အိန္ဒိယစစ်တပ် နဲ့ အာဏာသိမ်းစစ်တပ်တို့တွေ့ဆုံ
မြန်မာနွေဦးခရိုနီကယ် - မေ ၅ မြင်ကွင်း
(မိုးမခ) မေ ၆ ၊ ၂၀၂၆
အိန္ဒိယစစ်တပ်နဲ့ အာဏာသိမ်းစစ်တပ်တို့ တွေ့ဆုံ
မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်းနဲ့ နိုင်ငံနယ်နိမိတ် ထိစပ်နေတဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံလည်း ဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ရေတပ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ်ကြီး ဒီနေရှ်ကေ ထရီပါသီ နဲ့ မြန်မာစစ်တပ်က တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ နေပြည်တော်မှာ မေလ ၄ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။
မြန်မာနိုင်ငံကို တရားဝင် ခရီးစဥ်အနေနဲ့လာရောက်တဲ့ အိန္ဒိယ ရေတပ်ဦးစီးချုပ်ဟာ နေပြည်တော်မှာ မကြာသေးခင်က တပ်ချုပ်ဖြစ်လာတဲ့ ရဲဝင်းဦးနဲ့ တွေ့ဆုံစဥ် ဒေသတွင်း တည်ငြိမ်မှုနဲ့ လုံခြုံရေးမြှင့်တင်ဖို့ နှစ်နိုင်ငံကာကွယ်ရေးဆောင်ရွက်မှုတွေကို မဟာဗျူဟာအဆင့်ထိ သက်ရောက်မှုရှိဖို့ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံဘက်က ကြေညာခဲ့ပြီး မြန်မာစစ်အစိုးရဘက်က ထုတ်ပြန်ရာမှာတော့ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသအတွင်း လက်နက်ကိုင်တပ်တွေ မရှိဖို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ ဆွေးနွေးတယ်လို့ ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ နယ်နိမိတ်ထိစပ်တဲ့ဒေသတွေမှာ မြန်မာနိုင်ငံဘက်က ဘယ်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေ ရှိနေကြသလဲ၊ ဘယ်ဒေသတွေလဲလို့ ဆိုရင် အိန္ဒိယ နယ်စပ်တောင်ဘက် အစွန်းဆုံးမှာ လက်ရှိ Arakan Army က ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ ဒေသဖြစ်ပြီး လက်ရှိ ရခိုင်ပြည်နယ်-အိန္ဒိယ အကြား နယ်စပ်ကုန်သွယ်မှု တချို့ လုပ်ကိုင်နေတဲ့ ဒေသဖြစ်ပါတယ်။ အဲဒီနောက် မြောက်ဘက်ကို ဆက်ကြည့်မယ်ဆိုရင် ချင်းပြည်နယ်နဲ့ တောက်လျှောက် ထိစပ်နေပြီး အိန္ဒိယနိုင်ငံဘက်က မီဇိုရမ်ပြည်နယ်၊ မဏိပူရ်ပြည်နယ်၊ အရုချာပရာဒက်ရှ် ပြည်နယ်တွေ ဖြစ်ပါတယ်။ မြန်မာဘက်က ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နဲ့ မြောက်ဘက်ဆုံးမှာ ကချင်ပြည်နယ်တို့နဲ့ ထိစပ်နေတာဖြစ်ပါတယ်။ အဓိက အားဖြင့် နှစ်နိုင်ငံ လူထု ကူးလူးဆက်ဆံမှုနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ ဟိုဘက်သည်ဘက် ရှိနေကြတာက ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်ပါတယ်။
လက်ရှိအချိန်မှာ AA လက်နက်ကိုင် တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ပလက်ဝ ဒေသကနေ ကုလားတန်မြစ်ကြောင်းအတိုင်းရေကြောင်း ပို့ဆောင်ရေးနဲ့ ကုန်းတွင်းပိတ် မီဇီုရမ် ဒေသကနေ ဘင်္ဂလားပင်လယ်အော်ကို ထွက်ပေါက်ဖြစ်တဲ့ ကုလားတန် စီမံကိန်းကလည်း ရခိုင်ပြည်နယ်ကို ဖြတ်သန်းသွားတဲ့ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား စီမံကိန်းတခု ဖြစ်ပါတယ်။
အိန္ဒိယ နိုင်ငံအနေနဲ့ ဒေသတွင်းမှာ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်တို့နဲ့ ဆက်ဆံရေးက အပြန်အလှန်သတိကြီးစွာထား ဆက်ဆံကြတဲ့ ဆက်ဆံရေးမျိုး ဖြစ်ပြီး မြန်မာနိုင်ငံနဲ့ အကြားမှာတော့ မြန်မာဘက်က အုပ်ချုပ်တဲ့ အစိုးရ နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး အစဥ်တစိုက် ရှိခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် အုပ်ချုပ်နေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ သံတမန်ရေး အဆက်အသွယ် ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံလောက် မြန်မာစစ်တပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး မဟုတ်သည့်တိုင် စစ်တပ်အချင်းချင်း ဆက်ဆံရေး၊ သံတမန် ဆက်ဆံရေး စဥ်ဆက်မပြတ်ရှိနေခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် နဲ့ ချင်းပြည်နယ် အကြားမှာတော့ ကြီးမားတဲ့ ပဋိပက္ခလိုမျိုး မရှိကြပေမယ့် စစ်ကိုင်းတိုင်း အထက်ပိုင်း မဏိပူရ် ပြည်နယ်၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ မဏိပူရ်ပြည်နယ်ဘက်က စစ်တပ် အနေနဲ့ နှစ်နိုင်ငံ ဆက်စပ်နေတဲ့ နာဂအမျိုးသား လက်နက်ကိုင်သူပုန်တွေနဲ့ပတ်သက်ပြီး အစဥ်အမြဲသတိကြီးစွာစောင့်ကြည့်နေတဲ့ဒေသတွေ ဖြစ်ပါတယ်။ မီဇိုရမ်ပြည် နယ်က မီဇိုးလူမျိုးတွေနဲ့ ချင်းပြည်နယ်က ချင်းလူမျိုးတွေ မျိုးနွယ် ဘာသာစကားတူညီကြတဲ့ အချက်တွေ၊ မီဇိုရမ်ပြည်နယ်မှာ နကိုကတည်းက လက်နက်ကိုင် ပဋိပက္ခ မရှိတဲ့အချက်တွေက ချင်းပြည် နယ်နဲ့ မီဇိုရမ်ပြည်နယ် အကြားကြီးကြီးမားမား ပြဿနာမရှိကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်ရဲ့ မြောက်ဘက် မဏိပူရ်မှာတော့ နှစ်နိုင်ငံလုံးမှာ နေထိုင်ကြတဲ့ နာဂလူမျိုးတွေရဲ့ လက်နက်ကိုင် အဖွဲ့နဲ့ အိန္ဒိယ အစိုးရတပ်တွေအကြား ပဋိပက္ခတွေကြောင့် နှစ်နိုင်ငံစစ်တပ်အကြား လုံခြုံရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ စစ်အာဏာမသိမ်းမီကတည်းက ရှိနှင့်နေတာ ဖြစ်ပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေခြင်းဟာ နယ်စပ်ဒေသက လက် နက်ကိုင် ပဋိပက္ခ၊ နယ်စပ်လုံခြုံရေးတွေနဲ့ ပတ်သက်ခြင်းကလည်း အဓိက အချက်တချက် အဖြစ်ပါဝင်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အိန္ဒိယအစိုးရနဲ့ မြန်မာစစ်အစိုးရတို့ရဲ့ ဆက်ဆံရေး အခြေအနေကို သတိကြီးကြီးနဲ့ စောင့်ကြည့်ဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ အခြေစိုက်တဲ့ AA လက်နက်ကိုင် အဖွဲ့အနေနဲ့ ကုလားတန်မြစ် စီမံကိန်းနဲ့ ပတ်သက်လို့သော်လည်းကောင်း၊ နယ်မြေအနေအထားအရ အရေးပါတဲ့ ပလက်ဝနယ်နဲ့ ထိစပ်နေတာက အိန္ဒိယနိုင်ငံဖြစ်တဲ့အချက်တွေကြောင့် အိန္ဒိယအစိုးရနဲ့ မြန်မာစစ်တပ်တို့ဘယ်လိုပူးပေါင်းလုပ်ဆောင်မှုမျိုးတွေ အထိ ဖြစ်ပေါ်လာနိုင်သလဲ ဆိုတာကို သတိကြီးစွာနဲ့ စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။
ခုရက်ပိုင်း အတွင်း အိန္ဒိယနိုင်ငံသား သတင်းထောက်တဦးက AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူး ဖေါ်ပြခဲ့ရာမှာ ကုလားတန် စီမံကိန်းနဲ့ ပတ်သက်လို့လည်း AA ခေါင်းဆောင်ဖြစ်သူက ပူးပေါင်းဆောင်ရွက်လိုတဲ့ သဘောထားကို ထုတ်ပြောထားတာတွေ့ရပါတယ်။
အိန္ဒိယ နိုင်ငံသား သတင်းထောက်ကို အင်တာဗျူး ဖြေကြားပေးခြင်းကို အကဲခတ်ကြည့်ရင် AA အနေနဲ့လည်း အိန္ဒိယ အစိုးရနဲ့ ဆက်ဆံလိုတဲ့ သဘောထား၊ အကောင်းမြင်တဲ့သဘောထားကို ပြသလိုတာ ထင်ရှားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မှာ ရှိတဲ့ နောက်လက်နက်ကိုင် အဖွဲ့တွေကတော့ ချင်းအမျိုးသား တပ်ဦး အပါအဝင် အခြားသော ချင်းမျိုးနွယ်စု ကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်ပါတယ်။ CNF အနေနဲ့တော့ မီဇိုရမ် ပြည်နယ်နဲ့ ရှည်ကြာတဲ့ ဆက်ဆံရေးရှိပြီးဖြစ်လို့ ထူးထူးခြားခြား ကြိုးပမ်းစရာ မလိုပေမယ့် စစ်ကိုင်းတိုင်း အထက်ဘက် မဏိပူရ်နဲ့ နယ်နိမိတ် ကပ်လျက် တည်ရှိတဲ့ တမူး၊ ကဘော်လွင်ပြင်ဒေသက PDF တပ်ဖွဲ့တွေ အနေနဲ့ မဏိပူရ်ပြည်နယ်က အစိုးရတပ်တွေနဲ့ ဆက်ဆံရေးကို သတိကြီးကြီးထားကာ လုပ်ဆောင်နေကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။ မကြာသေးတဲ့ လအနည်းငယ်က PDF ဆယ်ဦးဝန်းကျင် အိန္ဒိယ မဏိပူရ် စစ်တပ်ဘက်က သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တရပ်လည်း ရှိခဲ့တာ ဖြစ်ပါတယ်။
တမူး ကဘော်လွင်ပြင် အထက်ဘက်မှာတော့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက နာဂ လက်နက် ကိုင်အဖွဲ့တွေနဲ့ အိန္ဒိယ -မြန်မာ နယ်စပ်ဖြတ်ကျော် ပူးပေါင်းလုပ်ဆောင်မှုတွေ နဲ့ ပတ်သက်လို့ အိန္ဒိယဘက်က အစဥ်အမြဲ သတိနဲ့ စောင့်ကြည့်နေတာ တွေ့ရပါတယ်။ မကြာသေးတဲ့ သီတင်းပတ်က အဆိုပါဒေသမှာ အိန္ဒိယဘက်က နယ်စပ်ကို ကျော်ပြီး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့သေးတာပါ။
ဒီလို အနေအထားတွေကို ကြည့်ရင် မြန်မာ စစ်တပ်နဲ့ အိန္ဒိယ စစ်တပ်ခေါင်းဆောင်တွေအကြားက ဆက်ဆံရေးက မြန်မာအနောက်ခြမ်းက လက်နက်ကိုင် အဖွဲ့တွေအဖို့ စိတ်ဝင်စားစွာ စောင့်ကြည့် အကဲခတ်နေရမယ့် အနေအထားဖြစ်တာ ထင်ရှားပြီး လောလောဆယ် အနေအထားမှာ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှု များနေတဲ့ အာဏာသိမ်းစစ်တပ်အဖို့ အလယ်ပိုင်းကို ထိန်းသိမ်းနိုင်ပြီးနောက် အနောက်ဘက်ခြမ်းကို ပစ်မှတ်ထား စစ်ဆင်လာနိုင်တဲ့ အချက်ကိုလည်း မေ့ထားလို့ မရတာ အသေအချာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar