ မြင်ကွင်း

မိုးမခ၊ ဇန်နဝါရီ ၁၇၊ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ်က လောင်းကစားနဲ့ ငွေလိမ်ဂိုဏ်းတွေနဲ့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှု

ထိုင်း-မြန်မာနယ်စပ် ဒေသတခုဖြစ်တဲ့ မြဝတီမြို့ မြောက်ဘက် နဲ့ တောင်ဘက် သောင်ရင်းမြစ်ကမ်း အနီးမှာ တည်ထားကြတဲ့ မြို့ပြေပေါ်က တိုက်တာအဆောက်အဦတွေဟာ အခုတော့ အာရှတခွင်နဲ့ အနည်းငယ်မျှသော တောင်အမေရိက နိုင်ငံတွေက နိုင်ငံသားတွေကို သွေးဆောင်းဖျားယောင်းခေါ်ဆောင်ပြီး ထိန်းသိမ်းထားက အဓမ္မခိုင်းစေနေတဲ့ ထောင်ချောက်တွေ ဖြစ်နေကြောင်း ခုလပိုင်း ရက်ပိုင်း သတင်းတွေမှာ ဆက်တိုက်ဆိုသလို ပါရှိနေတာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံက ကျော်ကြားထင်ရှားသူ သရုပ်ဆောင်တဦး ဘန်ကောက်လေဆိပ်ကနေ မဲဆောက်မြို့ကို ခေါ်ဆောင်သွားပြီး မြန်မာနိုင်ငံဘက်အခြမ်းကို တရားဝင်ဂိတ်က မဟုတ်ဘဲ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် အဆက်အသွယ်ပြတ်သွားရာက တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ ချိတ်ဆက်ကာ မြဝတီဘက်ခြမ်းမှာ ဖြားယောင်း ခေါ်ဆောင်ကာ ငွေလိမ်လည်တဲ့ လုပ်ငန်းထဲ အဓမ္မခိုင်းစေဖို့ ပြင်ဆင်နေစဥ်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်က တရုတ်နိုင်ငံ၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့မှာ လူသိရှင်ကြား ဖြစ်ရပ်တခုဖြစ်လာပြီး နှစ်နဲ့ချီ တည်ရှိနေခဲ့တဲ့ မြဝတီမြို့နယ်ထဲက KNA လို့ အမည်သစ် ပြောင်းထားတဲ့ ယခင်ကရင်နယ်ခြားစောင့်တပ် BGFတွေ ထိန်းချုပ်ထားတဲ့နယ်မြေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အခုလို ကရင်ပြည်နယ်ထဲက ထိုင်းနယ်စပ် သောင်ရင်းမြစ် နဘေးက လောင်းကစား လုပ်ငန်းနဲ့ ငွေလိမ်လုပ်ငန်းတွေက စောချစ်သူ ဦးဆောင်တဲ့ KNA လက်နက်ကိုင် တဖွဲ့ထည်းတင်မကပဲ မြဝတီမြို့ရဲ့ တောင်ဘက် သောင်ရင်းမြစ်ကမ်းနဘေးမှာပဲ DKBA ထိန်းချုပ်တဲ့ KK Park ဆိုတာလည်း ရှိသလို KK Park နဲ့ ပတ်သက်လို့ KNU ရဲ့ အချို့သော ခေါင်းဆောင်တွေကိုယ်တိုင် သိပ်မကြာခင်နှစ်တွေက မြေငှားပေးတဲ့ စာချုပ်မှာ လက်မှတ်ထိုးထားတယ် ဆိုတဲ့ စုံစမ်းဖေါ်ထုတ်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

ချုံ့ပြောရရင်တော့ ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်က ကာစီနို လောင်းကစား လုပ်ငန်းတွေက ကိုဗစ်ကပ်ဘေး ကာလတွေမှာ နိုင်ငံအသီးသီးမှာ တင်းကြပ်တဲ့ခရီးသွားတားမြစ်ချက်တွေကြောင့်  ကာစီနိုလောင်း ကစားလုပ်ငန်းတွေဆီ ခရီးသွားတွေမလာရောက်တဲ့အခြေအနေမှာ လုပ်ငန်းရှင်သန်ဖို့ရော ခေတ်ကာလနဲ့အညီ တွင် ကျယ်လာတဲ့အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအဖြစ်ကို အသွင်ပြောင်းသွားခဲ့ကြပြီး အဆိုပါရာဇဝတ်မှု လုပ်ငန်းတွေမှာ လိုအပ်တဲ့လုပ်သားတွေကို ဒေသတွင်းနိုင်ငံတွေသာမက ကမ္ဘာ့အနှံ့က ဖွံ့ဖြိုးဆဲနိုင်ငံနဲ့ အချို့ဖွံ့ဖြိုးပြီးနိုင်ငံက သူတွေကိုပါ လုပ်ခလစာမက်လုံးနဲ့ ဖြားယောင်းခေါ်ဆောင်ပြီး ခိုင်းစေခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီလိုအွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်းအခြေစိုက်တဲ့ဒေသတွေအဖြစ် မြန်မာနိုင်ငံ ရှမ်းမြောက်ဒေသ၊ ကရင်ပြည် နယ် မြဝတီဒေသနဲ့ ယခင်က ကမ္ဘောဒီးယားနိုင်ငံ ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ သီဟာနုဗေးလ်မြို့တို့က ထင် ရှားကြပါတယ်။ ယမန်နှစ်က တရုတ်နိုင်ငံရဲ့ဖိအားပေးမှုတွေကြောင့် တရုတ်နိုင်ငံနယ်စပ်ဖြစ်တဲ့ ရှမ်းပြည် နယ် မြောက်ပိုင်း ဝ၊ ကိုးကန့် နယ်တွေက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ စစ်ကောင်စီ တပ်နဲ့ ရဲတပ်ဖွဲ့တို့က ဖမ်းဆီးပြီး တရုတ်နိုင်ငံသားတွေကို တရုတ်နိုင်ငံရဲတပ်ဖွဲ့ လက်အပ်ခဲ့ကြပြီးဖြစ်သလို အဲဒီဒေသတွေမှာလည်း ကျားဖြဲန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နှင်းရေးနဲ့ တပြိုင် နက်တည်း စစ်ကောင်စီထိန်းချုပ်တပ်စခန်း မြို့တွေကို သိမ်းယူတဲ့ စစ်ဆင်ရေးပါ ဆက်ပြီးဖြစ်ပွားခဲ့ပါတယ်။ 

ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ခေတ်ကာလအလျှောက်ပေါ်လာတဲ့ ဒုစရိုက်လုပ်ငန်း အမျိုးအမယ်သစ်ဖြစ်ပြီး အိုင်တီနည်းပညာဆိုင်ရာ ဗဟုသုတနည်းသူတွေကို ပစ်မှတ်ထားကြပြီး တရားဥပဒေ မစိုးမိုးတဲ့ ဒေသ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ လက်နက်ကိုင်တပ်ဖွဲ့အချို့အနေနဲ့ လိုအပ်တဲ့ ရံပုံငွေကို ဒီလုပ်ငန်းတွေက အခွန်အကောက်နဲ့ ရပ်တည်ကြဖို့ဆိုတဲ့ ဖြစ်စဥ်သံသရာလည်ပတ်မှု တရပ်လို့ဆိုရင် မှားမယ် မထင်ပါ။ 

တခေတ်တခါက ဘိန်းစိုက်ပျိုးမှုကို ကာကွယ်ပေးခြင်းနဲ့ ဘိန်းကုန်ကူးခြင်းလုပ်ငန်းတွေက လက်နက်ကိုင် အဖွဲ့တွေ၊ ပြည်သူ့စစ်နဲ့ အချို့သော တော်လှန်ရေး အမည်ခံပြီး ဘိန်းကုန်ကူးတဲ့လက်နက်ကိုင်အဖွဲ့တွေက ပတ် သက်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသလိုမျိုး တရားဥပဒေမစိုးမိုးတဲ့ဒေသလိုမျိုးနေရာတွေကို အခုလိုရာဇဝတ်ဂိုဏ်းတွေက အခြေစိုက်ဖို့ မျက်စေ့ကျရွေးခြယ်ကြပြီး အဲလိုနေရာတွေမှာ ကြီးထွားလာတာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံနယ်စပ် ရှမ်းမြောက်ဒေသက ကျားဖြန့် ဂိုဏ်းတွေလုပ်ငန်းတွေကိုနှိမ်နှင်းဖို့ သံတမန်ရေး၊ စီး ပွားရေးအရပါ ဖိအားပေးခဲ့ပြီးနောက် ရှမ်းမြောက်ဒေသမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းအများစု နှိမ်နှင်းနိုင်ခဲ့တယ်လို့ယူဆရပြီး အချို့လည်း မြန်မာနိုင်ငံရဲ့လက်နက်ကိုင်တပ်အကာအကွယ်ပေးတဲ့ ဒေသတချို့ရောက်ရှိတာ၊ မြို့ကြီးတချို့မှာ လျှို့ဝှက်စွာလုပ်ကိုင်နေကြတဲ့အခြေအနေမျိုးရောက်ခဲ့တာပါ။ 

အခုတကြိမ်ပစ်မှတ်ဖြစ်လာတဲ့နေရာက ကရင်ပြည်နယ် မြဝတီမြို့နယ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ၄င်းနယ်စပ်ဒေသမဟုတ်တာကြောင့် ရှမ်းမြောက်က နှိမ်နှင်းဖြိုခွင်းမှုတွေလောက် လွယ်လွယ်ကူကူ ဖိအားပေးနိုင်မှာတော့ မဟုတ်ပါဘူး။ သက်ဆိုင်ရာနိုင်ငံတွေဖြစ်တဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံက နှိမ်နှင်းမှုလုပ်ဆောင်ရာမှာ အစွမ်းကုန်ကူညီတာမျိုး၊ မြန်မာနိုင်ငံထဲက လက်နက်ကိုင်အဖွဲ့ကို သြဇာရှိတဲ့ စစ်ကောင်စီကို ဖိအားပေး တိုက် တွန်းတာမျိုးလုပ်လိမ့်မယ်လို့မှန်းဆရပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ သတင်းစာရှင်းလင်းပွဲတခုမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အာဆီယံနိုင်ငံတွေကို လေးလေးနက်နက် တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အခုလို ကျားဖြဲန့်လုပ်ငန်းတွေအခြေစိုက်နေကြတဲ့နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားတို့ကို တိုက်တွန်းတာလို့ ယူဆရပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့လည်း ၄င်းတို့နိုင်ငံရဲ့အဓိကဝင်ငွေရတဲ့လုပ်ငန်းတခုဖြစ်တဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်လာနေတဲ့ကျားဖြဲန့်လုပ်ငန်းတွေကိုနှိမ်နှင်းဖို့ မူဝါဒအားဖြင့် လက်ခံထားပြီးဖြစ်ပါလိမ့်မယ်။ မြန်မာ နယ် စပ်ဒေသကို ပိုမိုပြီး တင်းတင်းကြပ်ကြပ်စောင့်ကြည့်ဖို့ မြန်မာနိုင်ငံဘက်ခြမ်းက လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးနိုင်တဲ့နည်းလမ်းအားလုံးသုံးပြီး ဖိအားပေးလိမ့်မယ်လို့ ယူဆရပါတယ်။ မြန်မာစစ်ကောင်စီ အနေနဲ့တော့ ၄င်းတို့တပ်ရဲ့ လက်အောက်မှာ နှစ်ရှည်လများ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်လှုပ်ရှားနေခဲ့တဲ့ BGF ကို ဘယ်လိုဖိအားပေးမလဲဆိုတာ ရှင်းရှင်းလင်းလင်းတော့မရှိသေးပါဘူး။ KNA/ BGF လက် နက်ကိုင်အဖွဲ့က ၄င်းတို့နဲ့ စစ်ကောင်စီတပ်တွေ ဆက်စပ်မှုမရှိတော့ကြောင်း ယမန်နှစ်က ကြေညာခဲ့ပေမယ့်လည်း မြဝတီမြို့သိမ်းတိုက်ပွဲတွေအတွင်းမှာတော့ စစ်ကောင်စီတပ်တွေကို အတိုင်းအတာတခုထိ အကာ အကွယ်ပေးခဲ့တဲ့သာဓကတွေလည်းရှိနေခဲ့တဲ့အချက်က စစ်ကောင်စီနဲ့ KNA/BGF အကြား ဆက်ဆံရေးက လုံးဝပြတ်တောက်နေတဲ့အနေအထားမဟုတ်ဘူးလို့လည်း ဆိုမယ်ဆို ဆိုနိုင်ပါတယ်။ 

ယခု သတင်းမီဒီယာတွေ အဓိကအာရုံစိုက်နေကြတဲ့ မြဝတီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေအပြင် မွန်ပြည်နယ်ထဲက ဘုရားသုံးဆူဒေသမှာလည်း တရုတ်နိုင်ငံသားတွေ ဦးစီးတဲ့ ကျားဖြဲန့်လုပ်ငန်းက ပမာဏတခုထိရောက်ရှိနေနှင့်ပြီး ဖြစ်ပါတယ်။ အဆိုပါဒေသက ကျားဖြဲန့်လုပ်ငန်းတွေကို DKBA လက်အောက်က တပ်မှူးတဦးက အကာအကွယ်ပေးထားတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ 

အထက်ပါအခြေအနေတွေ အခင်းအကျင်းတွေကို လေ့လာကြည့်ရင် မကြာခင်ကာလမှာ မြဝတီမြို့နယ်၊ ဘုရားသုံးဆူတို့လို ဒေသတွေက ကျားဖြဲန့်လုပ်ငန်းတွေကို နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုနှိမ်နှင်းတဲ့ လုပ် ဆောင်မှုတွေနဲ့ အကာအကွယ်ပေးတဲ့လက်နက်ကိုင်အဖွဲ့တွေအကြား အားပြိုင်မှု တွေပေါ်ထွက်လာမယ့် အနေအထားလို့ဆိုရင် မှားမယ် မထင်ပါ။

-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar