Breaking News

ရဲဘော် ဗထွဏ်းရှိန်း - " ခက်သီ ခန်းမ "

"  ခက်သီ ခန်းမ "
ရဲဘော် ဗထွဏ်းရှိန်း
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၅

သူတို့က "ခေါင်း "ကိုပစ်တယ်
တော်လှန်ရေးက နှလုံးသားထဲမှာရှိတာ
သူတို့မသိကြဘူး  တဲ့......
သူတို့က "ခေါင်း" ကိုပစ်ရုံမက
အညာတော်လှန်ရေးရဲ့ "ခေါင် "ကိုပစ်သွားခဲ့တာ.......
တော်လှန်ရေးက နှလုံးသားထဲမှာဆိုပြီး
အညာရဲ့နှလုံးသွေးနီစွေးတဲ့အကြောင်း
သူတို့ကို ထုတ်ပြခဲ့ရဲ့မဟုတ်လား.......
ထန်းရွက်နံ့ တသင်းသင်းနဲ့
အညာလေပူ ပြင်းပြင်းအောက်မှာ
စစ်မိစ္ဆာတသိုက်ကို
ဒူးမထောက်ပဲ
ခန့်ငြားပြသွားခဲ့လေသူ........ခက်သီ
နွေဦးပန်းရဲ့ ပွင့်ချပ်တွေလို
သူ့ကိုယ်သူ တဖတ်ခြင်း
ခွာချပြသွားလေရဲ့......
လွတ်မြောက်မှု့အတွက်
တော်လှန်ရေးဆိုတာ
ဟောသည်လို
အသက် သွေး ချွေး တွေနဲ့ရင်းခဲ့ရတဲ့အကြောင်း
နှောင်းလူတွေသိအောင်ပြောဖို့
ပုံတောင်၊ပုံညာ တောင်ကြီးတွေကို
သက်သေအမှာထားခဲ့သေးလား ရဲဘော်......

"ခက်သီ ခန်းမ"တဲ့
မြင့်မြတ်တဲ့ အလံတော် အောက်မှာ
တိတ်ဆိတ်ဝါးရုံပင်ခြေရင်းကိုဖက်မှီလို့
အညာနွေ ကို အန်တု ဖီဆန်ရင်း
တော်လှန်သစ်တွေကို အေးရိပ်ပေးနေဆဲ.....

မိတ်ဆွေ
သင့်ရဲ့ကြီးမြတ်သောတော်လှန်မှု့အတွက်
အညာမြေရဲ့ မီးလောင်ပြာတဆုပ်ကိုကိုင်ပြီး
အင်တာနေရှင်နယ် တေးသံနဲ့
အလေးနီပြုလိုက်တယ် ရဲဘော်.....
............. 
သင်၏ ချစ်လှစွာသော
.............။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar