မြဝတီနယ်က ကျားဖြဲန့် ပြဿနာနဲ့ စစ်ကောင်စီ တာဝန်ရှိမှု
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၁၈ မြင်ကွင်း
မိုးမခ၊ ဇန်နဝါရီ ၁၉၊ ၂၀၂၅
မြဝတီနယ်က ကျားဖြဲန့် ပြဿနာနဲ့ စစ်ကောင်စီ တာဝန်ရှိမှု
မြဝတီမြို့နယ်ထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လူကုန်ကူးမှု၊ အဓမ္မစေခိုင်းမှုက တရားဥပဒေ မစိုးမိုးတဲ့ ဒေသတခုရဲ့ ပြဿနာအဖြစ်ကနေ ဒေသန္တရ ဆိုင်ရာ ပြဿနာတရပ်၊ နိုင်ငံတကာ အစိုးရတွေ ပူးပေါင်း ဖြေရှင်းရမယ့် ကိစ္စတရပ်ဖြစ်လာနေပါတယ်။
ကျားဖြဲန့် လို့ခေါ်ဆိုတဲ့ အွန်လိုင်း လောင်းကစားနဲ့ ငွေလိမ်လည်မှုပြဿနာဟာ ဒေသတွင်းနိုင်ငံတွေ၊ ဒိထက်ပိုမိုဝေးလံတဲ့ တောင်အမေရိကလို ဟိုဘက်ကမ္ဘာခြမ်းက နိုင်ငံသားတွေကိုပါ ဖျားယောင်းသိမ်းသွင်း ခေါ်ယူခံနေရတဲ့အထိ နိုင်ငံနယ်နိမိတ်ကို ကျော်ဖြတ်ပြီး ကျူးလွန်နေကြတဲ့ လူကုန်ကူးမှု၊ အဓမ္မစေခိုင်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု နဲ့ ငွေကြေးလိမ်လည်မှုတွေလို ပြစ်မှုတွေကို နိုင်ငံအသီးသီးက သူတွေအပေါ် ကျူးလွန်နေကြတဲ့ ရာဇဝတ်မှုလုပ်ငန်းကြီး ဖြစ်လာနေတာကြောင့် ၄င်းနိုင်ငံသားတွေ ပါဝင်ပတ်သက်နေသလို ကျူးလွန်ခံရမှုလည်း ရှိနေတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံအဖို့ အရေးယူနိုင်မယ့် နည်းလမ်းတွေ တတ်နိုင်သမျှ ရှာဖွေနေတဲ့ အခြေအနေရောက်လာပါတယ်။
မြဝတီမြို့နယ်ထဲက နယ်ခြားစောင့် လက်နက်ကိုင်တပ်နဲ့ အခြားသော ကရင်လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျားဖြဲန့်လုပ်ငန်းတွေ ဘယ်လို ကြီးထွားလာသလဲ၊ လောင်းကစားဝိုင်း လုပ်ငန်းကနေ ကျားဖြဲန့်ရာဇဝတ်မှုလုပ်ငန်းကို ဘယ်လို အသွင်ပြောင်းလာသလဲ ဆိုတာက အများလည်း ဖတ်ရှုသိရှိပြီးသလောက် သိရှိပြီးကြပြီ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီကတည်းက ၂၀၂၀ ခုနှစ်မှာ စတင်ဖြစ်ပွားတဲ့ ကိုဗစ်ကူးစက်ရောဂါ ကပ်ဘေးမတိုင်ခင်ကတည်းက မြဝတီမြို့အနီးက ရွှေကုက္ကိုဒေသမှာ ကာစီနိုလို လောင်းကစားလုပ်ငန်းတွေ ကြီးထွားလည်ပတ်နေပြီး ဖြစ်ပါတယ်။ အဲဒီကာလက မြန်မာအစိုးရစစ်တပ်ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ BGF အဖွဲ့က အခုလို စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ်ပေးပြီး ငွေကြေးအကျိုးအမြတ်ကြီးစွာရနေတဲ့ လုပ်ငန်း ဖြစ်ပါတယ်။
အဲဒီအချိန်က ရွေးကောက်ခံ အန်အယ်လ်ဒီအစိုးရ အနေနဲ့ ဒီအဖြစ်အပျက်တွေကို သိတန်သလောက် သိရှိကောင်း သိရှိမှာဖြစ်သော်လည်း စစ်တပ်ရဲ့ အမိန့်ပေး ကွပ်ကဲမှုအောက်မှာရှိနေခဲ့တဲ့ BGF အဖွဲ့က လုပ်ကိုင်တာဖြစ်လို့ လွတ်လပ်စွာ စီမံခန့်ခွဲနိုင်တဲ့ အနေအထားတော့ မဟုတ်ပါဘူး။ အဲဒီကာလက သတင်းမီဒီယာတချို့က ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်တဲ့ နန်းခင်ထွေးမြင့်ကို ရွှေကုက္ကို မြို့သစ်စီမံကိန်းအကြောင်းတွေနဲ့ ပတ်သက်လို့ ဖော်ပြခဲ့ဖူးပြီး ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ရွှေကုက္ကိုမြို့သစ်စီမံကိန်း နေရာကို သွားရောက်ကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုထားတာတွေနဲ့ ကွဲလွဲနေတာတွေကို ပြန်လည်ပြင်ဆင်ဖို့ အသိပေးခဲ့တယ် ဆိုတဲ့ သတင်းတွေ ဖော်ပြခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ပါဝင်တယ်ဆိုတဲ့ ရွှေကုက္ကိုမြို့သစ် စီမံကိန်းကို ကရင်ပြည်နယ် အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့ကပါ သတိထား ကိုင်တွယ်ခဲ့ကြပုံရပြီး အဆိုပါ ဒေသမှာ ထိန်းချုပ်ထားတဲ့ BGF အဖွဲ့ကလည်း စစ်တပ်ရဲ့ အမိန့်အောက်က အဖွဲ့အစည်းဖြစ်တာကြောင့် အဲဒီကာလက NLD အစိုးရ အနေနဲ့ ပြတ်ပြတ်သားသား အရေးမယူနိုင်ခဲ့တဲ့ အနေအထားလည်း ဖြစ်နိုင်ပါတယ်။
၂၀၁၂ ခုနှစ် နောက်ပိုင်းကနေ ၂၀၂၁ ကာလတွေအကြား မြဝတီမြို့နဲ့ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်တို့အကြား မော်တော်ယာဥ်ပြေးဆွဲတာတွေတောင် ရှိခဲ့တဲ့အထိ တရုတ်နိုင်ငံသားတွေ မြဝတီမြို့အနီးက ရွှေကုက္ကို နယ်မှာ အချေချ လုပ်ကိုင်နေခဲ့ကြတာ ဖြစ်ပါတယ်။ မြဝတီ-ဖားအံ၊ မြဝတီ-ရန်ကုန် ယာဥ်လိုင်းတွေသာ ရှိခဲ့ရာကနေ မြဝတီ-မန္တလေး၊ မြဝတီ-လားရှိုး နဲ့ မူဆယ်အထိ ယာဥ်လိုင်းတွေ ပြေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။
ကိုဗစ်ကပ်ဘေးက ဒီဒေသက လောင်းကစား လုပ်ငန်းကို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအဖြစ် အသွင်ပြောင်းပေးလိုက်သလို ဖြစ်ခဲ့ပြီး နိုင်ငံခြားသား လောင်းကစားလုပ်သူတွေ လာရောက်ခြင်း မရှိတဲ့ကာလမှာ ဒီလုပ်ငန်းတွေက ငွေလိမ်လုပ်ငန်းတွေ အဖြစ် အသွင်ပြောင်းပြီး ဆက်လက်ကြီးထွားလာကြတာ ဖြစ်ပါတယ်။ ငွေလိမ်လုပ်ငန်းအဖြစ် အသွင်ပြောင်းလာပြီးနောက်မှာ ငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်ပေးမယ့် အင်တာနက်ပေါ်ကနေ လူရှာတာ၊ ဆက်သွယ်ပြောဆိုတာတွေကို လုပ်ကိုင်ပေးရမယ့် အလုပ်သမားတွေကို ဖျားယောင်းခေါ်ဆောင်ပြီး စေခိုင်းတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာပါတော့တယ်။
အခုလို ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ထိုင်းနယ်စပ်မှာရှိတဲ့ နယ်မြေတွေကို အခြေစိုက်ကြတဲ့ အကြောင်းအချက်တွေလည်း ရှိနေရာမှာ လောင်းကစားဝိုင်းတွေ ဖွင့်လှစ်စဥ်က လာရောက်ကြတဲ့သူတွေက ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ ကရင်ပြည်နယ်ထဲ မြစ်ကို ၃ မိနစ်လောက် ကူးတို့နဲ့ ဖြတ်ကူးပြီး လာနိုင်ခြင်းကလည်း အဓိကအကြောင်း တချက်ဖြစ်သလို မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုမရှိဘဲ ဒီဒေသမှာ ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့နဲ့ ပြောဆိုပြီး လုပ်ဆောင်နိုင်တဲ့အချက်တွေက အဓိကကျတဲ့အကြောင်းအချက်တွေ ဖြစ်ပါလိမ့်မယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဘက်ခြမ်း ကရင်ပြည်နယ် မွန်ပြည်နယ်ရဲ့ ဒေသအချို့မှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေသည့်တိုင် ဒီကျားဖြဲန့်လုပ်ငန်း လုပ်ကိုင်နေကြတဲ့ ဧရိယာတွေက ဒီသက်ရောက်မှုကြီးကြီးမားမား ခံရခြင်း မရှိဘဲ ၄င်းတို့ ရဲ့ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေနိုင်ခဲ့ကြပါတယ်။
ကျားဖြဲန့်လုပ်ငန်းတွေက တရားဥပဒေ စိုးမိုးမှုအားအနည်းဆုံးဒေသတွေ၊ အစိုးရအဆင့်ထက် ဒေသတခုခုမှာ အာဏာကို အပြည့်အဝရှိတဲ့ လက်နက်ကိုင် အဖွဲ့လိုမျိုးတွေနဲ့ အပေးအယူလုပ်ပြီး လုပ်ကိုင်ရတာမျိုးတွေကို ပိုမိုလိုလားကြတာ ဖြစ်ပါတယ်။ မြို့ကြီးတွေမှာ တိတ်တဆိတ် လုပ်ကိုင်ကြတဲ့ ကျားဖြဲန့် လုပ်ငန်းတွေလည်း ရှိကြပေမယ့် အဓမ္မစေခိုင်းတဲ့ လုပ်သားတွေ ပါဝင်တဲ့ လုပ်ငန်းမျိုးကိုတော့ အခုလို လက်နက်ကိုင် ထိန်းချုပ်ဧရိယာတွေမှာ ရာဇဝတ်ဂိုဏ်းတွေက လုပ်သလို ခြံဝင်းထဲပိတ်လှောင်ထားပြီး အဆက်အသွယ်အားလုံး ဖြတ်တောက်ကာ ခိုင်းစေကြတာမျိုး ဖြစ်ပါတယ်။
အခု အားလုံး အာရုံစိုက်နေကြတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ထိုင်းနိုင်ငံနယ်စပ်နဲ့ ကပ်လျှက်ရှိရှိတဲ့ ရွှေကုက္ကိုနဲ့ KK Park တို့က ဘယ်သူတွေ တာဝန်ရှိသလဲ ဆိုတဲ့ မေးခွန်းမှာ မြေပြင်မှာ ထိန်းချုပ်ထားတဲ့ Karen National Army နာမည်ပြောင်းထားတဲ့ BGF လက်နက်ကိုင်အဖွဲ့ ၊ DKBA လက်နက်ကိုင် အဖွဲ့တွေက အထင်ရှားဆုံး ဖြစ်ပြီး BGF အဖွဲ့ကို ယမန်နှစ်ကအထိ အမိန့်ပေးကွပ်ကဲခဲ့တဲ့ စစ်ကောင်စီမှာလည်း တာဝန်ရှိနေတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။ BGF နဲ့ စစ်ကောင်စီတို့အကြားက ဆက်ဆံရေးက လုံးဝ ပြတ်တောက်သွားတဲ့ အနေအထားလား သို့မဟုတ် နောက်ကွယ်မှာ ဘုံအကျိုးစီးပွား ဖြစ်နေတဲ့ ကိစ္စရှိနေသလား ဆိုတာ ရှင်းရှင်းလင်း မသိရှိကြပါဘူး။
ခုရက်ပိုင်းအတွင်း သတင်းမီဒီယာတခုက စစ်ကောင်စီကို မေးမြန်းရာမှာ စစ်ကောင်စီ ပြောခွင့်ရသူကတော့ ဒီဒေသမှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်ပေါင်းစုံအနေနဲ့ ကျားဖြန့်လုပ်ငန်းကို ထိန်းချုပ်နိုင်ဖို့ ဘယ်သူ့မှာမှ ခိုင်မာတဲ့ ယန္တရားမရှိဘူးလို့ ပြောဆိုပါတယ်။ KNU ပြောခွင့်ရသူ ပဒိုစောတောနီး ကတော့ စစ်ကောင်စီမှာပဲ အဓိက တာဝန်ရှိတယ်လို့ ပြောဆိုပါတယ်။
အချုပ်ဆိုရရင်တော့ ကျားဖြဲန့်လုပ်ငန်းတွေ ဒီဒေသမှာ ကြီးထွားလာရခြင်းက ဒေသတခုကို လက်နက်နဲ့ စိုးမိုးအုပ်ချုပ်တဲ့ စစ်ဘုရင်လို့ ဆိုနိုင်တဲ့ အဖွဲ့တွေ များပြားခြင်း၊ လက်နက်ကိုင် ပဋိပက္ခ၊ နိုင်ငံရေးပြဿနာ၊ လာဘ်စားမှု စတဲ့ ပြဿနာတွေက မွေးထုတ်ပေးလိုက်တဲ့ အကျိုးဆက် တခုလို့ဆိုရင် မှားမယ် မထင်ပါဘူး။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar