ခိုင်ခိုင်စောလွင် - နာရီ၊ မိနစ်များကို ရွှေ့သွားခဲ့ကြသူတွေ
ခိုင်ခိုင်စောလွင် - နာရီ၊ မိနစ်များကို ရွှေ့သွားခဲ့ကြသူတွေ
မိုးမခ ၊ မေ ၉ ၊ ၂၀၂၆
မြန်မာလူလတ်တန်းစားများက ချင်းမိုင်စီးပွားရေးကို မောင်းနှင်နေဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီးတဲ့အခါ လွန်ခဲ့တဲ့ (၁၀) နှစ်ခန့် ၂၀၁၅ ခုနှစ်က ထိုင်းသတင်းစာပါ ကာတွန်းတစ်ကွက်ကို ပြန်မြင်မိတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးယန္တရားလို့ ရေးထားတဲ့ ဆုံလည်ကြီးတစ်ခု၊ အဲဒီမှာ မောင်းတံတွေပါတယ်။ အဲဒီမောင်းတံတွေကို ဝိုင်းတွန်းပေးနေကြတဲ့ လူတွေပုံမှာ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာအလုပ်သမားဆိုပြီး နာမည်တပ်ထားတယ်။ အဲဒီ ၂၀၁၅ ခုနှစ်မှာ ထိုင်းအစိုးရထုတ်ပြန်လိုက်တဲ့ စာရင်းအရ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား ငါးသန်းနီးပါးရှိပြီး ဒီထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားက သုံးသန်းနီးပါးရှိတယ်လို့ ဆိုထားတော့ မြန်မာက အများဆုံးပါတာပေါ့။
အဲဒီကာတွန်း ထွက်လာတာကလည်း အကြောင်းရှိတယ်။ ၂၀၁၄ ခုနှစ်မှာ ကာကွယ်ရေးဦးစီးချုပ် ပရာယွတ်ချန်အိုချာက ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ထံကနေ အာဏာသိမ်းလိုက်တယ်။ အာဏာသိမ်းအစိုးရရဲ့ ဝန်ကြီးချုပ်ဖြစ်ပြီးမကြာ ၂၀၁၅ ခုနှစ် နှစ်ဆန်းမှာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူတွေနဲ့ တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို စီမံချက်ချ ဖမ်းဆီးပါတော့တယ်။ အလုပ်သမားတန်းလျားတွေနဲ့ အလုပ်သမားတွေ အများဆုံးနေထိုင်တဲ့ ရပ်ကွက်တွေထဲအထိ ဝင်ဖမ်းပြီး နယ်စပ်တွေကနေ ပြန်ပို့တယ်။ ထိုင်းအစိုးရက တရားဝင် MOU နဲ့ ပြန်လာကြဖို့ မိန့်ခွန်းခြွေတယ်။ တချို့လည်း အဖမ်းခံရမှာ စိုးရိမ်ပြီး ပြန်ကြတာမှာ အုံလိုက်ကျင်းလိုက် ဖြစ်ကုန်ရော၊ ဒီမှာတင် ထိုင်းလုပ်ငန်းရှင်တွေထံက မကျေနပ်သံတွေ ထွက်လာတယ်။ ထိုင်းမှာက အောက်ခြေသိမ်းအလုပ်မှန်သမျှ ပြည်ပက အလုပ်သမားတွေကို မှီခိုနေရတာ၊ ဒီလူတွေမရှိလို့ မဖြစ်ဘူး။ အဲဒီမှာ တိုင်းပြည်အရေးဆိုရင် အချိန်မဆိုင်း ဖတ်ခနဲ ရှေ့ကထွက်လာတတ်တဲ့ ကာတွန်းဆရာတွေ လက်စွမ်းပြကြတာပေါ့။ ခုပြောတဲ့ ကာတွန်းကွက်က တော်တော်လေး လှုပ်ခတ်သွားပြီး ထိရောက်မှုရှိသွားတယ်။
အာဏာသိမ်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ အလုပ်သမားရေးဆိုင်ရာ အဖွဲ့အစည်းတွေ ဆွေးနွေးကြပြီး “ရွှေ့ပြောင်းအလုပ်သမားတွေ မပြန်ကြပါနဲ့၊ တရားဝင်ဖြစ်အောင် အထောက်အထားလုပ်ပေးမယ်၊ မလုပ်ရင်တော့ အလုပ်ရှင်ကိုပါ ဒဏ်တပ်မယ်” ဆိုကာ One Stop Service နဲ့ အချိန်တိုအတွင်း ပြီးအောင် လုပ်ပေးတယ်။ အဲဒါ အခုခေါ်နေကြတဲ့ “ပန်းရောင်ကတ်” (Non-Thai Citizen Card) စပေါ်လာတာဖြစ်တယ်။ အဲဒီကတ်နဲ့အတူ အလုပ်လုပ်ခွင့်ကတ် (Work permit) ပါ တစ်ပါတည်း ထုတ်ပေးတာ။ ဒီအကြောင်းကို ပြန်ပြောတာ အကြောင်းရှိတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်သား အရွယ်သုံးပါး ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာအနှံ့ကို ထွက်ခွာသွားကြတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ခုဆိုရင် ၂၀၁၅ ခုနှစ် စာရင်းရဲ့ နှစ်ဆနီးပါး ရောက်ရှိနေထိုင်ကြတယ်။ အရင်ကာလတွေက ထိုင်းနိုင်ငံရဲ့ အောက်ခြေသိမ်းအလုပ်တွေ လုပ်ကြသူများပေမဲ့ မင်းအောင်လှိုင် အာဏာသိမ်းလိုက်တာမှာ လူတန်းစားပေါင်းစုံ ရောက်ရှိနေထိုင်ကြတယ်။ ကိုယ်တိုင် မြင်တွေ့နေရတာမှာ ရင်ခွင်ပိုက်ကနေ ဝှီးချဲလ်နဲ့ သွားလာနေရတဲ့ သက်ကြီးရွယ်အိုအထိ နေထိုင်ကြတယ်။ တရားဝင် လာရောက်နေထိုင်သူတွေ ဖြစ်ကြတယ်။
ထုံးစံအတိုင်း ထိုင်းက ဗီဇာနဲ့ ငွေရှာတဲ့နိုင်ငံဖြစ်တဲ့အတွက် ဗီဇာမျိုးစုံ ပေါ်လာတယ်။ တကယ်ကျောင်းတက်ပြီးရတဲ့ ကျောင်းဗီဇာ ED Plus၊ ဗီဇာအတွက် ဖွင့်ထားတဲ့ကျောင်း Language School မှာ ယူတဲ့ ED Visa၊ Remote Job အတွက် ပေးတဲ့ DTV Visa၊ အသက်ငါးဆယ်ကျော်တွေ ယူလို့ရတဲ့ Retirement Visa၊ ကလေးကို ကျောင်းထားပြီး မိဘကရတဲ့ အုပ်ထိန်းသူဗီဇာ၊ မှီခိုဗီဇာ၊ စီးပွားရေးလုပ်ငန်းအတွက် Business Visa စသဖြင့် စုံလင်လှတယ်။ ဗီဇာ (နေထိုင်ခွင့်) အတွက် ငွေကြေးကုန်ကျတာတွေ များလှတယ်။ အမှန်တကယ် အလုပ်လုပ်ပြီး ယူထားသူတွေက ပြဿနာမရှိပေမဲ့ စစ်မှုထမ်းရှောင်ဖို့ အိမ်က ငွေအကုန်အကျခံကာ လွှတ်လိုက်သူတွေ၊ နိုင်ငံရေးပုဒ်မတွေကြောင့် ရှောင်ရှားထွက်လာရသူတွေနဲ့ စစ်ဘေးစစ်ရှောင်မျိုးစုံ သောကတွေနဲ့ ထွက်လာရသူတွေအဖို့ နှစ်ကြာလာတဲ့အခါ ဗီဇာကြေးတွေ မတတ်နိုင်တာရယ်၊ စာအုပ်သက်တမ်းတိုးမရတာတွေကြောင့်ရယ် ဈေးသက်သာတဲ့ အဆိုပါ ပန်းရောင်ကတ်ဆီ ပြောင်းကြရတယ်။
ပန်းရောင်ကတ်လုပ်ပေးတဲ့ နေရာမှာ အရွယ်ကောင်း ပညာတတ်လူငယ်တွေက အလုပ်သမားအရေအတွက်ထက်တောင် ပိုလို့ များနေသေးတယ်။ တတ်နိုင်သူတွေကတော့ ဆက်လက်ချီတက်ဆဲပေါ့။ သတင်းဆောင်းပါးမှာပါတဲ့ ချင်းမိုင်စီးပွားရေးကို မောင်းနှင်နေတဲ့ မြန်မာလူလတ်တန်းစားတွေဆိုတာလည်း တော်တော်များပါတယ်။ သူတို့ကတော့ မြန်မာပြည်ကို ပြန်ပြီး ငွေပို့စရာလည်း မလို၊ ချင်းမိုင်မှာပဲ နေရေးထိုင်ရေး စားသောက်ရေးအတွက် သုံးစွဲကြတယ်။ အလုပ်သမားတွေလည်း ဒီလိုပါပဲ။ တချို့ဆိုရင် အနှစ် (၂၀) နီးပါး နေထိုင်ကြတာ ဆွေမျိုးတွေပါ လာရောက်နေထိုင်ရင်း ကိုယ်တိုင်လည်း မိသားစုတွေရ၊ ပြန်စရာအိမ်လည်း မရှိတဲ့အခါ၊ အခြေအနေအရ ပြန်လို့လည်း မဖြစ်တော့တဲ့အခါ ထိုင်းမှာပဲ နေထိုင်ကြတယ်။ အိမ်လခ၊ ရေခ၊ မီးခ ထိုင်းနိုင်ငံဆီပဲ စီးဝင်ပြီး အစားအသောက်အတွက်လည်း ဒီနိုင်ငံထဲ ပြန်ရောက်သွားတာပါပဲ။
မင်းအောင်လှိုင် အာဏာသိမ်းပြီးကာစ ၂၀၂၁-၂၂ မှာ ပြည်သူတွေ ထိုင်းဘက် ပြေးရှောင်ကြတဲ့အခါ အဖမ်းခံရသူတွေထဲ ကလေးငယ်တွေနဲ့ မိသားစုတွေ ပါလာတဲ့အခါ ထိုင်းဘက်က ဝန်ထမ်းတစ်ယောက်က သနားကရုဏာသက်ပြီး နယ်စပ်တံတားထိပ်ကနေ မြန်မာဘက်လှမ်းကြည့်ပြီး မင်းအောင်လှိုင် (မအလ) လို့ မြန်မာလို ဆဲတာ နားနဲ့ဆတ်ဆတ် ကြားဖူးတယ်။ ခုများတော့ ထိုင်းဘက်ကနေ မင်းအောင်လှိုင် အဘကျေးဇူးလို့များ ရွတ်နေမလား မဆိုနိုင်။
ကိုဗစ်ရဲ့ ရိုက်ခတ်မှုကြောင့် စီးပွားရေးကျဆင်းတာကို ထိုင်းနိုင်ငံလည်း ခံရတာပဲ။ ဒါပေမဲ့ မင်းအောင်လှိုင်ကြောင့် ထိုင်းဘက်ကို ရောက်လာကြတဲ့ မြန်မာပြည်သားတွေကြောင့် သူတို့ရဲ့ လွတ်နေတဲ့အိမ်တွေ ငှားရတယ်။ မရောင်းရတဲ့ဈေးတွေ စည်လာတယ်။ အထူးသဖြင့် နယ်စပ်မြို့တွေဖြစ်ပြီး မြန်မာတွေ အနေများရာ၊ အဖွဲ့အစည်းတွေ အခြေချရာ မဲဆောက်၊ ချင်းမိုင်မှာ ၂၀၁၅ ခုနှစ် နောက်ပိုင်း တိတ်ဆိတ်သွားရာက ပြန်ပြီး အသက်ဝင်လာကြတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးယန္တရားကို မြန်မာပြည်သားတွေရဲ့ အားနဲ့ ပြန်လည်သက်ဝင်လာတော့တယ်။
၂၀၁၅-၂၀ မှာ ပြည်တွင်းကို ပြန်ဝင်ကြတဲ့ မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားအပါအဝင်၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်တွေ ရှိသလို အခြေအနေစောင့်ကြည့်ပြီး ၂၀၂၀ မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထပ်မံအနိုင်ရရှိပါက ကိုယ့်တိုင်းပြည်ကို ပြန်ပြီး ရင်းနှီးမြှုပ်နှံ အခြေချမယ်ဆိုကာ ပြင်ဆင်ထားသူတွေ အထုပ်ပိုက်ပြီး ထိုင်းနိုင်ငံ စီးပွားရေးထဲ ဝင်ရောက်သွားကြရတာ အများကြီး တွေ့ရတယ်။
တွေ့ဖူးတဲ့သူတွေဆို တောင်ကိုရီးယား၊ စင်ကာပူ၊ ဂျပန်တို့မှာ လေး ငါး ဆယ်နှစ် အလုပ်လုပ်ပြီး တိုင်းပြည်ကို ပြန်ကြမယ်ဆိုသူတွေ၊ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနဲ့လည်း နီးစပ်ပြီး မြန်မာ့အငွေ့အသက်တွေ ရနိုင်တဲ့ ထိုင်းနိုင်ငံ ချင်းမိုင်ဆီ ရောက်သွားကြတယ်။ မြန်မာပြည်နဲ့ နယ်နိမိတ်ချင်း ထိစပ်ပြီး ရေမြေသဘာဝတူကာ ကိုယ့်ပြည်က အစားအသောက်တွေပါ လက်လှမ်းမီကာ ရနိုင်တဲ့ ချင်းမိုင်မြို့မှာ နေကြတော့တယ်။ အိမ်နားမှာရှိတဲ့ International School မှာ အရင်က ကျောင်းသား တစ်ထောင်ပင် မပြည့်ရာက မြန်မာပြည်က ရွှေ့ပြောင်းလာကြတဲ့ လူလတ်တန်းစားအပါအဝင် ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ တက်ရောက်ကြတာမှာ မနှစ်က ၂၀၂၅ ခုနှစ်မှာ ကျောင်းသား (၃,၀၀၀) နီးပါး တက်ရောက်နေကြပြီ ဖြစ်တယ်။
သက်ကြီးရွယ်အိုတွေပါ အခြေချနေထိုင်လာကြတာကတော့ မိသားစုအတော်များများမှာ သားသမီးတွေက မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ဒူဘိုင်း၊ အမေရိကန်ပြည်ထောင်စု စတဲ့ အခြားတိုင်းပြည်တွေမှာ အလုပ်လုပ်ကိုင်နေရာက မိဘတွေကို မြန်မာပြည်မှာ ပူအိုက် မီးပြတ်နဲ့ ဆိုးရွားလှတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် စိုးရိမ်စရာ အခြေအနေတွေကြောင့် လူကြီးတွေအတွက် နေရအဆင်ပြေစေတဲ့ ချင်းမိုင်မှာ နေထိုင်စေကာ ငွေကြေးပံ့ပိုးတာ လုပ်ပေးတယ်။ မြန်မာပြည်ကို စီးဆင်းရမှာမှန်သမျှ ထိုင်းကို စီးဆင်းတယ်။ ဆေးရုံမှာ အကူသူနာပြုလုပ်နေတဲ့ အသိတစ်ယောက် ပြောပြတာ ဆေးရုံစရိတ် ဘတ်လေးသိန်း ရှင်းသွားတဲ့ မြန်မာသူဌေး ရှိသတဲ့။
ချင်းမိုင်မှာ ရောက်ရှိနေထိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား၊ ကလေးသူငယ်ကနေ သက်ကြီးရွယ်အိုအထိ ကိုယ့်ရဲ့ ဇာတိမြေကို စွန့်ခွာကာ ဇာတိမြေနဲ့ အနီးဆုံး၊ အချိန်အားဖြင့် နာရီဝက် (မိနစ်သုံးဆယ်) စောတဲ့ဆီ နေထိုင်ကြရတယ်။ အလားတူပဲ နိုင်ငံအသီးသီးကို ရောက်သွားသူတွေဟာ ကိုယ့်နိုင်ငံက ခွာပြီဆိုကတည်းက အချိန်ကိန်းဂဏန်းတွေကို အသီးသီး အကာလ ရွှေ့ကြရပါရောလား။ တစ်ချိန်ချိန်မှာတော့ ဒီအချိန်ကိန်းဂဏန်းတွေကို ပြန်ပြောင်းခွင့်ရကြပါစေ၊ ငွေနဲ့ဆက်ကာ နေခွင့်ယူကြရတဲ့ သူ့မြေကနေ တစ်ချိန်ချိန်မှာတော့ အချိန်ကိန်းဂဏန်းတွေကို ပြန်ပြောင်းခွင့်ရကြပါစေ၊ ကိုယ့်မြေပေါ်က ယန္တရားကို ကိုယ်တိုင်မောင်းနှင်ခွင့် ရကြပါစေ သားရယ်လို့သာ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar