ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ပလ္လင်နဲ့ ခွေးခြေ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ပလ္လင်နဲ့ ခွေးခြေ
(မိုးမခ) ဇန်နဝါရီ ၁၄ ၊ ၂၀၂၅
စစ်အုပ်စုက စကားပြောရင် သူတို့ကိုယ်သူတို့ "နိုင်ငံတော်" နေရာမှာ ထားတယ်။ သူတို့ဟာ သူတို့မဟုတ်ဘူးပေါ့။ လူယုတ်မာတွေ မဟုတ်ဘူးပေါ့။ လူသတ်သမားတွေ မဟုတ်ဘူးပေါ့။ နိုင်ငံတော်ပါပေါ့။ သတ်သမျှ ဖြတ်သမျှ လုသမျှ တိုက်သမျှ ထုတ်သမျှ လုပ်သမျှ နိုင်ငံတော်အတွက်ပါပေါ့။ အဲဒါကြောင့် သူတို့လုပ်တာကို ဆန့်ကျင်တာမှန်သမျှ နိုင်ငံတော်ဆန့်ကျင်မှု ဖြစ်သွားပြီး သူတို့လုပ်သမျှက ဥပဒေနဲ့အညီ ဖြစ်သွားရော။ အုပ်ချုပ်သူကို နိုင်ငံတော်အဖြစ် သတ်မှတ်တဲ့ကိစ္စလဲ ဒီတော်လှန်ရေးကစ ရပ်မှ ဖြစ်မယ်။ နောက်ရေးမယ့် ခြေဥပဲ ဖြစ်ဖြစ်၊ လက်ဥပဲ ဖြစ်ဖြစ် အဲဒါမျိုးစာလုံးတွေ မပါမှ ဖြစ်မယ်။ ဘယ်အုပ်ချုပ်သူ မအေဘေးမှ နိုင်ငံတော် မဖြစ်ရ။ ဘယ်လဒမှ နိုင်ငံတော် မဟုတ်၊ လဒသည် လဒသာဖြစ်သည်ဆိုတဲ့ ဥပဒေမျိုး ရေးမှ ဖြစ်မယ်။
အဲဒီသဘောထားနဲ့ စစ်တပ်က လက်နက်ကိုင် လူသတ်ရင် နိုင်ငံ့ဝန်ထမ်းတာဖြစ်ပြီး နိုင်ငံ့ဖွံ့ဖြိုးရေး ငြိမ်းချမ်းရေးအတွက် တခြားသူတွေက လက်နက်ချကြပါ ဖြစ်လာတာပေါ့လေ။ လက်နက်မကိုင်ရပါပေါ့။ တခြားသူတွေ လက်နက်ကိုင် ခုခံတာဟာ ပြစ်မှုကျူးလွန်တာဖြစ်ပြီး သူတို့ထင်သလိုသတ်ဖြတ်နှိပ်စက် ဖျက်ဆီး မီးတိုက်ထားသမျှအတွက်တော့ ဘာမှ တာဝန်ခံစရာမလိုဘူးပေါ့လေ။
လက်ရှိ စစ်အုပ်စုက သူတို့ဟာ နိုင်ငံတော်မဟုတ်ပါဘူးဆိုတာ လက်မခံသ၍ ဘာမှဆွေးနွေးလို့ရမယ်မဟုတ်။ တရားမျှတတဲ့ ဆွေးနွေးမှုဖြစ်စရာ မရှိ။ ဘာတာဝန်ယူ တာဝန်ခံမှုမှလဲ ရှိမှာမဟုတ်။ အဲတော့ ငွေဆောင်လဲ ဘာမှမဟုတ်၊ ချောင်းသာလဲ အာလူးဖုတ်တာ သက်သက်၊ ပုဇွန်တောင်ချောင်းလဲ အာပလာ၊ ငမိုးရိပ်လဲ လဘာဂျာ၊ အာဆီယံလဲ ပြာတာ၊ ပေါက်ဖော်လဲ လျှောက်အော်တာဘဲဖြစ်မမှာလေ။ စကားပြောလို့မရရင် ဓားကြောပြကြရတာဘဲလေ။ သူများကို သတ်လို့ရရင် သူများကလဲ ပြန်သတ်လို့ရတယ်ဆိုတာ ပြရမှာမဟုတ်လား။ ကိုယ်မောင်းပြန်ကိုင်ပစ်လို့ရရင် သူများလို မောင်းပြန်ကိုင် ပစ်လို့ ရရမှာပေါ့။ ပါးစပ်နဲ့ ဆွေးနွေးဖို့ လက်နက်ချရမယ်ဆိုရင် အတူတူချရမယ်လေ။ တယောက်က သေနတ်နဲ့၊ တယောက်က ပါးစပ်နဲ့ပဲ ပြောလို့မရဘူးလေ။ ဘယ်နည်းမှန်လမ်းမှန်ဖြစ်မလဲ။ ပြည်သူကို ထင်သလို သတ်ဖြတ်၊ တိုင်းပြည်ကို အလုံးစုံဖျက်ဆီးနေတဲ့စစ်အုပ်စုဟာ နိုင်ငံတော်ဖြစ်ဖို့ထား၊ နိုင်ငံ့ဝန်ထမ်းမျှပင် မဟုတ်တော့။ ဘယ်သူကိုမှ နိုင်ငံကာကွယ်ရေးဝန်ကို ထမ်းနေတယ်လို့ မသတ်မှတ်တော့။ နေရာပေးမထားတော့။ လက်နက်နဲ့အနိုင်အထက်ပြု မတရားချုပ်ကိုင်ထားတဲ့ လူသတ် ဓားပြရာဇဝတ်ဂိုဏ်းအဖြစ် သဘောထားပြီးသား။ ဆုံးဖြတ်ပြီးသား။ ရာဇဝတ်သားက နိုင်ငံတော် နေရာဝင်ယူလို့မရဘူး။ အဲဒါကြောင့် အနိုင်တိုက်ရတယ်။ မတိုက်နိုင်ရင် တန်းတူဆွေးနွေးရမယ်။ ဆွေးနွေးတာကလဲ နိုင်ငံတော်မှာ တစုံတရာတာဝန်ရှိသူမို့၊ တာဝန်ခွဲဝေယူဖို့ ဆွေးနွေးမှာမဟုတ်သလို နိုင်ငံရေးပြဿနာအဖြေရှာဖို့ ဆွေးနွေးတာလဲ မဟုတ်ဘူး။ နိုင်ငံရေးပြဿနာအဖြေရှာရမယ့် အထဲမှာကို လက်ရှိ စစ်အုပ်စုက ပါဝင်ရမယ့်သူတွေ မဟုတ်ဘူး။ သူတို့ဟာ ရာဇဝတ်သားတွေသာ ဖြစ်တယ်။ သတ်ထား ဖျက်ဆီးထားသမျှတွေကို ဘယ်အတိုင်းအတာထိ တာဝန်ယူမလဲ၊ ဘယ်လို တာဝန်ယူပြီး ဒီရာဇဝတ်တပ်ဂိုဏ်းကိုဖျက်သိမ်းမလဲ၊ ဘယ်ပြစ်မှုအတွက် ဘယ်သူတွေက အပြစ်ဒဏ်ခံမလဲဆိုတဲ့ အပိုင်းသာ ဆွေးနွေးစရာ ရှိတယ်။ စစ်ရာဇဝတ်သားကို နိုင်ငံရေးရာထူး ယူထားသလို ဟန်ဆောင်လို့မရဘူးလေ။
ဒီစစ်ရာဇဝတ်အုပ်စုဟာ နိုင်ငံရေးကိစ္စ ဝင်ပြောစရာ ဘာထိုက်တန်မှုမှမရှိဘူး။ အထူးသဖြင့် ရွေးကောက်ပွဲကိစ္စတွေ ပြောနေတာဟာ နံ့သာခွက်ထဲ ချေးကျသလိုဘဲ။ ပြည်သူ့ဆန္ဒဟာ ဥပဒေပဲ။ ပြည်သူက ဒီစစ်အုပ်စုကို ချေးထက်ရွံပြီးသား ဖြစ်တယ်။ လူနေရာမှာတောင် မထားတော့ဘဲ ခွေးနေရာပို့ထားပြီးသား ဖြစ်တယ်။ ခွေးနဲ့ ရွေးကောက်ပွဲ ဘာဆိုင်မတုန်း။ ခွေးက လူ့ကိစ္စ စီစဉ်စရာလား။ ခွေးဟာ ခွေးနေရာ ခွေးကတက်မှာဘဲနေရမှာလေ။ ခွေးဟာ အူတာနဲ့ ဟောင်တာကလွဲ စာလဲမရှိ စကားလဲမရှိ၊ ဆိုတော့ ဘာယဉ်ကျေးမှုမှလဲ မရှိဘူးလေ။ ဘယ်လိုလုပ် တိုင်းရေးပြည်ရာသိမှာတုန်း။ မသိလို့ ဒီခွေးအုပ်စုအောက်က တိုင်းပြည်ဟာ ဘာကိစ္စနေနေ အောက်တန်းနောက်တန်းကျနေရတာပေါ့။ လူရောင်သူရောင် မပြောင်တာပေါ့။ လူနံ့သူနံ့ မထွက် ခွေးနံ့ စွဲနေတာပေါ့။ ခွေးသေးပန်းဘဲ ပွင့်နေတာပေါ့။ ခွေးသန်းတွေပဲ တဖွားဖွား ပွားနေတာပေါ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar