ယင်းချောင်းသား - လမ်းရဲ့အသံ
လမ်းရဲ့အသံ
ယင်းချောင်းသား
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၅
တချိန်က ငါတို့ အော်ခဲ့ကြတယ် ဆူးလေဘုရားရှေ့မှာ။ အခြားနေရာမှာ ထပ်အော်ကြတယ် လှည်းတန်းဂုံးတံတားအောက်မှာ။ ပြီးတေ့ာ ကုန်သည်လမ်းမှာ၊ လှိုင်သာယာမှာ။ ငါတို့ စုဝေးခဲ့ကြတယ် မဟာအောင်မြေထဲက စိန်ပန်းမှာ။ ငါတို့ စုစည်းမိကြတယ် ရှစ်ဆယ့်လေးလမ်းပေါ်မှာ၊ ဘုရားကြီးတဝိုက်မှာ။ ငါတို့ တောင်းဆိုခဲ့ကြတယ် မုံရွာမှာ၊ ရေနံချောင်းမှာ။ ငါတို့ ကိုယ့်ဆန္ဒကို ထုတ်ဖော်ခဲ့ကြတယ် မော်လမြိုင်မှာ မြိတ်မြို့ပေါ်မှာ။ ငါတို့ဟာ ပြည်သူတွေ၊ ငါတို့ဟာ တိုင်းရင်းသားတွေ။ ငါတို့ ဆန္ဒဟာ တထပ်တည်းပဲ။ ငါတို့ အော်သံဟာ နိုင်ငံတဝှမ်း အနှံ့ပဲ။ တိုင်းပြည်တနံတလျား အပြည့်ပဲ။
နောက်တေ့ာ ငါတို့ရဲ့ညီမလေး မြသွဲ့သွဲ့ခိုင်ဟာ ခေါင်းကို သေနတ်နဲ့အပစ်ခံရတယ်။ ငါတို့ရဲ့ညီလေး ဝေယံထွန်းဟာ လမ်းမပေါ်မှာ လူမြင်ကွင်းရှေ့ အရိုက်နှက်ခံရတယ်။ နောက်တေ့ာ “အားလုံး အဆင်ပြေသွားမှာပါ (Everything will be ok)” လို့ စာတန်းထိုးထားတဲ့တီရှပ် ၀တ်ထားတဲ့ ငါတို့ညီမလေး ကြယ်စင်ဟာ အိမ်ပြန်ရောက်မလာတေ့ာဘူး။ လူအုပ်ကြားထဲရှိနေတဲ့ ကဗျာဆရာကေဇ၀င်းဟာ စနိုက်ပါနဲ့ ချိန်ရွယ် အပစ်ခံရတယ်။ ကဗျာဆရာ ခက်သီဟာ စစ်ကြောာရေးမှာ ညတွင်း ချင်း အသက်ပါသွားခဲ့ရတယ်။ လှိုင်သာယာမှာ စာသင်နေတဲ့ ပရဟိတကျောင်းဆရာရဲ့ပါးစပ်ထဲ အက်စစ်တွေ လောင်းထည့်ခံရတယ်။ ငါတို့ သံသယ ၀င်လာကြတယ်၊ ငါတို့ တောင်းဆိုနေတာတွေ ရန်သူတွေက လိုက်လျောပါ့မလား။ နောက်တေ့ာ ကချင်ပြည်နယ်မှာ ဂီတပွဲတစ်ခုကျင်းပနေတုန်း ဗုံးကြဲချခံရတယ်။ နောက်တော့ ဒီပဲယင်းမြိုနယ်ထဲက ငါတို့ရဲ့ လက်ယက်ကုန်းကျေးရွာကစာသင်ကျောင်းလေးကို ကလေးတွေစာသင်နေတုန်း ဗုံးကြဲသွားကြတယ်။ ငါတို့မှာသံသယမရှိတေ့ာဘူး၊ ငါတို့ ဆန္ဒကို ရန်သူက လိုက်လျောမှာ မဟုတ်ဘူးဆိုတာ။ ငါတို့ အသိတရားမှာ သေချာသွားပြီ၊ ရန်သူဟာ ရန်သူပီသခဲ့ပြီဆိုတာ။
ငါတို့ အတွေးဟာ ပြောင်းသွားတယ်။ ငါတို့ အသိဟာ တဆင့်တက်သွားတယ်။ လက်နက်နဲ့ အနိုင်ကျင့်သူကို လက် နက်နဲ့ ပြန်တုန့်ပြန်မှ ရမယ်ဆိုတာ။ ငါတို့ဆုံးဖြတ်ချက်ဟာ ပုံစံတခုဆီ ရွေ့လျားသွားတယ်၊ ရန်သူက သေနတ်နဲ့ ခြိမ်း ခြောက်လာရင် သေနတ်နဲ့ပဲ ပြန်ချိန်ရွယ်ရမယ်ဆိုတာ။ ငါတို့မှ မတော်လှန်ရင် ဘယ်သူတော်လှန်မှာလဲ။ အခုမှ မတော်လှန်ရင် ဘယ်တေ့ာတော်လှန်မှာလဲ။ လူငယ်တွေဟာ စာသင်ခန်းထဲကနေထွက်လာပြီး စစ်သင်တန်းတွေ ပြောင်းတက်လာကြတေ့ာတယ်။ ပြည်သူတွေဟာ ကွန်ပျူတာတွေ စာအုပ်တွေအစား လူငယ်တွေရဲ့လက်ထဲ ရန်သူတွေကြောက်တဲ့သေနတ်တွေ ပြောင်းထည့်ပေးလိုက်ကြာတယ်။ လူထုဟာ တီရှပ်နဲ့ဂျင်းဘောင်းဘီအစား မျိုးဆက်သစ်တွေရဲ့ခန္ဓာကိုယ်ပေါ် စစ်၀တ်စုံတွေ ဆင်ပေးလိုက်ကြာတယ်။ တိုင်းပြည်ရဲ့အနာဂတ်ဟာ လူငယ်တွေရဲ့လက်ထဲ ရောက်သွားတယ်။
ဒီလိုနဲ့ တော်လှန်ရေးဟာ ငါတို့ဘ၀ထဲ ရောက်လာတယ်။ အဲဒီလိုနဲ့ တော်လှန်ရေးမြစ်ရေဟာ လူထုရဲ့ အသွေးအသားထဲ စီးဆင်းလာခဲ့တယ်။ အဲဒီတော ငါတို့ဟာ တော်လှန်ရေးလုပ်ခဲ့ကြတဲ့ အခြားနိုင်ငံတွေကို လှမ်းကြည့်မိတယ်။ ၁၇၈၉ ခုနှစ်မှာဖြစ်ခဲ့တဲ့ ပြင်သစ်တော်လှန်ရေးဟာ ၁၀ နှစ်ကျော်အကြာ ၁၇၉၉ ခုနှစ်မှာတေ့ာ ပြင်သစ်ဘုရင် လူဝီ ၁၆ ကို ကြိုးစင်ပေါ်မှာ ခေါင်းဖြတ် သတ်နိုင်ခဲ့တယ်။ ဗော်ရှီဗစ်ပါတီဦးဆောင်ပြီး လုပ်ခဲ့တဲ့ ရုရှားတော်လှန်ရေးဟာ ၁၉၁၇ ခုနှစ်မှာ စတင်ပြီး ၆ နှစ်ကျော်အကြာ ၁၉၂၃ မှာ ပြီးသွားခဲ့ကာ ဇာဘုရင် ကျဆုံးသွားခဲ့တယ်။
ငါတို့ရဲ့ အနာဂတ်ကို ငါတို့ပဲ ပိုင်တယ်။ ငါတို့မြိုတွေကို ငါတို့ပဲ သိမ်းပိုက်ရမယ်။ တော်လှန်ရေးရဲ့အသက်ဝိဥာဉ်ဟာ ပြည် သူလူထုပဲ။ လူထုဟာ တော်လှန်ရေးကို ဆက်လက်မောင်းနှင်လာခဲ့တယ်။ ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အဲဒီနိုင်ငံကတော်လှန်ရေးကို အဲဒီနိုင်ငံက ပြည်သူလူထုကပဲ လုပ်ဆောင်ကြရတာပါ။ အခြားနိုင်ငံက လာလုပ်ပေးမှာမဟုတ်ဘူးဆိုတာ ငါတို့ ကောင်းကောင်းသိခဲ့ကြတယ်။ ဟေတီနိုင်ငံက လူထုဟာ သူတို့ကိုကျွန်ပြုနေတဲ့ ပြင်သစ်တွေကို ပြန်တော်လှန်ပြီး ၁၂ နှစ်ကျော်အကြာမှာတေ့ာ နိုင်ငံသစ် ထူထောင်နိုင်ခဲ့တယ်။ တောင်နဲ့မြောက် ခွဲခြားခံထားရတဲ့ ဗီယနမ်တွေဟာ တော်လှန် ရေးအောင်မြင်ပြီးတဲ့နောက်မှာတေ့ာ အမေရိကန်နဲ့ အခြားနိုင်ငံတွေဟာ သူ့နိုင်ငံအတွင်းကဆုတ်ခွာပေးခဲ့ရပြီး နိုင်ငံကိုလည်း တစ်ခုတည်းဖြစ်အောင် ပြန်လည်ပေါင်းစည်းနိုင်ခဲ့တယ်။ ဖီဒယ်ကတ်စထရို နဲ့ ချေဂွေဗားရား ဦးဆောင်တဲ့ ကျူးဘားတော်လှန်ရေးဟာလည်း အာဏာရှင် ဘာတစ်စတာအစိုးရကို ဖြုတ်ချနိုင်ခဲ့ကြတယ်။
တော်လှန်ရေးလုပ်နေရင်းနဲ့ ငါတို့ရဲ့စာသင်ကျောင်းတွေ တစ်ခုပြီးတစ်ခု ဗုံးကျဲချခံရတယ်။ စာသင်ကျောင်းထဲက ကလေးငယ်တွေဟာ တချို့က လက်တွေခြေတွေပြတ်၊ တချို့က မျက် လုံးတွေပွင့်ထွက်၊ ဦးခေါင်းတွေပြုတ်ပြီး တချို့ကတေ့ာ သေဆုံးသွားခဲ့ကြတယ်။ တော်လှန်နေတဲ့ကာလအတွင်းမှာပဲ အချို့ မြိုတွေ၊ ရွာတွေ မီးရှို့ခံရပြီး အညာဒေသက မိသားစုအများစုဟာ ကျွဲတွေ နွားတွေ မီးထဲပါသွားသလို နေထိုင်စရာ အိုးအိမ်တွေလည်း ပြာပုံတွေထဲ ပျောက်ကွယ်သွားခဲ့ကြတယ်။ ဆောင်းတွင်းကာလထဲ စစ်ဘေးရှောင်လာရတေ့ာ စောင်ပါမလာလို့ ချမ်းလွန်းလို့သေသွားခဲ့ရတာပါဆိုတဲ့အဖိုးအဖွားအိုတွေဟာ အမှန်တကယ်ရှိလာခဲ့တယ်။ ရန်သူကို လက် နက်ကိုင်တိုက်ရင်းနဲ့ ကျဆုံးသွားခဲ့တဲ့ ကျောင်းသားလူငယ်တွေဟာ ဒီနွေဦးမှာ အများအပြားရှိခဲ့တယ်။ အဲဒါအတွက် စစ်ကိုင်းတိုင်းထဲက အုတ်ဂူနီနီတွေက သက်သေဖြစ်မှာပေါ့။ အသက်နဲ့ဘ၀တွေ ရင်းထားဂြာရတဲ့ လူငယ်တွေကိုကြည့်ရင်း တခါက ကြည့်ခဲ့ဖူးတဲ့ ရောမစစ်ရုပ်ရှင်ကားတစ်ခုကို သတိရမိတယ်၊ ရုပ်ရှင်ထဲမှာ မိန်းမတစ်ယောက်က ပြောတယ် ` ဒီနိုင်ငံမှာ ကျွန်မတို့က သားသမီးတွေကို စစ်ပွဲထဲမှာ သေဖို့ မွေးပေးကြရတာ” တဲ့။ ဒါပေမယ့် ငါတို့ဟာ အံကို ကြိတ်ထားဂြာဆဲ။ လက်သီးကို ဆုပ်ထားဂြာဆဲ။
ကမ္ဘာပေါ်က တော်လှန်ရေးတိုင်းမှာ ဦးဆောင်သူဆိုတာ ရှိပါတယ်။ ဒါပေမယ့် ငါတို့တော် လှန်ရေးကို ဦးဆောင်တာကတော့ ငါတို့ ကိုယ်တိုင်ပဲ။ ပြည်သူလူထုကို ဦးဆောင်နေတာကတေ့ာ ပြည်သူလူထုကိုယ်တိုင်ပဲ။
တချိန်တုန်းကတေ့ာ ငါတို့ဟာ ဦးဆောင်သူကို ရွေးချယ်ခဲ့ဖူးတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင် စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ကို ရွေးချယ်ခဲ့ဖူးတယ်။ သူတို့က ဆန်၊ဆီ၊ဆားနဲ့ဆေးတွေ ၂ ပတ်စာ ၀ယ်စုပါဆိုတေ့ာ ငါတို့ ၀ယ်စုခဲ့ကြတာပေါ့။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တိုက်ကြပါဆိုပြီး ဒီဒေး (D Day) ခေါ်တေ့ာ သူတို့မှာ အစီအစဉ်တစ်ခုခုရှိပုံရတယ်လို့ ငါတို့ တွေးထင်ခဲ့ကြဖူးတယ်။ “အိမ်ပြန်မယ့်နှစ် ၂၀၂၂” ဆိုလို့ ငါတို့ အထုပ်အပိုးတွေ ပြင်ခဲ့ကြဖူးတယ်။ နောက်တော့ “စစ်ခွေးနိဂုံး ၂၀၂၃” လို့ ဆိုလာတဲ့အခါ အောင်ပွဲခံဖို့ ငါတို့စိတ်တွေ တက်ကြွခဲ့ဖူးတယ်။ ၂၀၂၄ ခုနှစ်ထဲ ရောက်တေ့ာ သူတို့ ဘာမှမပြောကတေ့ာတဲ့အခါ ငါတို့ ရယ်မိကြပြီပေါ့။ ငါတို့ ဟားတိုက်ပြီး ရယ်ကြတာပေါ့။ ဒဏ်ရာအသီးအသီး ရနေတဲ့ကြားထဲကနေ သွေးအိုင်ထဲက ဘ၀တွေအတွက် ငါတို့ ရယ်မိကြတာပေါ့။
အဲဒီလိုရယ်ခဲ့မိတာဟာ မမှားဘူးဆိုတာ နောက်တေ့ာ ငါတို့ သိလာခဲ့တယ်။ ငါတို့ ခေါင်းဆောင် တွေဟာ ငါတို့နဲ့အတူတူ ရှိမနေဘူးဆိုတာ နောက်တေ့ာ ပြည်သူလူထုဟာ သိခွင့်ရလာခဲ့တယ်။ အဲဒီတေ့ာ ငါတို့ ထပ်ပြီး ရယ်ကြရပြန်ပြီပေါ့။ သွေးတွေ တဖြန်းဖြန်း ပန်းထွက်နေသလို ငါတို့ အော်အော်ပြီး ရယ်သွမ်းသွေးကြပြီပေါ့။ လွှတ်တော်ဥက္ကဌကလည်း နိုင်ငံ ခြားမှာတဲ့။ ၀န်ကြီးဌာန ၁၇ ခုနဲ့ ဖွဲစည်းထားတဲ့ အစိုးရထဲက ၀န်ကြီးအများစုဟာ နိုင်ငံခြားမှာတဲ့။ အချို့က အမေရိကမှာ။ အချိုက ကနေဒါမှာ။ အချိုက ဥရောပက နိုင်ငံတွေမှာ။ အခုတော ငါတို့ သိသွားခဲ့ကြတာပေါ့၊ တချိန်ကျရင် သူတို့ဟာ အဲဒီနိုင်ငံတွေမှာ နိုင်ငံသားအဖြစ် ခံယူကြမယ်ဆိုတာ။ နတ်ပြည်ရောက်ပြီးသားလူက ငရဲတွင်းထဲကို ဘယ်ပြန်ခုန်ဆင်းမှာလဲ။ လုံခြုံမှု၊ ငြိမ်းချမ်းမှုနဲ့ လွတ်လပ်မှုရှိနေတဲ့ တိုင်းပြည်မှာ နေထိုင်ပြီးသားလူက ဟော့ဒီမှောင်မိုက်နေတဲ့ ဆင်းရဲသားပြည်သူတွေနဲ့ ဘယ်ပြန်လာနေထိုင်ချင်မှာလဲ။ သမိုင်းကို ပြန်ကြည့်တောလည်း ရှေ့ကမျိုး ဆက်တွေလည်း အဲဒီလို လုပ်ခဲ့ကြတာပဲ မဟုတ်လား။
သားသမီးတွေ၊ မိသားစု၀င်တွေကို နိုင်ငံခြားကိုပို့တာကို ငါတို့ အပြစ်မဆိုခဲ့ကြပါဘူး။ အစိုးရတရပ်ရဲ့ တာ၀န်နဲ့ရာထူးတွေ ယူထားတဲ့သူကတေ့ာ နိုင်ငံခြားမှာ ရှိမနေသင့်ဘူးမဟုတ်လား။ ပြည်သူနဲ့အတူ တိုင်းပြည်နဲ့အတူ ရှိနေသင့်တာမဟုတ်လား။ ကမ္ဘာပေါ်က ဘယ်တော်လှန်ရေးမှာမဆို ကိုယ့်တိုင်းပြည်အတွင်းမှာနေပြီးတေ့ာသာ တော်လှန်ရရိုး ထုံးစံပါ။ အဲဒါကြောင့်မို့လို့ပဲ ရုရှားအတိုက်အခံခေါင်းဆောင် အဲလက် နဗန်နီ(Alexie Navalny) ဟာ အဆိပ်ခပ်လုပ်ကြံခံရတာတောင် ဂျာမနီနိုင်ငံမှာ ဆေးကုသပြီး ရုရှားနိုင်ငံထဲ ပြန်၀င်သွားခဲ့တာပေါ့။ အဲဒါကြောင့်မိုလို့ပဲ ကမ္ဘာအရပ်ရပ်က တော်လှန်ရေးသမားတွေဟာ ကိုယ့်နိုင်ငံအတွင်းမှာ နေထိုင်နေကြတာပေါ့။ ပြည်သူနဲ့ အတူနေမှသာ ပြည်သူ့ ဒဏ်ရာအတိမ်အနက်ကို သိမှာပေါ့။ ပြည်သူနဲ့အတူ ဖြတ်သန်းမှသာ ပြည်သူရဲ့ ချစ်ခြင်းမေတ္တာ နဲ ယုံကြည်လေးစားမှုကို ရမှာပေါ့။
နိုင်ငံအတွင်းမှာမရှိတဲ့သူကို အဲဒီနိုင်ငံရဲ့အစိုးရအဖြစ် ဘယ်နိုင်ငံကမှ အသိအမှတ်ပြုရိုး ထုံးစံမရှိပါဘူး။ ဆီးရီးယားနိုင်ငံမှာ အာဆတ်အစိုးရပြုတ်ကျတေ့ာ ပြည်တွင်းမှာ တကယ်ရှိနေတဲ့အဖွဲ (HTS) နဲ့ပဲ နိုင်ငံတကာက အသိအမှတ်ပြု စကားပြောခဲ့တာပါ။ ဆီးရီးယားမှာလည်း စင်ပြိုင် အစိုးရဆိုပြီး ပြည်ပမှနေထိုင်နေတဲ့သူတွေ ရှိပေမယ့် ပြည်တွင်းမှာရှိမနေတဲ့အတွက် သူတို့ကိုအစိုးရအဖြစ် ဘယ်နိုင်ငံကမှ အသိအမှတ်မပြုကြပါဘူး။ အမေရိကနဲ့ဥရောပမှာ နေချင်ရင် အစိုးရခဲ့ရာထူးအာဏာတွေယူမထားနဲ့ပေါ့။ ရာထူးအာဏာတွေယူထားပြီး ကိုယ့်ကိုယ်ကို အစိုးရအဖွဲ၀င်လို့ ယူဆထားရင် ပြည်တွင်းမှာနေထိုင်ရမှာပေါ့။
ငါတိုကတေ့ာ ရယ်ပစ်လိုက်ကြာရုံပဲပေါ့။ ရယ်တာဟာ သူတို့ဟာ အပြစ်ပေးနည်း တမျိုးပဲပေါ့။ တခါက ငါတို့ ဒီလိုပြောခဲ့ကြဖူးတယ်၊ မလွှကုန်းဘူတာရုံက ရထား၀န်ထမ်းတွေ စီဒီအမ်လုပ်တေ့ာ “ အရင်တုန်းက ဆင်သွားရင် လမ်းဖြစ်တယ်၊ အခု မလွှကုန်းသွားရင် လမ်းဖြစ်တယ်” လို့။ အဲဒါကို အနက်ထပ်ချဲ့ရရင် “အရင်က ဆင်သွားရင် လမ်းဖြစ်တယ်၊ အခု တော်လှန်ရေးသွားရင် လမ်းဖြစ်တယ်” လို့။ လမ်းရှိသွားပြီဆိုရင်တေ့ာ နောက်လူတွေအားလုံး သက်တောင့်သက်သာဖြတ်လျှောက်သွားလို ရပြီပေါ့။ လမ်းတစ်ခုရှိသွားပြီဆိုရင်တေ့ာ နိုင်ငံတော်ရဲ့ အနာဂတ်လည်း ချောချောမွေ့မွေ့ လျှောက်လှမ်းလို့ရပြီပေါ့။ အဲဒီလမ်းပေါ်မှာ ကလေးငယ်တွေရဲ့ မျှော်လင့်ချက်တွေ၊ လူငယ်တွေရဲ့ ပညာရေးတွေ၊ လူထုနဲ့ အလုပ် အကိုင်နဲ့ ၀င်ငွေတွေ၊ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ အထွေထွေ၀န်ဆောင်မှုတွေဟာ လုံခြုံချမ်းမြေ့စွာ လျှောက်လှမ်း ရှင်သန်နိုင်ပြီပေါ့။ အဲဒီလမ်းပေါ်မှာ အာဏာသိမ်းမှ ထပ်မဖြစ်ပေါ်အောင်၊ အဲဒီလမ်းပေါ်မှာ လူ ထုဆန္ဒကိုအဓိကထားတဲ့ အခြေခံဥပဒေကို ခိုင်မာစွာတည်ရှိနေအောင်၊ လူတစ်ယောက် (သို့) အဖွဲ့တစ်ခုတည်းရဲ့လက်ထဲမှာ အာဏာကို အချိန်အကြာကြီး တည်ရှိမနေအောင်၊ အဲဒီလမ်းပေါ်မှာ ပြည်သူလူထုရဲ့ အသံကို အုပ်ချုပ်သူတွေက
နားစွင့်တတ်၊ လေးစားတတ်၊ ဖြည့်ဆည်းပေးတတ်အောင် တည်ဆောက်ကြရမှာပေါ့။
ဒါပေမယ့် အဲဒီလမ်းကို ငါတို့က အခုမှ ထွင်တုန်း။ အဲဒီလမ်းကို အခုမှ ဖောက်တုန်း။ လမ်းဟာ မပြီးသေး။ ဗုံးကြဲချတဲ့ လေယာဉ်တွေကို မော့ကြည့်ရင်း လမ်းကိုဖောက်နေကြာဆဲ။ မီးရှို့ခံရတဲ့ပြာပုံတွေကို လှမ်းငေးရင်း လမ်းကို ထွင်နေဆဲ။ တော်လှန်းရေးဟာ လမ်းမပဲ။ လမ်းရဲ့အပေါ်မှာ လေးစား၊ လမ်းရဲ့အပေါ်မှာ ယုံကြည်၊ လမ်းနဲ့အတူရှိနေသူများကိုသာ သမိုင်းက မှတ်တမ်းကောင်း ရေးထိုးပေးမှာဖြစ်ပါတယ်။ လမ်းရဲ့အပေါ်မှာ မလေးစားကြသူများကို သမိုင်းရဲ့အမှိုက်ပုံပေါ် ပြုတ်ကျသွားအောင် လမ်းက လှုပ်ချပါလိမ့်မယ်။ လမ်းတွေမှာ အသက်ရှိပါတယ်။ လမ်းတွေမှာ ဝိဉာဉ်ရှိပါတယ်။ လမ်းတွေမှာ အသံရှိပါတယ်။ လမ်းတွေမှာ နှလုံးသားရှိပါတယ်။ ရိုးသားမှန်ကန်သူ၊ သစ္စာခိုင်မြဲခဲ့သူများကိုသာ လမ်းမဲ့လက် မောင်းသားပေါ်မှာ နာမည်ကောင်းများ ရေးထိုးခွင့်ရမှာဖြစ်ပါတယ်။
လမ်းမှားခဲ့သူများအတွက် လမ်းဟာ တာ၀န်မယူ။ လမ်းလွဲခဲ့သူများအတွက် လမ်းမှာ တာ၀န်မရှိ။ တော်လှန်ရေးတည်းဟူ သော လမ်းပေါ်မှာ ပြည်သူနဲ့အတူ မရှိခဲ့သူများအတွက်တေ့ာ လမ်းမှာ အပြစ်မရှိပါဘူး။ မှန်ကန်တဲ့လမ်းကို မရွေးချယ်ခဲ့သူများ၊ လမ်းကို မှန်ကန်စွာ မသိမမြင်ခဲ့သူများအတွက် ကဗျာဆရာဖော်ဝေး ရဲ့ 'သုံးကြိမ်မြောက် လမ်းခမောင်းခတ်ခြင်း´ ဆိုတဲ့ ကဗျာထဲက စာသားတစ်ခုကို သတိရမိပါရဲ့၊ “ဟဲ့ အကန်း၊ လမ်းက ဒီမှာ” တဲ့။ ။
ယင်းချောင်းသား
ဇန်နဝါရီ၊၁၈၊၂၀၂၅
-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar